သမ္မတနဲ့ အတိုင်ပင်ခံတို့ရဲ့ အဂတိ စွပ်စွဲချက်အယူခံမှုတွေ ရက်ပိုင်းအတွင်း နှစ်ဖက်ကြားနာမယ်

ဇူလိုင်၊ ၆
 
စစ်အုပ်စုက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့် တို့အ ပေါ် စွဲဆိုထောင်ချထားတဲ့ အဂတိအမှု ငါးခုနဲ့ပတ်သက်ပြီး အယူခံလက်ခံထားတဲ့အတွက် ဒီလ ၁၂ ရက်နေ့မှာ နှစ်ဖက်ကြားနာသွားဖို့ ရှိတယ်လို့ ပြည်ထောင်စု တရားလွှတ်တော်ချုပ်ရဲ့ အမှုခေါ် စာရင်းတွေအရ သိရပါတယ်။
 
သူတို့နှစ်ဦးရဲ့ အဂတိအမှုတွေနဲ့ ပတ်သက်တဲ့ ရာဇဝတ်အယူခံမှု ငါး ခုကို ပြည်ထောင်စုတရားလွှတ်တော်မှာ နှစ်ဖက်လျှောက်လဲချက်ပေးဖို့ ရှိနေတာပါ။
 
“ အဲဒီအမှုတွေကကျတော့ ချမှတ်ထားတဲ့ အမိန့်တွေအပေါ် မကျေနပ်လို့ အယူခံတက်ထားတာကို လက်ခံထားလို့ နှစ်ဖက် အပြန်အလှန် ပြောကြရမှာပေါ့၊ ရဟတ်ယာဉ် ဝယ်ယူတာတို့ ငှါးရမ်းတာတို့ကို အဂတိတွေနဲ့ စွဲဆိုထားတဲ့ အမှုတွေပါ “ လို့ နေပြည်တော်ရှိ တရားရေးနဲ့ နီးစပ်သူတဦးက ပြောပါတယ်။
 
NLD အစိုးရလက်ထက်က သဘာဝဘေးအန္တရာယ် ကာကွယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ဖို့ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ရန်ပုံငွေနဲ့ အီတလီနိုင်ငံထုတ် ရဟတ်ယာဉ်တစ်စီး ငှါးရမ်းတာ၊ ဝယ်ယူခဲ့တာတွေ လုပ်ခဲ့ပါတယ်။
 
အဲဒီလို လုပ်ဆောင်မှုတွေဟာ ဘဏ္ဍာရေးစည်းမျဉ်းတွေကို လိုက်နာဖို့ ပျက်ကွက်ခဲ့တယ်ဆိုကာ နိုင်ငံ့ဘဏ္ဍာငွေကြေးကို ထိခိုက်နစ်နာ ဆုံးရှုံးစေခဲ့တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ စစ်အုပ်စုက သူတို့နှစ်ဦးကို အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေတွေနဲ့ အာဏသိမ်းပြီးနောက် တရားစွဲဆိုခဲ့တာပါ။
 
အဲဒီအမှု ငါးမှုအတွက် စစ်အုပ်စုလက်အောက်ခံ တရားရုံးက ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဒီဇင်ဘာ လ ၃၀ ရက်မှာ စုစုပေါင်း ထောင်ဒဏ် ၇ နှစ်စီ ချမှတ်ခဲ့လို့ အမိန့်တွေကို ပြန်လည်ပြင်ဆင်ပေးဖို့ အယူခံတက်ရောက်ခဲ့ကြတာပါ။
 
မနေ့ကလည်း ဒေါ်အောင်ဆန်းစုကြည်ကို အစိုးရလျှို့ဝှက်ချက်အက်ဥပဒေနဲ့ ထောင်ချထားတဲ့ အမှုတခု၊ သမ္မတဦးဝင်းမြင့်ကို ရွေးကောက်ပွဲမလျော်ဩဇာသုံးမှုနဲ့ ထောင်ချထားတဲ့ အမှုတမှုတို့အတွက် နှစ်ဖက်ကြားနာခဲ့သေးတယ်လို့ သိရပါတယ်။
 
သမ္မတဦးဝင်းမြင့်ကို အရင်ဝန်ကြီးဟောင်း ဦးမင်းသူနဲ့ ပူးတွဲစွဲဆိုပြီး ထောင်ဒဏ် သုံးနှစ် ချမှတ်ထားတဲ့ ရာဇာသတ်ကြီးပုဒ်မ ၁၃၀ (က)(ရွေးကောက်ပွဲဆိုင်ရာ မလျော်ဩဇာသုံးမှု) အတွက် ပြင်ဆင်မှုတွေ တက်ခဲ့တာပါ။
 
အလားတူပဲ ဒေါ်အောင်ဆန်းစုကြည်ကတော့ မစ္စတာရှောင်တာနယ်လ်ရဲ့ ကွန်ပျူတာအတွင်း ရှာဖွေတွေ့ရှိခဲ့တဲ့ အချက်အလက်တွေနဲ့ ပက်သက်ပြီး နိုင်ငံတော်လျှို့ဝှက်ချက်ဥပဒေ ၃ (၁) (ဂ) က နဲ့ စစ်ကောင်စီက တရားစွဲဆိုထောင်သုံးနှစ်ချထားတဲ့ အမှုအတွက် အယူခံတက်ခဲ့တာပါ။
 
အဲဒီပြင်ဆင်မှုတွေရဲ့ အမိန့်ကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်က အချိန် နှစ်ပတ်ကနေ တလ အတွင်း ချမှတ်နိုင်တယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။
 
ဒါ့အပြင် ဒီလ ၁၈ ရက်နေ့မှာလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့်ကို သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုတွေနဲ့ ပြစ်ဒဏ်ချခဲ့တဲ့ အမှုတွေအပါအဝင် အထူးအယူခံမှု ခြောက်မှုအတွက် နှစ်ဖက်ကြားနာဖို့ ရှိတယ်လို့သိရပါတယ်။
 
ဓာတ်ပုံ – Google