အာဏာသိမ်းပြီးနောက် စစ်ကောင်စီလက်ချက်နဲ့သေဆုံးတဲ့ ချင်းလူမျိုး ၄၇၀ နီးပါးအထိရှိလာ

ဇူလိုင် ၊ ၆

စစ်အာဏာသိမ်းပြီးနောက် အခုနှစ် ဇွန်လအထိ စစ်ကောင်စီလက်ချက်နဲ့ သေဆုံးတဲ့ ချင်းလူမျိုး ၄၇၀ နီးပါးအထိ ရှိလာပြီး အခုနှစ်အတွင်းမှာ ချင်းအမျိုးသားတွေသေဆုံးမှုစံချိန်တင်မြင့်တက်လာတယ်လို့ ချင်းရေးရာအဖွဲ့ချုပ် (ICA)ရဲ့ အစီရင်ခံစာတရပ်မှာဖော်ပြထားပါတယ်။

 စစ်အာဏာသိမ်းမှုစတင်တဲ့  ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်ကနေ ပြီးခဲ့တဲ့ဇွန်လ အထိ စစ်ကောင်စီရဲ့သတ်ဖြတ်မှုတွေ ကြောင့် ချင်းလူမျိုး (၄၆၈) ဦး သေဆုံးခဲ့တယ်လို့ ချင်းရေးရာအဖွဲ့ချုပ်က အတည်ပြု ကောက်ယူထားတဲ့ စာရင်း တွေကဆိုပါတယ်။

 “အာဏာသိမ်းခါစ ဆန္ဒပြမှုတွေပြင်းထန်နေတဲ့အချိန် ချင်းရော၊ဗမာရောရှိတဲ့ ကျွန်တော်တို့မြို့မှာ ချင်းလူမျိုးတွေ လည်း သေဆုံးမှုများပါတယ်၊ခုနောက်ပိုင်းတာဟန်းဘက်မှာ ပစ်ခတ်မှုတွေမကြာခဏဖြစ်ပွားရာမှာလည်း ချင်းလူ မျိုးတွေထိခိုက်သေဆုံးတာရှိပါတယ်”လို့ချင်းတိုင်းရင်းသားအများအပြားနေထိုင်ကြတဲ့ ချင်းပြည်နယ်နဲ့ စစ်ကိုင်း တိုင်းအစပ်က ကလေးမြို့ခံတဦးကပြောပါတယ်။

 အာဏာသိမ်းမှုဖြစ်ပြီးနောက် ပထမ ၁၁ တာကာလဖြစ်တဲ့ ၂၀၂၁ခုနှစ်အတွင်း ချင်းလူမျိုး (၁၆၄)ဦး၊ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်အတွင်း ၁၉၅ဦးနဲ့ အခုနှစ်ခြောက်လအတွင်း ၁၀၉ ဦးအထိ စစ်ကောင်စီလက်ချက်နဲ့ သေဆုံးခဲ့တယ်လို့ ချင်း ရေးရာအဖွဲ့ချုပ်ကပြောပါတယ်။

 ဒီအချက်အလက်တွေအရ အခုနှစ် ခြောက်လအတွင်း သေဆုံးအရေအတွက်ဟာ အာဏာသိမ်းပြီးနောက် နှစ်နှစ်နဲ့ လေးလတာကာလအတွင်းသေဆုံးခဲ့တဲ့ချင်းတိုင်းရင်းသားစုစုပေါင်းအရေအတွက်ရဲ့ လေးပုံတပုံဝန်းကျင်လောက် အထိရှိနေတာဖြစ်ပါတယ်။

 အခုနှစ်ခြောက်လအတွင်း သေဆုံးသူတွေထဲမှာ အရပ်သား ငါးဆယ်ဦးပါဝင်ပြီး အဲ့ဒီအရပ်သားတွေထဲက ၁၆ဦးဟာ အမျိုးသမီးတွေဖြစ်တယ်လို့ သိရပါတယ်။ကျန်တဲ့ ၅၉ ဦးကတော့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဖြစ်ပြီး ရဲမေတဦး ပါဝင်တယ်လို့ ICA ရဲ့စာရင်းတွေမှာဖော်ပြထားပါတယ်။

 အာဏာသိမ်းစစ်ကောင်စီကို ခုခံတော်လှန်မှုအားကောင်းတဲ့ ဒေသတွေထဲမှာ ချင်းပြည်နယ်ဟာလည်း တော်လှန် စစ် အားကောင်းတဲ့ ဒေသတခုအဖြစ် ပါဝင်နေပြီး နှစ်ဘက်တိုက်ပွဲတွေအပြင် စစ်ကောင်စီက လေကြောင်း၊ လက် နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်တွေလည်း ဆက်တိုက်ရှိနေပါတယ်။

 မြေပြင်အခြေအနေတွေအရတော့ ဒီစာရင်းထက် ပိုရှိနေနိုင်သေးတယ်လို့ ဒေသတွင်းမှာ စစ်ကောင်စီ လက်ချက်နဲ့ သေဆုံးသူ တွေစာရင်း ကောက်ယူပြုစုနေတဲ့ ကလေးမြို့ခံတဦးကပြောပါတယ်။

 “ကလေးနဲ့တီးတိန်နယ်စပ် ရွာလေးတွေက သပိတ်ကာလတွင်းစစ်သားတွေပစ်လို့သေတာရှိတယ်၊ မြို့အနောက် ဒိုးဝိုင်းချောင်းဘက်က စစ်တပ်ကရုတ်တရက်စစ်ဆေးမှုမှာ လမ်းပေါ်အဖမ်းခံရပြီး အရက်ကြောင်လို့လျှောက်အော် နေတာကို တပ်ကအချုပ်ထဲမှာ ရိုက်သတ်တာတွေရှိတယ်၊လူသိနည်းတဲ့ဖြစ်ရပ်တွေပေါ့၊ဒါမျိုး စစ်တမ်းမှာမပါနိုင်တဲ့ ဟာတွေရှိနေတယ်၊ICA ရဲ့ထုတ်ပြန်ချက်ထက်ပိုနိုင်တယ်” လို့သူကပြောပါတယ်။

 နိုင်ငံရေအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)ရဲ့ စာရင်းတွေအရတော့ အာဏာသိမ်းပြီးနောက် နှစ်နှစ်ခွဲနီးပါးကာလအတွင်း စစ်ကောင်စီလက်ချက်နဲ့သေဆုံးတဲ့အရပ်သား (၃၇၄၇)ဦးအထိရှိနေတယ်လို့ဖော်ပြ ထားပါတယ်။

 နိုင်ငံတဝန်းစစ်ကောင်စီလက်ချက်နဲ့ သေဆုံးခဲ့တဲ့ အရပ်သားတွေထဲမှာ ချင်းတိုင်းရင်းသား ၁၂ရာခိုင်နှုန်းကျော် ပါဝင်နေတာဖြစ်ပါတယ်။

 အခုလို လူဦးရေး အများအပြား သတ်ဖြတ်ခံနေရတဲ့ မြန်မာ့နိုင်ငံရေးပဋိပက္ခနဲ့ပတ်သက်လို့ နိုင်ငံတကာ အသိုက် အဝန်းအနေနဲ့  ထိရောက်တဲ့ စစ်ဆေးအရေးယူမှုတွေ ပြုလုပ်သင့်ပြီလို့ ချင်းရေးရာအဖွဲ့ချုပ် (Institute of Chin Affairs-ICA)ရဲ့ လက်ထောက်ညွှန်ကြားရေးမှူး Salai Van Sui San က တိုက်တွန်းပါတယ်။

ပုံစာ -စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့်သေဆုံးသွားသူတွေရဲ့ ဈာပနမြင်ကွင်းတခု..။