ဇူလိုင် ၊ ၆
စစ်ကိုင်းတိုင်း၊ဆားလင်းကြီးမြို့နယ်စက်မှု(၁)ရုံးက ထွက်လာတဲ့ စစ်ကောင်စီ စစ်ကြောင်းဟာ ဇူလိုင်လ ၅ရက် မနေ့က မနက် ၁၁ နာရီခန့်မှာဆားခါးကျေးရွာရှိဒေသခံ အချို့ကို ဖမ်းဆီးခဲ့ပြီး လက်နက်နဲ့ ရမ်းသမ်းပစ်ခတ်တာကြောင့် တဦးသေဆုံး ခဲ့ပြီးတဦးဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
“ သူတို့က (စစ်ကောင်စီ) ကံနိမ့်ပျူရွာကိုစစ်ကူသွားတာ ဆားခါးရွာကို ဖြတ်ရတော့ အဲ့မှာဒေသခံတွေကို ဖမ်းပြီး ဆားခါးကမ်းနားဆိပ်မှာလေ။ ချင်းတွင်းက စုန်ဆင်းတဲ့ ရေယာဉ်ကို စောင့်ပြီးရေယာဉ်ရောက်တဲ့ချိန်မှာ သူတို့ကလိုက်သွားပြီးဓားစာခံတွေကို ထားခဲ့တာ။ပြီးတော့ အကုန်လုံးကို ရမ်းသမ်းပစ်တာတယောက်သေပြီး တယောက်ဒဏ်ရာရတာ” လို့ဆားလင်းကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ ကိုစစ်ငြိမ်းကပြောပါတယ်။
ကံနိမ့်ပျူစောထီးရွာကိုစစ်ကူသွားတဲ့ စစ်ကောင်စီစစ်ကြောင်းဟာဆားခါးရွာ အရောက်မှာဒေသခံ အချို့ကို ဖမ်းဆီးခဲ့ကာ ချင်းတွင်မြစ်မှ စုန်ဆင်းလာသော စစ်ကောင်စီ ရေယာဉ်ကို စောင့်ဆိုင်းပြီး ရေယာဉ်နဲ့ထွက်ခွာစဉ် ရမ်းသမ်းပစ်ခတ်ခဲ့တာကြောင့် အသက် ၂၇ နှစ်အရွယ် ဒေသခံတဦးသေဆုံးပြီး တဦးလက်မောင်းကျည်ထိမှန်ဒဏ်ရာရခဲ့တယ်လို့ဆိုပါတယ်။
သေဆုံးသူ နဲ့ ဒဏ်ရာရသူတွေဟာ ဘယ်သူတွေဆိုတာ မသိရသေးသလို လက်ရှိမှာချင်းတွင်းမြစ်ကြောတလျှောက် စစ်ကောင်စီ ဖလက်ခွံများသွားလာမှုရှိနေတဲ့အတွက် ရွာကိုမပြန်ရဲသေးတာကြောင့် အလောင်းကို သဂြိုလ်မပေးရသေးဘူးလို့ဆိုပါတယ်။
ဆားခါးက စစ်ကောင်စီတပ်ကို လာခေါ်တဲ့ အဆိုပါရေယာဉ်ဟာ မနေ့က မနက် ၈ နာရီခန့်မှာ ချင်းတွင်းမြစ်တိုင်းစုန်ဆင်လာစဉ် ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ထိတွေ့မှု ဖြစ်ခဲ့ပြီး ချင်းတွင်းမြစ်ကမ်းတစ်လျှောက်ကို လက်နက်ကြီးနဲ့ပစ်ခတ်တာကြောင့် ထရမ်စ်ဖော်မာ တလုံးနဲ့့နေအိမ် အချို့ပျက်ဆီးခဲ့တယ်လို့ဆိုပါတယ်။
တိုက်ခိုက်မှုပြီးနောက် မနက် ၁ဝနာရီ ခန့်မှာ အုန်းပင်ဆိပ်ကမ်းမှ စစ်ကူလာတဲ့ နောက်ထပ်အမြန်ရေယာဉ်တစင်းကို ဒေသကာကွယ်ရေးတပ််တွေက စောင့်ကြိုတိုက်ခိုက်ခဲ့တာကြောင့် သေဆုံးမှုရှိနိုင်ပေမယ့် အတည်မပြုနိုင်သေးဘူးလို့ဆိုပါတယ်။
ချင်းတွင်းမြစ်အတွင်း စစ်ကောင်စီတပ်တွေ ဖလက်ခွံနဲ့ မကြာခဏ ကူသန််းသွားနေတာကြောင့် ချင်းတွင်းမြစ်ကမ်းတစ်လျှောက်က ရာနဲ့ ချီတဲ့ အရပ်သားတွေဟာစစ်ရှောင်နေရတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
Photo – ဆားလင်းကြီး ပကဖ