မန္တလေးမှာ ညပိုင်းသွားလာသူတွေကို ဖမ်းဆီးငွေညှစ်တာတွေ ဖြစ်ပေါ်နေ

ဇူလိုင်၊ ၇
 
မန္တလေးမြို့ရဲ့ မြို့အစွန်းလမ်းပိုင်းတွေနဲ့ မြို့အပြင် လမ်းပိုင်းတချို့မှာ ညအချိန် သွားလာနေသူတွေကို စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့တွေက ဖမ်းဆီးငွေညှစ်တာတွေ လုပ်ဆောင်နေတယ်လို့ ကိုယ်တိုင်ကြုံတွေ့ခဲ့ကြသူတွေထံက သိရပါတယ်။
 
“ ကျနော့်အကိုက စျေးဝယ်ပြီး ပြန်လာတဲ့အချိန် ဖမ်းခံရတယ်။ အချိန်က အရမ်းမိုးမချုပ်သေးဘူးဗျ။ ၈ နာရီလောက်ပဲ ရှိသေးတယ်။ အဲဒါ့ကို စခန်းခေါ်ပြီး မင်းတို့ ညမထွက်ရဘူးဆိုတာ မသိဘူးလား။ ငါ့တို့ အရေးယူလို့ရတယ်ဆိုတာ နားလည်လား ဘာညာပြောပြီး ခြိမ်းခြောက်တာပေါ့။ အရေးယူမခံချင်ရင် ကိုယ်လူကို ပြန်ရွေးသွားဆိုပြီး ပိုက်ဆံတောင်းတယ်။ ပြဿနာတက်မှာ ကြောက်တော့ တောင်းတဲ့ပိုက်ဆံ တသိန်း ပေးခဲ့ရတယ် “ လို့ ချမ်းမြသာစည်မြို့နယ်က ကိုယ်တိုင်ကြုံတွေ့ခဲ့တဲ့ ဖြစ်စဉ်နှင့်ပတ်သက်ပြီး မြို့ခံတစ်ဦးက ပြောပါတယ်။
 
ဒါ့အပြင် အရပ်ဝတ်တွေနဲ့ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်တွေက ညဖက်သွားလာသူတွေကို ဖမ်းဆီးပြီး ရဲစခန်းခေါ်ကာ ငွေကြေးတောင်းခံနေတာလို့လည်း မန္တလေးမြို့က ဒေသခံ တွေ ဆိုကြပါတယ်။
 
မန္တလေးမြို့ အရှေ့ဖက်အခြမ်းရှိ လမ်းမပိုင်းတချို့နဲ့ ပြင်ဦးလွင်-မန္တလေးသွား ကားလမ်းမတွေမှာ စစ်ကောင်စီလက်အောက်ခံ ရဲတွေက ညဖက်အချိန်တွေမှာ အခုလို ဖမ်းဆီးတာတွေ လုပ်နေသလို ဖမ်းဆီးခံရသူတွေဆီက ငွေကျပ် တစ်သိန်းကနေ သုံးသိန်းအထိ တောင်းခံတတ်တယ်လို့ သိရပါတယ်။
 
လက်ရှိမန္တလေးမြို့ပေါ်ရှိ ရပ်ကွက်တချို့မှာ အထွေထွေအုပ်ချုပ်ရေးဝန်ထမ်းတွေက ညပိုင်း ၁၂ နာရီကနေ မနက် ၄ နာရီအတွင်း အပြင်မထွက်ရန်နဲ့ ဖမ်းဆီးခံရပါက အရေးယူခံရနိုင်တယ်လို့ လိုက်လံအော်ဟစ်တာတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
 
“ ကျနော်ဖြစ်တုန်းကကျတော့ ဆိုင်ကယ်နဲ့ လူနှစ်ယောက်က ကပ်လာပြီး ဘယ်သူလဲ ဘယ်ကပြန်လာလဲ ဆိုပြီး ဖမ်းတာပါ။ သူတို့က အရပ်ဝတ်တွေနဲ့ သေနတ်တွေတော့ ပါတယ်။ စခန်းတော့ မရောက်လိုက်ဘူး။ လမ်းမှာပဲ ပေါ်တင်ငွေတောင်းတယ်။ အစတုန်းက သုံးသိန်းတောင်းတယ် အဲလောက်တော့ မပါဘူးပေါ့ တသိန်းလောက်ပဲ ပါတယ်ပြောတော့ အဲဒါ့ယူသွားတယ်။ နောက်တခါဆို မရဘူး အရေးယူမယ်လည်း ပြောသွားတယ် “ လို့ ချမ်းအေးသာစံမြို့က ဒေသခံတဦးက ပြောပါတယ်။
 
စစ်ကောင်စီကို ထောက်ခံတဲ့ တယ်လီဂရမ်ချန်နယ်တွေမှာလည်း Night Out ထွက်ပြီး ပြန်လာသူတွေကို ငွေညှစ်တောင်းယူတာတွေ ရှိနေတဲ့အတွက် လက်မခံနိုင်လို့ နောက်နောင်ထပ်လုပ်လာလျှင် နယ်မြေအပိုင်ရဲစခန်းနာမည်နဲ့တကွ ထုတ်ဖော်ပြောဆိုသွားမယ်ဖြစ်တယ်လို့ ဆိုကြပါတယ်။
 
ဓာတ်ပုံ – CJ