ဗီယက်နမ်မှာ Blackpink ဖျော်ဖြေပွဲအတွက် စီစဉ်ပေးတဲ့ကုမ္ပဏီက မြေပုံမှားသုံးမိလို့ ပြန်တောင်းပန်ရ

ဇူလိုင်၊ ၇

ဗီယက်နမ်မှာ Blackpink အဖွဲ့ရဲ့ ဂီတဖျော်ဖြေပွဲ ကျင်းပဖို့ စီစဉ်ထားတဲ့ ကုမ္ပဏီဟာ အငြင်းပွားစရာ မြေပုံတခုကို ဝက်ဘ်ဆိုက်မှာ ဖော်ပြမိလို့ ပြန်တောင်းပန်ခဲ့ရပါတယ်။

ကမ္ဘာကျော် အမျိုးသမီး K-Pop ဂီတအဖွဲ့ဖြစ်တဲ့ Blackpinkဟာ အခုလထဲမှာ အရှေ့တောင်အာရှ ဒေသတွင်း နိုင်ငံကို သွားရောက်ပြီး ဖျော်ဖြေပွဲ နှစ်ခု ကျင်းပဖို့ စီစဉ်ထားပါတယ်။ အဲဒီပွဲတွေအတွက် တာဝန်ယူထားတဲ့ iME ကုမ္ပဏီက ဒေသတွင်း မြေပုံကို ဖော်ပြရာမှာ ဗီယက်နမ်အတွက် ဒေါသထွက်စေမယ့် အငြင်းပွားစရာ အခြေအနေမျိုး လုပ်ဆောင်မိခဲ့တာ ဖြစ်ပါတယ်။

ဝက်ဘ်ဆိုက်မှာ တင်ထားတဲ့ မြေပုံဟာ တရုတ်အစိုးရက တောင်တရုတ်ပင်လယ် ရေပိုင်နက် တခုလုံးနီးပါးကို သူတို့ရဲ့ ပိုင်နက်နယ်မြေအဖြစ် သတ်မှတ်ထားတဲ့ အာဘော်အတိုင်း ရေးဆွဲထားတာ ဖြစ်နေပါတယ်။ ဗီယက်နမ်ဟာ တရုတ်နဲ့ ရေပိုင်နက်ကိစ္စ တင်းတင်းမာမာ အငြင်းပွားနေတဲ့ နိုင်ငံဖြစ်တာကြောင့် ဒီအမှားအပေါ် ဝေဖန်မှုတွေ ပြင်းပြင်းထန်ထန် ထွက်ပေါ်လာပါတယ်။

iMEက အဲဒီကိစ္စဟာ ရည်ရွယ်ချက် မပါတဲ့ အမှားတခုသာဖြစ်ကြောင်း၊ ကုမ္ပဏီဟာ နိုင်ငံတိုင်းရဲ့ အချုပ်အခြာ အာဏာ ပိုင်ဆိုင်မှုနဲ့ ယဉ်ကျေးမှု ဓလေ့ထုံးစံတွေကို လေးစား တန်ဖိုးထားပါကြောင်း ပြန်လည် ဖြေရှင်း တောင်းပန်ခဲ့ရပါတယ်။

ဗီယက်နမ် နိုင်ငံခြားရေး ဝန်ကြီးဌာနက ဒီအမှားမျိုးဟာ လက်မခံနိုင်စရာ ကိစ္စလို့ ဝေဖန်ထားပြီး ယဉ်ကျေးမှု ဝန်ကြီးဌာနကတော့ နောက်ဆက်တွဲ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်သွားမယ်လို့ ပြောပါတယ်။

ဗီယက်နမ် အာဏာပိုင်တွေဟာ ရေပိုင်နက် အငြင်းအခုံ ကိစ္စနဲ့ ပတ်သက်ရင် ထိလွယ်ရှလွယ် တုံ့ပြန်လေ့ရှိပြီး လောလောလတ်လတ် အနေနဲ့ အဲဒီလိုမျိုး အငြင်းပွားစရာ မြေပုံ ပါဝင်နေတာကြောင့် Barbie ရုပ်ရှင် အသစ်ကို ပြည်တွင်းမှာ ပြသခွင့် ပိတ်ပင်ထားလိုက်ပါတယ်။

တရုတ်ဟာ ရေပိုင်နက် ကိစ္စနဲ့ ပတ်သက်ရင် ဗီယက်နမ်တင် မကဘဲ ဖိလစ်ပိုင်၊ ဘရူနိုင်းတို့ အပါအဝင် ဒေသတွင်း နိုင်ငံတချို့နဲ့ပါ အငြင်းပွားမှုတွေ ဖြစ်ပေါ်နေပါတယ်။

 

Ref: BBC