နှစ်ရှည်ထောင်ဒဏ်ကျခံနေရတဲ့ ပဲခူးခရိုင်ဗကသဒုဥက္ကဌ ထောင်​ပြောင်းရွှေ့ချိန်မှာပစ်သတ်ခံရ

ဇူလိုင် ၊ ၈ 

ပဲခူးတိုင်း၊ ဒိုက်ဦးမြို့နယ်၊ ကျိုက်ဇကော အကျဉ်း ထောင် မှာ အကျဥ်းချခံထားရတဲ့  ပဲခူးခရိုင် ဗကသဒုဥက္ကဌ ကိုခန့်လင်းနိုင် ဟာ ပြီးခဲ့တဲ့ ဇွန်လ ၂၈ ရက်နေ့က ထောင်ပြောင်းရွှေ့ချိန် မှာပစ်သတ်ခံလိုက်ရတယ်လို့ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်ဆီကသိရပါတယ်။

သူ့ကို ကျိုက်ဇကောအကျဥ်းထောင်ကနေသာယာဝတီထောင်ကို ပြောင်းရွှေ့ချိန်လမ်းတဝက်မှာအချုပ်ကားတိမ်းမှောက်ရာကနေ ထွက်ပြေးမှာစိုးတဲ့အ တွက်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကသေနတ်နဲ့ပစ်ခတ်သတ်ဖြတ်လိုက်တာဖြစ်တယ်လို့ ဗကသအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်တဦးက DNA ကိုပြောပါတယ်။

“သာယာဝတီထောင်ကိုပြောင်းတော့လမ်းမှာအချုပ်ကားမှောက်တယ်၊အချုပ်ကားမှောက်တော့ပါလာတဲ့စစ်သားတွေကထွက်ပြေးမှာစိုးလို့ခြောက်ပစ်ပစ်ရင်းလက်လွန်သွားတယ်လို့သိရတယ်၊ခေါ်ထုတ်သွားတဲ့နေကစပြီးအပြင်နဲ့အဆက်အသွယ်ပြတ်နေတာ၊အဲ့ဒီ့နောက်မှာပဲကျသွားတယ်ဆိုတဲ့သတင်း ကြားရတာပဲ၊မိသားစုကတော့ခုထိအလောင်းလည်းမရသေးပါဘူး”လို့ သူကပြောပါတယ်။

ကိုခန့်လင်းနိုင်ရဲ့မိသားစုဝင်တွေကိုတော့ပြီးခဲ့တဲ့ရက်ပိုင်းကပဲ ကျိုက်စကော ထောင်အာဏာပိုင်တွေကသေဆုံးသွားပြီဆိုတဲ့အကြောင်းစာပို့အကြောင်း ကြားခဲ့တာဖြစ်တယ်လို့သိရပါတယ်။

ဒါ့အပြင် ကိုခန့်လင်းနိုင်အတူထောင်အပြောင်းအ ရွှေ့မှာပါဝင်သွားတဲ့နောက်ထပ်နိုင်ငံရေးအကျဥ်းသားသုံးဦးလည်းအခုချိန်အထိအဆက်အသွယ်မရပဲပျောက်ဆုံးနေသေးတယ်လို့ ဆိုပါတယ်။

ကိုခန့်နိုင်လင်းဟာ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၁၂ ရက်က စစ်ကောင်စီရဲ့ အကြမ်းဖက်ဖမ်းဆီးတာခံခဲ့ရတာဖြစ်ပြီး ပုဒ်မ ၅၀ (ည)၊ ၅၁ (ဂ) တို့နဲ့ထောင်ဒဏ် ၁၅ နှစ် ချမှတ်ခံထားရတာပါ။

ကိုခန့်လင်းနိုင်ဟာ ပဲခူးတိုင်း PDF တပ်ဖွဲ့ဝင်တဦးဖြစ်ပြီး ပဲခူးတိုင်းအတွင်း ဖောက်ခွဲတိုက်ခိုက်မှုတွေ ကျူးလွန် ခဲ့တယ်လို့ သူ့ကိုဖမ်းဆီးခဲ့ပြီးနောက်စစ်ကောင်စီက ထုတ်ပြန်ခဲ့ပါတယ်။

အာဏာသိမ်းကာလ နှစ်နှစ်ကျော်အတွင်း စစ်ကောင်စီရဲ့သတ်ဖြတ်မှုကြောင့်ကျဆုံးခဲ့ရသူ ကျောင်းသားကျောင်းသူဦးရေ စုစုပေါင်း ၇၁၅ ဦးရှိပြီး ၁၃၀ နီးပါး ထောင်ဒဏ်တွေချမှတ်ခံထားရတယ်လို့နိုင်ငံရေးအကျဥ်းသား များကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။

ဒါ့အပြင် အာဏာသိမ်းပြီးနောက် စစ်ကောင်စီလက် ချက် နဲ့ သေဆုံးသူလေးထောင်နီးပါးရှိပြီးအဲ့ဒီအထဲက တထောင်ကျော်ဟာ ဖမ်းဆီးခံထားရချိန်အတွင်း သေဆုံးခဲ့တာလို့ AAPP ရဲ့အချက်အလက်တွေအရ သိရပါတယ်။

ပုံစာ- စစ်ကောင်စီကဖမ်းဆီးခဲ့ပြီးနောက် ထုတ်ပြန်ခဲ့တဲ့ ကိုခန့်လင်းနိုင်မှတ်တမ်းဓာတ်ပုံ