ဇူလိုင်၊ ၆
စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ ငွေတွင်းကျေးရွာကို ဇူလိုင်လ ၅ရက် မနေ့က မနက်က ပြည်သူ့ကာကွယ်ရေးတပ် PDF တွေက ဝင်တိုက်ရာမှာ နှစ်ဘက်တိုက်ပွဲအတွင်း ဒေသခံ ၁၅ ဦး သေဆုံးကာ ခုနှစ်ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံတွေထံမှ သိရပါတယ်။
“ ဝင်တိုက်တဲ့ အချိန်ကလည်း ပြည်သူတွေ အလန့်တကြား ပြေးကုန်တာ ရှိတယ်၊ အပြန်အလှန် ပစ်ခတ်မှု ဖြစ်ကြရင်းနဲ့ ကြားထဲက ပြည်သူတွေကတော့ ထိသွားကြတယ်ပေါ့၊ ဝင်တိုက်တာ အပြန်အလှန်ပစ်ကြတာပေါ့၊ အရပ်သား အဲမှာ ၁၄ ဦးသေတယ်၊ ဒဏ်ရာရတာက ဘုန်းကြီးသုံးပါးနဲ့ အရပ်သားလေးဦးပါ၊ အဲဒီထဲက အရပ်သားတဦး ဆေးရုံရောက်မှ သေသွားတာပါ ” လို့ အဲဒီဖြစ်စဉ်ကိုသိတဲ့ ဒေသခံတဦးက DNA ကို ပြောပါတယ်။
အရာတော်မြို့နယ် ငွေတွင်းကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ ပျူစောထီးအဖွဲ့တွေကို ဇူလိုင်လ ၅ ရက်၊ မနက် ၂ နာရီခန့်မှာ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
နှစ်ဖက်ပစ်ခတ်မှု လေးနာရီနီးပါး ဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီဘက်က သံချပ်ကားတစီးနဲ့ စစ်ကူတွေ ရောက်ရှိလာတာကြောင့် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေဘက်က ပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့ ဆိုပါတယ်။
“ ရွာထဲမှာ ကင်းနှစ်ခုရှိတယ်၊ လက်နက်ကြီးနဲ့ ပစ်တာမဟုတ်ဘူး၊ ဝင်တိုက်တာ နံနက်ခင်း ၂ နာရီကနေ မနက် ၆ နာရီလောက်မှ ပြီးတာ တိုက်ပွဲက၊ သူပစ်ကိုယ်ပစ် ဖြစ်နေတဲ့အချိန်ပဲပေါ့နော် သံချပ်ကားတစီး ရောက်လာတော့ ပြန်ဆုတ်လိုက်ရတယ် ” လို့ အဲဒီ ဒေသခံက ပြောပါတယ်။
ငွေတွင်းကျေးရွာတိုက်ပွဲမှာ ထိခိုက်သေဆုံးသွားတဲ့သူတွေဟာ အရပ်သားတချို့လည်း ပါဝင်သလို စစ်တပ်ထောက်ခံသူတချို့လည်း ပါဝင်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။ အဆိုပါဒေသခံအရပ်သား ထိခိုက်သေဆုံးမှုနဲ့ပတ်သက်ပြီး DNA အနေနဲ့ သီးခြားအတည်မပြုပေးနိုင်သေးပါဘူး။
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့လက်လုပ်စိန်ပြောင်းတွေနဲ့ ပစ်ခတ်မှုကြောင့် ငွေတွင်းကျေးရွာမှ ဒေသခံ အရပ်သား ၁၅ ဦးသေဆုံးကာ သံဃာတော် သုံးပါးအပါအဝင် အရပ်သား ခုနှစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး သေဆုံးသူတွေထဲမှာ အသက် ဆယ်နှစ် ကျော်ကနေ အသက် ငါးဆယ် ကျော်အရွယ် အမျိုးသား၊ အမျိုးသမီးတွေ ဖြစ်ကြတယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ထားပါတယ်။
အဲဒီပစ်ခတ်မှုနဲ့ ဒေသခံ ထိခိုက်သေဆုံးမှု အခြေအနေကို သိရှိနိုင်ဖို့ DNA က အရာတော်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ Facebook စာမျက်နှာကနေတဆင့် ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေကြားခဲ့ခြင်း မရှိပါဘူး။
ငွေတွင်းရွာဟာ စစ်တပ်ထောက်ခံတဲ့ ရွာဖြစ်တာကြောင့် ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး အရပ်သား သေဆုံးထိခိုက်မှု အနည်းအကျဉ်း ရှိနိုင်တယ်လို့ အမည်မဖော်လိုတဲ့ အရာတော်မြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ပြန်ကြားရေးတာဝန်ခံရဲ့ ပြောကြားချက်ကို ကိုးကားပြီး RFA မြန်မာပိုင်းက ရေးသားထားပါတယ်။
ဒီလိုမျိုး ပစ်ခတ်တိုက်ခိုက်မှု မပြုလုပ်ခင်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ငွေတွင်းကျေးရွာနေ ဒေသခံတွေကို ရွာကနေ ဘေးလွတ်ရာကို ရှောင်ထားကြဖို့ သတိပေးပြောဆိုမှုတွေ ရှိခဲ့သလို တချို့ရွာခံတွေကို ဘေးလွတ်ရာကို ရွေ့ပြောင်းပေးခဲ့တာ ရှိတယ်လို့ အရာတော်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ နီးစပ်သူတဦးက ပြောပါတယ်။
“ ဒီလိုမျိုးမဖြစ်ခင်မှာ PDF တွေဘက်က အရင်တုန်းက စစ်ကြောင်းမဝင်ခင်ကတည်းက သတိပေးထားတာ ရှိတယ်၊ တချို့ကျတော့ ပြောင်းရွေ့သွားတာ ရှိတယ်၊ အများစုကတော့ မပြောင်းဖြစ်ကြဘူးပေါ့နော်။ တိုက်ပွဲအခြေအနေကတော့ ကျွန်တော်တို့ ပြောလို့ အဆင်မပြေဘူးပေါ့နော် ” လို့ ပြောပါတယ်။
ငွေတွင်းကျေးရွာဟာဆိုရင် စစ်တပ်ထောက်ခံတဲ့ ကျေးရွာတစ်ခုဖြစ်ပြီး စစ်ကောင်စီစစ်ကြောင်း ဝင်လာတိုင်းမှာ ရွာသားတွေခေါ်ယူပြီး ကင်းစောင့်ခိုင်းတာတွေ လုပ်ဆောင်လေ့ရှိတယ်လို့လည်း ဒေသခံတဦးက ပြောပါတယ်။
“ အဲဒီရွာက ပျူစောထီးတွေ များတယ်၊ ပြည်သူ့စစ်လည်း ရှိတယ်၊ အဖွဲ့စုံ တပ်စွဲထားတယ် ပေါ့နော်၊ သူတို့ စစ်ကြောင်းဝင်လာတိုင်း အဲလိုလုပ်တယ်။ အခုက အဲမှာ သူတို့က ရွာသားတွေကို ခေါ်ပြီးတော့ ကင်းတွေ စောင့်ခိုင်းထားတယ်။ ရွာဘုန်းကြီး ကျောင်းဘက်မှာရော စောင့်ခိုင်းထားတယ်၊ ဒီလို ပစ်ခံရတော့ ရွာသားတွေ ထိတာလို့ ထင်တယ် ” လို့ ပြောပါတယ်။
လက်ရှိ စစ်ကောင်စီတပ်ဖွဲ့တွေက ငွေတွင်းကျေးရွာမှာ တပ်စွဲထားဆဲဖြစ်ပြီး အဲဒီကျေးရွာဘေးနားမှာ နေထိုင်ကြတဲ့ ဒေသခံတွေက ယခင်ကတည်းက ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ လည်း ဒေသခံတွေက ဆိုပါတယ်။
ဓာတ်ပုံ – Google