ရာသီစကတည်းက ချဲလ်ဆီး ပုံစံကောင်း ရနေဖို့ လိုတယ်လို့ မန်နေဂျာသစ် ပိုချက်တီနိုပြော

ဇူလိုင် ၊ ၈

သူ့လက်ထဲမှာတော့ ချဲလ်ဆီးဟာ ပြိုင်ပွဲတွေမှာ ယှဉ်ပြိုင်တဲ့ ပထမဆုံး နေ့ကတည်းက သက်ရောက်မှု ကောင်းကောင်းနဲ့ ကစားပြဖို့ လိုလိမ့်မယ်လို့ မန်နေဂျာသစ် မော်ရစ်စီယို ပိုချက်တီနိုက ပြောကြားခဲ့ပါတယ်။

 ချဲလ်ဆီးရဲ့ လန်ဒန် မြို့ခံပြိုင်ဘက် တော့တင်ဟမ် ဟော့စပါးကို ကိုင်တွယ်ခဲ့ဖူးတဲ့ အသက် ၅၁ နှစ်အရွယ် မန်နေဂျာဟာ အခုအခါမှာတော့ စတမ်းဖို့ဒ်ဘရစ်ဂျ် ကွင်းကြီးဆီ ၂ နှစ်သက်တမ်း စာချုပ်နဲ့ ရောက်လာခဲ့ပါပြီ။ သူဟာ ပြီးခဲ့တဲ့ ရာသီက မန်နေဂျာ ၃ ဆက်ပြောင်းပြီး အကြီးအကျယ် ယိမ်းယိုင်ခဲ့သလို အမှတ်ပေးဇယား အဆင့် ၁၂ နေရာထိ စိုက်ဆင်းသွားတဲ့ ချဲလ်ဆီးကို လမ်းကြောင်းမှန်ပေါ် ပြန်ဆွဲတင်ဖို့ ကြိုးစားရမှာပါ။

 ချဲလ်ဆီး မန်နေဂျာဘဝ ပထမဆုံး သတင်းစာ ရှင်းလင်းပွဲကို စတမ်းဖို့ဒ်ဘရစ်ဂျ် ကွင်းကြီးမှာ ပြုလုပ်ခဲ့တဲ့ အချိန်မှာတော့ မော်ရစ်စီယိုက သူဟာ အသင်းသားတွေနဲ့ လေးနက်ပြီး ကောင်းမွန်တဲ့ ဆွေးနွေးမှုတွေ ရှိခဲ့ပြီးဖြစ်ကြောင်း၊ အသင်းသားတွေဟာ လူတော်တွေလို့ ယုံကြည်ပြီး ကောင်းမွန်တဲ့ ခံစားချက်မျိုးလည်း ရခဲ့ကြောင်း ပိုချက်တီနိုက ဆိုပါတယ်။

 သူ့ရဲ့ ရည်ရွယ်ချက်က နိုင်ဖို့ဖြစ်ကြောင်း၊ သူ့ရဲ့ ပစ်မှတ်က နိုင်ဖို့ဖြစ်ကြောင်း၊ ပြီးတော့ ကိုယ်ပိုင်ဟန်၊ အတွေးအမြင်၊ ယဉ်ကျေးမှုတွေကို ထင်ဟပ်စေတဲ့ ကစားပုံမျိုးကို အကောင်းဆုံး ပြသဖို့လည်းဖြစ်ကြောင်း၊ ချဲလ်ဆီးလို အသင်းမျိုးမှာ ဒါတွေကို လက်တွေ့ မလုပ်ပြနိုင်ရင် ရုန်းကန်ရမယ်ဆိုတာ နားလည်ထားကြောင်း ပြင်သစ်ထိပ်သီး ပီအက်စ်ဂျီကိုလည်း တာဝန်ယူခဲ့ဖူးတဲ့ ပိုချက်တီနိုက ဆက်ပြောပါတယ်။

 သူက ချဲလ်ဆီးဟာ ရာသီစပြီ ဆိုတာနဲ့ ထိရောက်တဲ့ ကစားပုံမျိုးကို ပြသရင် မှန်ကန်သင့်တော်တဲ့ ရလဒ်တွေကို ယူဆောင်နိုင်ဖို့ အရမ်းအရေးကြီးတယ်လို့လည်း မှတ်ချက် ပေးခဲ့ပါတယ်။ ဒါပေမဲ့ သူဟာ ဘာတွေ အခက်အခဲ ကြုံလာမလဲ၊ ဘာတွေ စိန်ခေါ်မှု ပြင်းထန်မလဲ ဆိုတာတွေထက် အသင်းကို ဟန်ချက်ညီအောင် ပြန်တည်ဆောက်ဖို့ကိုသာ ဦးစားပေးအဆင့် တွေးတောနေကြောင်းလည်း ပိုချက်တီနိုက ဆိုပါတယ်။

 အသင်းမှာ ဖောင်းပွလွန်းနေတဲ့ ကစားသမား အင်အားကို လျှော့ချပြီး လေ့ကျင့်ရေးကွင်းမှာ ကောင်းမွန်တဲ့ နားလည်မှုနဲ့ အရှိန်အဟုန်တွေကို တည်ဆောက်ဖို့ အရမ်းအရေးကြီးကြောင်း၊ သူဟာ ကစားသမားတွေကို လေလွင့် အချိန်ဖြုန်းနေတာမျိုး လုံးဝခွင့်ပြုမှာ မဟုတ်သလို ရာသီစကတည်းက အကောင်းဆုံး ပုံစံရဖို့ တရစပ် တွန်းအားပေးသွားမှာဖြစ်ကြောင်းလည်း ပိုချက်တီနိုက ပြောကြားသွားခဲ့ပါတယ်။