ဇူလိုင်၊ ၇
စစ်အာဏာရှင် လွှမ်းမိုးတဲ့ ဆယ်စုနှစ်တွေများစွာကို ရင်ဆိုင်ဖြတ်သန်းခဲ့ရတဲ့ မြန်မာ့နိုင်ငံရေးသမိုင်းမှာ ဒီမိုကရေစီအရေး၊ အာဏာရှင်ဆန့်ကျင်ရေး အထင်ကရ သမိုင်းနေ့ရက်တွေ အများအပြား ရှိနေပါတယ်။
လက်ရှိမှာလည်း စစ်အာဏာရှင်စနစ်ကို တွန်းလှန်ခုခံနေကြရတဲ့ နွေဦးတော်လှန်ရေး ကာလဖြစ်တာကြောင့် အဲ့ဒီလို သမိုင်းထဲက အာဏာရှင်ဆန့်ကျင်ရေး အထိမ်းအမှတ်တွေဟာ တော်လှန်ရေး အရှိန်အဟုန်ကို လှုပ်နှိုးတဲ့၊ အရှိန်ပြန်တင်ပေးတဲ့ နေ့တွေအဖြစ် ရှိနေပါတယ်။
ဒီလို အထိမ်းအမှတ်နေ့တွေတိုင်းမှာ နိုင်ငံတဝန်း အာဏာရှင်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုတွေကို ပိုမိုမြင်တွေ့ရ လေ့ရှိပါတယ်။
ဆဲဗင်းဂျူလိုင် နေ့ဟာ အဲ့ဒီလို ထင်ရှားတဲ့ အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှု အထိမ်းအမှတ်နေ့တွေထဲက တခုဖြစ်ပြီး ကျောင်းသားအရေးအခင်း တခုအဖြစ်လည်း ဆဲဗင်းဂျူလိုင်ကို သိကြပါတယ်။
လွန်ခဲ့တဲ့ နှစ်ပေါင်းခြောက်ဆယ်ကျော်အကြာ ၁၉၆၂ ခုနှစ်က အာဏာရှင် ဦးနေဝင်း အစိုးရက ထုတ်ပြန်သတ်မှတ်တဲ့ စည်းကမ်းချက်တွေကို ဆန့်ကျင်ကန့်ကွက်ဆန္ဒပြရာက တက္ကသိုလ်ကျောင်းသားတွေ ဖြိုခွဲသတ်ဖြတ်ခံခဲ့ရသလို သမိုင်းဝင် ကျောင်းသား သမဂ္ဂအဆောက်အအုံလည်း ဖြိုချခံခဲ့ရတဲ ဇူလိုင် ၇ ရက်ကို ဆဲဗင်းဇူလိုင်နေ့အဖြစ် သတ်မှတ်ခဲ့ကြတာပါ။
လွတ်လပ်ရေး ကြိုးပမ်းမှု ကာလကစလို့ မျက်မှောက်ခေတ်အထိ မြန်မာ့နိုင်ငံရေးဖြစ်စဉ်တွေကို ကြည့်လိုက်ရင် ကျောင်းသားလှုပ်ရှားမှုတွေနဲ့ လွတ်ကင်းခဲ့တာ မရှိသလောက်ပါပဲ။
နွေဦးတော်လှန်ရေး ကာလအတွင်းမှာလည်း သပိတ်တိုက်ပွဲတွေနဲ့ လက်ရှိ လက်နက်ကိုင်ခုခံ တော်လှန်ရေးတွေအထိ ကျောင်းသားလူငယ်တွေ အများအပြား ပါဝင်တိုက်ပွဲဝင်နေကြတာပါ။
အာဏာသိမ်းစစ်ကောင်စီကလည်း အရင် စစ်အာဏာရှင်တွေ အဆက်ဆက်ကလိုပဲ ကျောင်းသားတွေကို ပစ်မှတ်ထား ဖမ်းဆီးဖိနှိပ်မှုတွေ လုပ်နေပြီး အချက်အလက်တွေအရ အာဏာသိမ်းပြီးနောက် နှစ်နှစ်ကျော်အတွင်း ကျောင်းသားလူငယ် ၁၄၀ နီးပါးကို ထောင်ဒဏ်တွေ ချမှတ်ခံထားရသလို ကိုးဦးကတော့ သေဒဏ်ချမှတ်ခံထားကြရပါတယ်။
ဒီကနေ့မှာ ၆၁ နှစ်မြောက် ဆဲဗင်းဂျူလိုင်နေ့အဖြစ် နိုင်ငံတဝန်း စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေကို တော်လှန်ရေးအင်အားစုတွေက ကျေးလက်၊ မြို့ပြ နေရာအနှံ့မှာ လုပ်ဆောင်ခဲ့ကြပါတယ်။
ရန်ကုန်မြို့၊ တနင်္သာရီတိုင်း သရက်ချောင်းနဲ့ လောင်းလုံးမြို့နယ်၊ ကရင်နီဒေသ၊ မုံရွာ၊ ကျောင်းသားတပ်မတော် ABSDF အပါအဝင် လက်နက်ကိုင်တော်လှန်ရေး တပ်ဖွဲ့တချို့ ဆင်နွှဲခဲ့ကြတဲ့ ဆဲဗင်းဂျူလိုင်နေ့ လှုပ်ရှားမှု ပုံရိပ်တချို့ကို ဖော်ပြလိုက်ပါတယ်။
ဓာတ်ပုံ – သပိတ်ကော်မတီများ