ဇူလိုင်၊ ၇
မြန်မာ့နိုင်ငံရေးသမိုင်းမှာ အထင်ကရ ဖြစ်ရပ်တစ်ခုဖြစ်တဲ့ ဆဲဗင်း ဂျူလိုင် အရေးတော်ပုံဟာ (၆၁) နှစ် ပြည့်မြောက်ပါတော့မယ်။ ယနေ့အထိ ဖြတ်သန်းခဲ့သမျှ ခေတ်စနစ်တိုင်းမှာလည်း ဆဲဗင်း ဂျူလိုင် အရေးတော်ပုံ အခမ်းအနားကို ကျောင်းသားမျိုးဆက် အသီးသီးက ရသမျှ နည်းနာတွေနဲ့ ဖော်ဆောင်ခဲ့ကြပါတယ်။ ယနေ့ နွေဦးတော်လှန်ရေး ကာလအတွင်းမှာလည်း ရသမျှ နည်းနာတွေနဲ့အတူ ဆဲဗင်း ဂျူလိုင်အရေးတော်ပုံ အခမ်းအနားတွေကို ဆင်နွှဲလျက်ရှိကြတာကို တွေ့ရပါတယ်။
ဒီလို ဆဲဗင်း ဂျူလိုင် အရေးတော်ပုံ အကြောင်းပြောကြတိုင်း၊ ဆဲဗင်း ဂျူလိုင် အရေးတော်ပုံ အခမ်းအနားတွေ ကျင်းပတိုင်း၊ နောက်ဆုံး အခုလို တော်လှန်ရေးကာလမှာ ဆဲဗင်း ဂျူလိုင် အရေးတော်ပုံကို အောက်မေ့တဲ့ လူထုသပိတ်တွေရဲ့ ကြွေးကြော်သံတိုင်းမှာလိုလိုမှာ ” ဆဲဗင်း ဂျူလိုင် စိတ်ဓာတ်ဖြင့် ချီတက်ကြ “၊ ” ဆဲဗင်း ဂျူလိုင် စိတ်ဓာတ်ကို ဆက်လက် စွဲကိုင် တိုက်ပွဲဝင်ကြ “၊ ” ဆဲဗင်း ဂျူလိုင် စိတ်ဓာတ် အဓွန့်ရှည်တည်တံ့ပါစေ ” စတဲ့ စကားတွေ၊ စာသားတွေကို ကြားဖူးကြ၊ တွေ့ဖူးကြမှာပါ။ ဒါဆိုရင် အဲ့ဒီ စကားတွေ၊ စာသားတွေထဲက ” ဆဲဗင်း ဂျူလိုင် စိတ်ဓာတ် ” ဆိုတာ ဘယ်လို စိတ်ဓာတ်မျိုးကို ခေါ်တာ ဖြစ်ပါသလဲ။ အဲဒီစိတ်ဓာတ်ကရော ဘယ်လိုမျိုး အဓိပ္ပာယ်ဆောင်ပါသလဲ။ ဒီဆောင်းပါးမှာတော့ ဒီမေးခွန်းတွေကို ဆဲဗင်း ဂျူလိုင် သမိုင်းဆိုင်ရာ အချက်အလက်တွေနဲ့ ဖော်ထုတ်ပြီး တင်ပြသွားပါမယ်။
စစ်အာဏာရှင် ဆန့်ကျင်ရေး စိတ်ဓာတ်
ဆဲဗင်း ဂျူလိုင် အရေးတော်ပုံရဲ့ နောက်ခံအခြေအနေကို ကြည့်မယ်ဆိုရင် ၁၉၆၂ ခုနှစ်၊ မတ်လ (၂)ရက်၊ ဗိုလ်နေဝင်း စစ်တပ် အာဏာသိမ်းပြီးတဲ့အခါ စစ်အာဏာရှင်စနစ်ကို ပထမဆုံး ဆန့်ကျင် ကန့်ကွက် ခဲ့တာ ကျောင်းသားတွေပဲ ဖြစ်ခဲ့ပါတယ်။ အာဏာသိမ်းပြီးပြီးချင်း မတ်လ (၄) ရက်မှာ တကသ၊ ရကသနဲ့ ဗကသတို့က ပူးတွဲပြီး ကြေညာချက် တစ်စောင် ထုတ်ပြန်ကာ စစ်တပ်က အာဏာသိမ်းခြင်းကို ကန့်ကွက်ခဲ့ကြပါတယ်။ ဒီလို ဆန့်ကျင်ကန့်ကွက်ခဲ့တာကြောင့် ဗိုလ်နေဝင်းက ကျောင်းသားသမဂ္ဂတွေ အပေါ် အာဃာတထားခဲ့ပါတယ်။ အာဃာတရဲ့ နောက်ဆက်တွဲအနေနဲ့ ဗိုလ်နေဝင်းက တက္ကသိုလ် အက်ဥပဒေတွေကို ဖျက်သိမ်းတာ၊ သူ့နောက်လိုက် အလိုတော်ရိတွေနဲ့ပဲ တက္ကသိုလ်ကောင်စီတွေကို ပြန်လည်ဖွဲ့စည်းတာ၊ မတရား ချုပ်ချယ်တဲ့ စည်းကမ်းတွေ ထုတ်ပြန်တာ စတဲ့ နှိပ်ကွပ်မှု ပေါင်းစုံကို ကျင့်သုံးပြီး ကျောင်းသားသမဂ္ဂတွေနဲ့ ကျောင်းသားထုအပေါ် ဖိနှိပ်ခဲ့ပါတယ်။
ဒီလို ဖိနှိပ်မှုပေါင်းစုံကို ဂျူလိုင်လ (၇) ရက်မှာ ပြင်ဆင်ဖို့အတွက် ကျောင်းသားသမဂ္ဂတွေဟာ ကျောင်းသားထုရဲ့ ဆန္ဒနဲ့ အညီ တက္ကသိုလ် ပရဝုဏ်ထဲမှာ ငြိမ်းချမ်းစွာ ဆန္ဒပြတောင်းဆိုခဲ့ပါတယ်။ ဒီလို တက္ကသိုလ် ပရဝုဏ်ထဲမှာ ငြိမ်းချမ်းစွာ ဆန္ဒပြတောင်းဆိုမှုကိုပဲ ဗိုလ်နေဝင်းရဲ့ စစ်တပ်က အသစ်စက်စက် G-3၊ G-4 ကာဘိုင်သေနတ်တွေ သုံးပြီး အကြမ်းဖက် ဖြိုခွဲခဲ့ပါတယ်။ ဒီလို အကြမ်းဖက်မှုကြောင့် တက္ကသိုလ်ရင်ပြင်မှာ ကျောင်းသား ဦးရေ ရာကျော် သေကြေခဲ့ကြရပါတယ်။ ဒါ့အပြင် ဂျူလိုင်လ (၈) ရက်မှာလည်း သမိုင်းဝင်သမဂ္ဂအဆောက်အအုံကို ဒိုင်းနမိုက်နဲ့ ဖြိုခွဲခဲ့ပါတယ်။ ဒါကြောင့်ပဲ ဆဲဗင်း ဂျူလိုင် အရေးတော်ပုံ ဖြစ်ပွားရခြင်းရဲ့ လက်သည်တရားခံဟာ စစ်အာဏာရှင်လို့ ဆိုကြတာဖြစ်ပါတယ်။
တစ်ဖက်မှာလည်း ဆဲဗင်း ဂျူလိုင် အရေးတော်ပုံဟာ စစ်တပ်ရဲ့ စစ်အာဏာသိမ်းခြင်းကို ပထမဆုံးဆန့်ကျင်ခဲ့တဲ့ ကျောင်းသားလှုပ်ရှားမှုတစ်ရပ် ဖြစ်သလို စစ်အုပ်စုရဲ့ မင်းသားမျက်နှာဖုံးကို ခွာချပြလိုက်တဲ့ အရေးတော်ပုံလည်း ဖြစ်ပါတယ်။ ဒါကြောင့် ဆဲဗင်း ဂျူလိုင် စိတ်ဓာတ် ဆိုရင် “စစ်အာဏာရှင် ဆန့်ကျင်ရေး စိတ်ဓာတ်”လို့ သိရမှာ ဖြစ်ပါတယ်။
ဒီမိုကရေစီကို ချစ်မြတ်နိုးတဲ့ စိတ်ဓာတ်
အထက်မှာ ဖော်ပြခဲ့တဲ့အတိုင်း ကျောင်းသားသမဂ္ဂနဲ့ ကျောင်းသားတွေဟာ ဗိုလ်နေဝင်း စစ်တပ်ရဲ့ စစ်အာဏာသိမ်းခြင်းကို ပထမဆုံး ဆန့်ကျင်ခဲ့တဲ့ အင်အားစုတွေပဲ ဖြစ်ပါတယ်။ အာဏာသိမ်းပြီး ရက်ပိုင်း မှာပဲ ချက်ချင်း ပြတ်ပြတ်သားသား ဆန့်ကျင်ခဲ့တာလည်း ဖြစ်ပါတယ်။ အဲ့ဒီအချိန်တုန်းက ဗိုလ်နေဝင်းရဲ့ စစ်အာဏာသိမ်းမှုကို ဖဆပလ၊ ပမညတ စတဲ့ နိုင်ငံရေးပါတီကြီးတွေက စောင့်ကြည့်ဖို့ ဆုံးဖြတ်ထားပြီး တုံဏှိဘာဝေနေကြတဲ့ အချိန်မှာ ကျောင်းသားတွေက ပြတ်ပြတ်သားသား ကန့်ကွက်ခဲ့ကြတာ ဖြစ်ပါ တယ်။ ဒါ့အပြင် နိုင်ငံရေးသမားအချို့နဲ့ စာရေးဆရာ အချို့ကလည်း စစ်အာဏာသိမ်းမှုကို မသိကျိုးကျွံ နှုတ်ဆိတ်နေကြသလို တချို့ကဆို ထောက်ခံလို့ကို နေခဲ့ပါသေးတယ်။
နောက်ပိုင်းမှာ နေဝင်းရဲ့ အာဏာသိမ်း စစ်အုပ်စုက နိုင်ငံအပေါ် အဖက်ဖက်က အနိုင်ကျင့်၊ ဗိုလ်ကျ၊ ယုတ်မာတာတွေကို ခံစားရတာ များလာလို့ အာဏာသိမ်း စစ်အုပ်စုကို ဆန့်ကျင် တော်လှန်လာသူ တွေလည်း ရှိခဲ့ပါတယ်။ ဒီလို ဆန့်ကျင် တော်လှန်လာတဲ့သူတွေနဲ့ ကျောင်းသား သမဂ္ဂတွေရဲ့ ပထမဆုံး ဆန့်ကျင်ခဲ့မှုနဲ့က မတူပါဘူး။ ရှေ့ဖြစ်ခြင်း၊ နောက်ကျခြင်းဆိုတဲ့ အချိန်မတူညီမှုကို ဆိုလိုတာ မဟုတ်ပါဘူး။ ကျောင်းသားသမဂ္ဂတွေရဲ့ ခေတ်အဆက်ဆက်က မူတွေထဲမှာ ဒီမိုကရေစီရေးဆိုတာကို မူတစ်ရပ် အနေနဲ့ ထည့်သွင်းထားပြီး စစ်အာဏာသိမ်းခြင်းဆိုတာ ပြည်သူက တင်မြှောက်ထားတဲ့ အစိုးရကို လက်နက်အားကိုးနဲ့ အနိုင်ကျင့်ခြင်း၊ ပြည်သူကို စော်ကားခြင်းဆိုတဲ့ အနက်သဘောနဲ့ ဘယ်လို စစ်အာဏာသိမ်းမှုမျိုးမဆို နိုင်ငံနဲ့ လူထုကို ဆိုးရွား နိမ့်ကျစေမှာပဲဆိုတဲ့ အကျိုးဆက်ကို မြော်မြင် သိရှိပြီး ဆန့်ကျင်ခဲ့တဲ့ ထူးခြားမှုကို ဆိုလိုတာပါ။ ဒါကြောင့် ဆဲဗင်း ဂျူလိုင် စိတ်ဓာတ်ဆိုရင် “ဒီမိုကရေစီကို ချစ်မြတ်နိုးတဲ့ စိတ်ဓာတ်”လို့လည်း သိစေချင်ပါတယ်။
ညီညွတ်တဲ့ စိတ်ဓာတ်
ဗိုလ်နေဝင်း အာဏာသိမ်းပြီးပြီးချင်း မတ်လ(၄)ရက်မှာ စစ်အာဏာသိမ်းမှုကိုဆန့်ကျင်ကြောင်း ထုတ်ပြန် ခဲ့တဲ့ ကြေညာချက်က တကသ၊ ရကသနဲ့ ဗကသတို့က ပူးတွဲပြီး ညီညီညွတ်ညွတ်နဲ့ ထုတ်ပြန်ခဲ့တာ ဖြစ်ပါ တယ်။ တစ်ခါ ဂျူလိုင်လဆန်းက စတင်ပြီး ကျောင်းသားထု အစည်းအဝေးတွေ ကျင်းပခဲ့ပြန်ပါတယ်။ အဲ့ဒီအစည်းအဝေးတွေမှာ ဖိနှိပ်ချုပ်ချယ်ပြီး မတရားတဲ့ ကျောင်းဆောင် စည်းကမ်းတွေကို ကန့်ကွက် ကြောင်း တညီတညွတ်တည်း ဆုံးဖြတ်ခဲ့ကြပါတယ်။ နောက်ထပ် ဂျူလိုင်လ (၃) ရက်မှာတော့ ရန်ကုန်ခရိုင်ကျောင်းသားသမဂ္ဂက ကြီးမှူးပြီး သမဂ္ဂခန်းမမှာ ကျောင်းသားထုအစည်းအဝေး ကျင်းပခဲ့ ပြန်ပါတယ်။ အဲ့ဒီအစည်းအဝေးမှာလည်း ကမောက်ကမ ပညာရေးစနစ်ဖျက်သိမ်းပေးရေးနဲ့ မတရား အဆောင်စည်းကမ်းတွေ ရုပ်သိမ်းပေးရေးတို့ကို ညီညီညွတ်ညွတ် တောင်းဆို ဆန္ဒပြခဲ့ကြပါတယ်။
ဂျူလိုင်လ (၆) ရက် ရွှေဘိုဆောင်အစည်းအဝေး အပြီးမှာတော့ ကြွေးကြော်သံတွေ အော်ဟစ်ပြီး အဆောင်အပြင်ထွက်ကာ လှည့်လည်ဆန္ဒပြခဲ့ကြရာကနေ ဆန္ဒပြ ကျောင်းသားထုကြီးဟာ တဖြည်းဖြည်း ကြီးမားလာခဲ့ပါတယ်။ ဂျူလိုင်လ (၇) ရက်၊ နေ့လယ် (၁) နာရီ၊ သမဂ္ဂအဆောက်အဦ အစည်းအဝေးခန်းမ က ကျောင်းသားထု အစည်းအဝေးမှာ ဖိနှိပ်ချုပ်ချယ်တဲ့ ကျောင်းဆောင် စည်းကမ်းတွေကို ကန့်ကွက် ကြောင်းနဲ့ တက္ကသိုလ်အက်ဥပဒေတွေကို ကန့်ကွက်ကြောင်း တခဲနက် ဆုံးဖြတ်ခဲ့ကြပါတယ်။ အဲ့ဒီအစည်းအဝေးအပြီးမှာတော့ ကျောင်းသားထုဟာ သမဂ္ဂအဆောက်အဦ ရှေ့က စတင်ကာ ကျောင်းဝန်းထဲ လှည့်လည်ကြွေးကြော်ဆန္ဒပြခဲ့ကြပါတယ်။
အဲ့ဒီနောက် တက္ကသိုလ်ထဲ ပရဝုဏ်ထဲအထိ ရဲတွေက ဝင်ရောက်ပြီး ကျောင်းသား ခေါင်းဆောင်တွေကို ဖမ်းဆီးလိုက်ပါတယ်။ တစ်ဆက်တည်းမှာပဲ ဒိုင်းကိုယ်စီ ကိုင်ထားတဲ့ ရဲတွေက ကျောင်းသားတွေကို နံပါတ်တုတ်နဲ့ ရိုက်သူက ရိုက်ကာ မျက်ရည်ယိုဗုံးတွေနဲ့ စတင် ပစ်ခတ်ဖြိုခွင်းခဲ့ပါတယ်။ ကျောင်းသားတွေ ဟာ သွေးသံတရဲရဲဖြစ်လာပေမယ့် ကျောင်းသားထုဟာ တစတစ များပြားလာခဲ့တာကြောင့် တက္ကသိုလ်ဝင်းထဲကနေ ရဲတွေ ပြန်လည် ထွက်ခွာသွားခဲ့ရပါသေးတယ်။ ဒီဖြစ်စဉ်တွေကို ကြည့်မယ်ဆို ရင် တစ်ဦးကောင်း၊ တစ်ဖွဲ့ကောင်းနဲ့ ဆောင်ရွက်ခဲ့တာမျိုး မဟုတ်ဘဲ ကျောင်းသားထု အစည်းအဝေးတွေ ခေါ်ယူ၊ ကျောင်းသားထုရဲ့ ဆန္ဒနဲ့ အညီ ကျောင်းသား သမဂ္ဂတွေနဲ့ ကျောင်းသားထုဟာ ညီညီညွတ်ညွတ် တိုက်ပွဲဝင်ခဲ့ကြတယ်ဆိုတဲ့ သာဓကတွေပါပဲ။ ဒါကြောင့် ဆဲဗင်း ဂျူလိုင် စိတ်ဓာတ် ဆိုရင် “ညီညွတ်တဲ့ စိတ်ဓာတ်”လို့လည်း မှတ်ယူစေချင်ပါတယ်။
မပြိုလဲတဲ့ မဆုတ်မနစ် စိတ်ဓာတ်
အငြိုးအာဃာတ အင်မတန် ကြီးမားတဲ့ ဗိုလ်နေဝင်းဟာ အာဏာသိမ်းပြီးတဲ့နောက် ကျောင်းသား သမဂ္ဂတွေနဲ့ ကျောင်းသားထု အပေါ် နည်းမျိုးစုံနဲ့ နှိပ်ကွက်ခဲ့ပါတယ်။ တက္ကသိုလ် အက်ဥပဒေတွေဖျက်၊ တက္ကသိုလ်ကောင်စီကို သူ့စိတ်ကြိုက်ဖွဲ့၊ သူ့စကားနားမထောင်တဲ့ ပညာရှင် တက္ကသိုလ်ဆရာတွေကို ရာထူးဖြုတ် စတဲ့ လုပ်ရပ်တွေနဲ့ ပညာရေး လွတ်လပ်ခွင့်ကို နင်းခြေခဲ့ပါတယ်။ မတရား ကျောင်းဆောင် စည်းကမ်းတွေ ထုတ်ပြီး ကျောင်းသားထုကို စစ်ဖိနပ်အောက် သွင်းဖို့ ကြိုးစားခဲ့ပါတယ်။ နောက်ဆုံး ကျောင်းသားခေါင်းဆောင်တွေကို ဖမ်းဆီး၊ ကျောင်းသားထုကို သတ်ဖြတ်ရုံ သာမက သမဂ္ဂ အဆောက် အအုံပါ ဖျက်ဆီး ဖြိချခဲ့တာပါ။
အဲ့ဒီလို နည်းမျိုးစုံနဲ့ နင်းခြေ ဖြိုဖျက်ခဲ့ပေမယ့် ကျောင်းသားသမဂ္ဂတွေဟာ ပျောက်ကွယ် ပြိုလဲ မသွားခဲ့ပါဘူး။ ၁၉၆၃ ခုနှစ်၊ ဂျူလိုင်လ ကျောင်းတွေ ပြန်ဖွင့်တဲ့ အချိန်ရောက်တဲ့အခါ သမဂ္ဂအဆောက် အဦ နေရာမှာ ယာယီသမဂ္ဂတဲကို တည်ဆောက်ခဲ့ကြပါတယ်။ သမဂ္ဂခြံဝန်းထဲက ဗိုလ်အောင်ကျော် ကျောက်တိုင်အနီးမှာလည်း ဆဲဗင်းဂျူလိုင်မှာ ကျဆုံးခဲ့တဲ့ ကျောင်းသားပေါင်းရာကျော်ကို ရည်စူးပြီး ရာကျော်ကျောက်တိုင် စိုက်ထူခဲ့ကြပါတယ်။ ရာကျော်ကျောက်တိုင် ဖွင့်ပွဲမှာ ဆရာကြီး သခင်ကိုယ်တော်မှိုင်းက “သမဂ္ဂအဆောက်အဦကိုသာ ဖြိုလို့ရမယ်၊ အမောင်တို့ရင်ထဲက သမဂ္ဂစိတ်ဓာတ် ကို တော့ ဘယ်သူမှဖြိုလို့ မရပါဘူး” လို့ မိန့်ကြားခဲ့ပါတယ်။ ဒါကြောင့် ဆဲဗင်း ဂျူလိုင် စိတ်ဓာတ်ဆိုရင် “မပြိုလဲတဲ့ မဆုတ်မနစ် စိတ်ဓာတ်”လို့လည်း နှလုံးသွင်းစေချင်ပါတယ်။
ပြည်သူနဲ့ နိုင်ငံအကျိုးအတွက် အမြဲ ရပ်တည်တဲ့ စိတ်ဓာတ်
ကျောင်းသားတွေဟာ မိဘပြည်သူတွေရဲ့ ရင်သွေးတွေသာ ဖြစ်ပါတယ်။ ဒါပေမဲ့ မိဘပြည်သူတွေရဲ့ ရင်သွေးတွေဆိုပြီး နို့သက်ခံ ခေါင်းရှောင်တဲ့ အချောင် စိတ်ဓာတ်မျိုး ဆဲဗင်း ဂျူလိုင် အရေးတော်ပုံ ကျောင်းသားကြီးတွေမှာ မရှိခဲ့ကြပါဘူး။ စစ်အာဏာသိမ်းမှုဟာ ပြည်သူနဲ့ နိုင်ငံကို အတိ ဒုက္ခရောက်စေမယ်ဆိုတာကို မျှော်တွေးပြီး စစ်အာဏာရှင်တွေကို ပထမဆုံး ဆန့်ကျင်ခဲ့ကြပါတယ်။ ဒီလို စစ်အာဏာရှင်ကို ဆန့်ကျင် တော်လှန်လို့ ကျောင်းသားတွေကို ဖမ်းဆီး၊ မောင်းပြန်ရိုင်ဖယ် အသစ်တွေနဲ့ ပစ်ခတ်၊ သမဂ္ဂ အဆောက်အအုံကို ဖြိုခွဲခဲ့ပေမယ့် ကျောင်းသားသမဂ္ဂနဲ့ ကျောင်းသားထုဟာ ပြည်သူနဲ့ နိုင်ငံအကျိုးအတွက် ဆက်လက် ရုန်းကန်ခဲ့ပါသေးတယ်။
ကျောင်းသားတွေဟာ “ဆဲဗင်း ဂျူလိုင် အရေးတော်ပုံ”အပြီး (၅) လပြည့်မှာ အဓိပတိလမ်း ဂိတ်တံခါးကို ပိတ်ကာ ဗိုလ်အောင်ကျော် ရုပ်ပုံ ချိတ်ဆွဲပြီး ဆန္ဒပြခဲ့ကြပါတယ်။ (၆) လပြည့်မှာလည်း ဗိုလ်အောင်ကျော် ကျောက်တိုင်ဘေးမှာ “ကျောင်းသားရာကျော်ကို စတေး၍ ရပ်တည်ခဲ့ရသည်။ အရေးတော်ပုံ ကျောက်တိုင် ကမ္ဘာတည်သရွေ့ တည်စေသော်” လို့ ရေးထိုးပြီး ရာကျော် ကျောက်တိုင်ကို စက်မှုတက္ကသိုလ်ကျောင်းသားတွေက ညတွင်းချင်းအပြီး စိုက်ထူခဲ့ကြပါတယ်။ နောက်ဆုံး ဆဲဗင်း ဂျူလိုင် အရေးတော်ပုံမှာ အဖမ်းဆီးခံခဲ့ရတဲ့ ကျောင်းသားတွေ လွတ်မြောက်လာကြတဲ့အခါ ရင်ပြင်နီမှာ စုစည်းပြီး စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးတိုက်ပွဲကို အဆုံးတိုင် တိုက်ပွဲဝင်သွားမယ်လို့ သစ္စာအဓိဋ္ဌာန် ပြုခဲ့ကြပါတယ်။ ဒီသက်သေ သာဓကတွေ အရ ကျောင်းသား သမဂ္ဂတွေနဲ့ ကျောင်းသားထုဟာ ပြည်သူနဲ့ နိုင်ငံအကျိုးအတွက် ဆက်တိုက် ချီတက်ခဲ့ကကတာ ပေါ်လွင်လှပါတယ်။ ဒါကြောင့် ဆဲဗင်း ဂျူလိုင် စိတ်ဓာတ်ဆိုရင် “ပြည်သူနဲ့ နိုင်ငံအကျိုးအတွက် အမြဲ ရပ်တည်တဲ့ စိတ်ဓာတ်”လို့လည်း နားလည်စေ ချင်ပါတယ်။
အစဉ်အမြဲ လက်ဆင့်ကမ်းကြရန်လို
အနှစ်ချုပ်အနေနဲ့ ပြောရရင် ဆဲဗင်း ဂျူလိုင် စိတ်ဓာတ်ဆိုတာ စစ်အာဏာရှင် ဆန့်ကျင်ရေး စိတ်ဓာတ်၊ ဒီမိုကရေစီကို ချစ်မြတ်နိုးတဲ့ စိတ်ဓာတ်၊ ညီညွတ်တဲ့ စိတ်ဓာတ်၊ မပြိုလဲတဲ့ မဆုတ်မနစ် စိတ်ဓာတ်၊ ပြည်သူနဲ့ နိုင်ငံအကျိုးအတွက် အမြဲ ရပ်တည်တဲ့ စိတ်ဓာတ် စတဲ့ ထူးခြားပြီး ပြောင်မြောက်လှတဲ့ ဂုဏ်ပေါင်းစုံ တိုက်ပွဲဝင် စိတ်ဓာတ်ပဲ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ဆဲဗင်း ဂျူလိုင် အရေးတော်ပုံမှာ မြောင်းမြမြို့သား ကျောင်းသား ကိုကျော်ဝင်းက သူ့ကိုယ်က ထွက်တဲ့သွေးနဲ့ မန္တလေးဆောင်နံရံမှာ “၇.၇.၆၂ မမေ့ကြနဲ့” လို့ ရေးသွားခဲ့တယ်လို့ ယုံကြည်ပါတယ်။
၁၉၆၂ ကျောင်းသား မျိုးဆက်ကနေ အဆက်ဆက်သော ကျောင်းသား မျိုးဆက်တွေဟာ ယနေ့အချိန်ထိ ဆဲဗင်း ဂျူလိုင် စိတ်ဓာတ်ကို လက်ဆက့်ကမ်းပြီး ရှင်သန်အောင် ကြိုးစားခဲ့ကြပါတယ်။ ဒါကြောင့်လည်း နွေဦးတော်လှန်ရေး စစချင်းမှာ မင်းအောင်လှိုင် စစ်တပ်ရဲ့ လုပ်ရပ်ကို ပထမဆုံး ဆန့်ကျင် ကန့်ကွက် ကြောင်း ထုတ်ပြန်နိုင်ခဲ့ကြတာ ဖြစ်ပါတယ်။ လက်ရှိအချိန်ထိလည်း သမဂ္ဂကျောင်းသားတွေဟာ တော်လှန်ရေးရဲ့ ကဏ္ဍအသီးသီးမှာ ကျရာ တာဝန်ကို ထမ်းလို့ တိုက်ပွဲဝင်နေကြတာလည်း ဂုဏ်ယူဖွယ် တွေ့နေရပါတယ်။
တော်လှန်ရေးကာလထဲမှာလည်း ဆဲဗင်း ဂျူလိုင် အရေးတော်ပုံ အခမ်းအနားတွေကို အခက်အခဲတွေကြားကနေ ရအောင် ကြိုးစား ကျင်းပနေကြပါတယ်။ နောက်လည်း ဆက်ပြီး ကျင်းပ နေကြရပါဦးမယ်။ ဆက်လက်ပြီး လက်ရှိ တော်လှန်ရေးကာလထဲမှာရော၊ အနာဂတ် နိုင်ငံတော်သစ်မှာပါ “ဆဲဗင်း ဂျူလိုင် စိတ်ဓာတ်”ကို ရှင်သန်အားကောင်းဖို့အတွက် တာဝန်တစ်ရပ်အဖြစ် နှလုံးသွင်းလို့ အစဉ်အမြဲ လက်ဆင့်ကမ်းကြရန်လည်း အထူး လိုအပ်လှပါတယ်။
ချစ်ဝင်းမောင်
*****
(ချစ်ဝင်းမောင်သည် မကွေးနည်းပညာတက္ကသိုလ်ကျောင်းသားများသမဂ္ဂ၏ ဥက္ကဋ္ဌဟောင်းတစ်ဦး ဖြစ်သည်။)