Pepsi အချိုရည်စက်ရုံ အလုပ်ရှင်ကို တရားစွဲထားတဲ့အမှု ပထမဆုံးရုံးချိန်းမှာ စက်ရုံ CEO မလာလို့ အမှုမစစ်ဖြစ်

ဇူလိုင်၊ ၇
 
Pepsi အချိုရည်စက်ရုံ တာဝန်ရှိသူနှစ်ဦးကို အလုပ်သမားဘက်က တရားစွဲထားတဲ့အမှုအတွက် ပထမဆုံးအကြိမ် ရုံးချိန်ကို ဒီကနေ့ စတင်ရာမှာ စက်ရုံ CEO မလာခဲ့တာကြောင့် အမှုမစစ်ဖြစ်ဘဲ ရုံးချိန်းပြန်ပေးလိုက်တယ်လို့ သိရပါတယ်။
 
” CEO နဲ့ HR မန်နေဂျာကို တရားစွဲထားတာ၊ သူတို့ ရှေ့နေတွေနဲ့ HR မန်နေဂျာပဲ တရားရုံးရောက်လာတယ်၊ ဒါကြောင့် အမှုမစစ်ဖြစ်ဘူး၊ တရားသူကြီးက CEO မလာနိုင်ရင် သူ့ကိုယ်စား တရားရင်ဆိုင်မယ့်သူကို စာရွက်စာတမ်း နဲ့ တရားဝင်စေလွှတ်ဖို့ပြောပြီး ပြန်ချိန်းလိုက်တယ် ” လို့ အလုပ်သမားဘက်က ကူညီပေးနေတဲ့ သွေးစည်းညီညွတ်သောသမဂ္ဂများအဖွဲ့ချုပ် STUM တာဝန်ရှိသူတဦးက DNA ကို ပြောပါတယ်။
 
နောက်ထပ်တကြိမ် ရုံးချိန်းကိုတော့ လာမယ့် ဇူလိုင်လ ၂၆ ရက်နေ့ကို ချိန်းဆိုထားတယ်လို့လည်း သိရပါတယ်။ Pepsi အချိုရည်စက်ရုံ CEO နဲ့ HR မန်နေဂျာ တို့ကို အလုပ်ခန့်ထားမှုဆိုင်ရာသဘောတူစာချုပ် (EC) စာချုပ် ချိုးဖောက်ပြီး အလုပ်ထုတ်လို့ဆိုကာ အလုပ်ထုတ်ခံရတဲ့ လျှပ်စစ်မန်နေဂျာ ဦးသောင်းဟန်က တရားမ နစ်နာကြေး သိန်းတရာကျော် ရလိုမှုနဲ့ မှော်ဘီခရိုင်တရားရုံး မှာ ဇွန်လ ၁၆ ရက်က တရားစွဲဆိုခဲ့တာပါ။
 
Pepsi အချိုရည်စက်ရုံက လုပ်သက် နှစ်နှစ်ဆယ်ကျော်ရှိ ဦးသောင်းဟန်ကို စက်ရုံဘက်က ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် အောက်တိုဘာလမှာ အလုပ်ထုတ်ပယ်ခဲ့ပြီး ဥပဒေအရ ခံစားခွင့်ရှိတဲ့ နစ်နာကြေးကိုလည်း မပေးခဲ့ဘူးလို့ အလုပ်သမားဘက်က ဆိုပါတယ်။
 
အဲ့ဒီလို အလုပ်ထုတ်ပယ်ခဲ့ပြီးနောက်ပိုင်း နစ်နာကြေးအဖြစ် ခြောက်လစာ လုပ်ခလစာနဲ့ အလုပ်ထုတ်ရင် တလ ကြိုအကြောင်းကြားရတဲ့ နို့တစ်စာ (အလုပ်ထုတ်မယ့်အကြောင်း အသိပေးစာ)မပေးတဲ့အတွက် လျော်ကြေး လုပ်ခ တလစာ၊ စုစုပေါင်း လုပ်ခ ၇ လစာ ကျပ်သိန်း ငါးဆယ်ကျော် ရရှိဖို့ အလုပ်သမားဘက်က တောင်းဆိုခဲ့ပြီး နှစ်ဖက် ညှိနှိုင်းခဲ့တာတွေ ရှိပေမယ့် ပြေလည်မှု မရခဲ့ဘူးလို့လည်း သိရပါတယ်။
 
အဲဒါကြောင့် အလုပ်ထုတ်တဲ့ အချိန်ကနေ တရားစွဲတဲ့ အချိန်ထိ ကာလ နစ်နာကြေး သိန်းငါးဆယ်၊ လုပ်သက် ရှစ်နှစ် အတွက် နစ်နာကြေး သိန်းငါးဆယ်နဲ့ လေးသောင်း စုစုပေါင်း သိန်းတရာနဲ့ လေးသောင်း ရလိုမှုနဲ့ တရားစွဲခဲ့တာပါ။
 
ဒီကနေ့ ပထမဆုံးရုံးချိန်ကို စက်ရုံ CEO ဖြစ်သူ ရောက်မလာတာနဲ့ ပတ်သက်လို့ Pepsi ကုမ္ပဏီရဲ့ HR ဌာနကို DNA က တယ်လီဖုန်းနဲ့ သုံးကြိမ် ဆက်သွယ် ခေါ်ဆိုခဲ့ပေမယ့် ဖုန်းမကိုင်တာကြောင့် မေးမြန်းနိုင်ခြင်း မရှိပါဘူး။
 
အလုပ်ထုတ်ခံခဲ့ရတဲ့ ဦးသောင်းဟန်ဟာ လက်ရှိ Pepsi စက်ရုံကို ပိုင်ဆိုင်တဲ့ ကုမ္ပဏီနဲ့ လက်တွဲခဲ့တဲ့ လုပ်သက် ရှစ် နှစ်ကျော်သာ ရှိသေးပေမယ့် အရင်ပိုင်ရှင်အဟောင်းတွေ လက်ထက်ကတည်းက အဲဒီစက်ရုံမှာ လုပ်ကိုင်လာခဲ့တာကြောင့် စုစုပေါင်း လုပ်သက် ၂၂ နှစ်လောက် ရှိပြီလို့ သိရပါတယ်။
 
Pepsi အချိုရည်စက်ရုံကို အရင်က Myanmar Golden Beverage (MGS) ကုမ္ပဏီက ရင်းနှီးမြုပ်နှံခဲ့ပြီး ၂၀၁၄ ခု နှစ်မှာတော့ တောင်ကိုရီးယားနိုင်ငံ စားသောက်ကုန်လုပ်ငန်းစုဖြစ်တဲ့ Lotte Chilsung Beverage ကုမ္ပဏီနဲ့ ဖက်စပ်လုပ်ငန်းအဖြစ် ဆက်လက်လည်ပတ်နေတာ ဖြစ်ပါတယ်။
 
ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်ကလည်း စက်ရုံအလုပ်သမား အမျိုးသမီးတဦးက အလုပ်ခန့်စာချုပ် ချိုးဖောက်အလုပ်ထုတ်ခံရလို့ဆိုကာ ရွှေပြည်သာမြို့နယ်က Yangon Fukuyama Apparel ကုမ္ပဏီကို တရားစွဲဆိုခဲ့ပြီး အဲဒီအမှုမှာတော့ ခြောက်ကြိမ်မြောက် ရုံးချိန်းမှာ အလုပ်ရှင်၊ အလုပ်သမား နှစ်ဖက်ညှိနှိုင်းလို့ အဆင်ပြေသွားခဲ့ပါတယ်။
 
ဓာတ်ပုံ – CJ