ဆေးရုံတက်ရတဲ့နောက် ICUထဲမှာပဲ ရှိနေသေးတဲ့ ဗန်ဒါဆား

ဇူလိုင် ၊ ၈

ရုတ်တရက် ကျန်းမာရေး ဆိုးဆိုးရွားရွား ဖောက်ပြန်လို့ ဆေးရုံတက်ခဲ့ရတဲ့နောက် မန်ချက်စတာ ယူနိုက်တက်နဲ့ အိုင်းယက်စ် အမ်စတာဒမ် ဂိုးသမားဟောင်းကြီး အက်ဒွင် ဗန်ဒါဆားဟာ အရေးပေါ် ကြပ်မတ်ကုသဆောင် (ICU)ထဲမှာ ရှိနေဆဲလို့ သိရပါတယ်။

 အသက် ၅၂ နှစ်အရွယ် နယ်သာလန် လက်ရွေးစင်ဟောင်းဟာ ခရိုအေးရှားကို အားလပ်ရက် အပန်းဖြေခရီး ရောက်ရှိနေချိန် အတောအတွင်း ဦးနှောက်သွေးယိုစီးမှု ရှားပါး ဝေဒနာတခု ခံစားခဲ့ရတာကြောင့် အရေးပေါ် ဆေးရုံတက်ခဲ့ရတာလို့ ဆိုပါတယ်။

 နယ်သာလန် ထိပ်တန်း ဘောလုံးကလပ် အိုင်းယက်စ်က ဇူလိုင် ၇ ရက်မှာ ခရိုအေးရှားက ဆေးရုံတခုဆီ အလျင်အမြန် ပို့ဆောင်ခဲ့တဲ့နောက် ဗန်ဒါဆားရဲ့ အခြေအနေက တည်ငြိမ်နေကြောင်း၊ အားလုံးက သူအမြန်ဆုံး သက်သာလာဖို့ ဆုတောင်းပေးနေကြောင်း ထုတ်ပြန်ပါတယ်။ ဒါပေမဲ့ လက်ရှိ အချိန်ထိ ဗန်ဒါဆားဟာ ICUထဲမှာပဲ ရှိနေသေးတယ်လို့ အိုင်းယက်စ်က အတည်ပြုသွားပါတယ်။

 ဗန်ဒါဆားဟာ တောက်ပတဲ့ အောင်မြင်မှုတွေ ပိုင်ဆိုင်ခဲ့တဲ့ ဘောလုံးသမား ဘဝကို စွန့်ခွာခဲ့တဲ့နောက် အိုင်းယက်စ်ရဲ့ အမှုဆောင်ချုပ်အဖြစ် တာဝန်ယူခဲ့ပါတယ်။ ဒါပေမဲ့ သူ့အသင်းဟာ နယ်သာလန် အမှတ်ပေး ပြိုင်ပွဲမှာ အဆင့် ၃ နဲ့သာ ရာသီသိမ်းခဲ့ပြီး ၂၀၀၉ ခုနှစ်နောက်ပိုင်း ဥရောပ ချန်ပီယံလိဂ် ပြိုင်ပွဲဝင်ခွင့်နဲ့ ပထမဆုံးအကြိမ် လွဲချော်ခဲ့တဲ့နောက် မေလမှာတော့ ဗန်ဒါဆားဟာ ရာထူးက နုတ်ထွက်ခဲ့ပါတယ်။

 နယ်သာလန် လက်ရွေးစင် အသင်းအတွက် ပွဲပေါင်း ၁၃၀ ကိုယ်စားပြုပေးခဲ့ဖူးတဲ့ ဗန်ဒါဆားဟာ ၂၀၁၁ မှာ ယူနိုက်တက် ထွက်ခွာပြီးတဲ့နောက် ပရော်ဖက်ရှင်နက် ကစားသမား ဘဝကို အဆုံးသတ်ခဲ့ပါတယ်။ သူဟာ ၂၀၁၂ ခုနှစ်မှာ အိုင်းက်စ်ရဲ့ ဘုတ်အဖွဲ့ဝင် ဖြစ်လာပြီး ၂၀၁၆ မှာ အမှုဆောင်ချုပ် တာဝန်ကို ရယူခဲ့တာပါ။

 သူ့ရဲ့ ကျန်းမာရေးနဲ့ ပတ်သက်တဲ့ စိုးရိမ်တကြီး ကြေညာချက်တွေကိုလည်း အသင်းဟောင်းတွေဖြစ်တဲ့ ယူနိုက်တက်၊ ဖူလ်ဟမ်၊ ဂျူဗင်းတပ်စ်တို့ကပါ အသီးသီး ထုတ်ပြန်ခဲ့ကြတာ တွေ့ရပါတယ်။