ပေါက်ကြားခဲ့တဲ့ ကျောင်းသားအချက်အလက်တွေဟာ စာရင်းဟောင်းတွေသာဖြစ်တယ်လို့ YFS ထုတ်ပြန်

ဇူလိုင် ၊ ၆

စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေမှာ ဖော်ပြခံရတဲ့ ကျောင်းသားတချို့ရဲ့ အချက်အလက်တွေဟာ ကျောင်းသားအသစ်လက်ခံစဉ်က စာရင်းအဟောင်းတွေဖြစ်ပြီး လက်ရှိလည်ပတ်နေတဲ့ ကျောင်းရဲ့ အချက်အလက်တွေ ပေါက်ကြားတာတော့ မရှိဘူးလို့ Yangon Federal School  အမှုဆောင်ဒါရိုက်တာအဖွဲ့က ဒီကနေ့ ဇူလိုင် ၆ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

“ကျောင်းသားသစ်များ ကျောင်းအပ်လက်ခံရေးအတွက် ကျောင်းသားရာနှင့်ချီကို တိုက်ဆိုင်စစ်ဆေးစဉ်က အသုံးပြုခဲ့သော Grade-7 Telegram Group မှ အချက်အလက်များ ပေါက်ကြားခဲ့ခြင်းဖြစ်ပါသည်။ ထို Telegram Group များသည် ဇွန်လ (၃) ရက်နေ့ကတည်းက ဖျက်သိမ်းခဲ့ပြီးဖြစ်ပါသည်။ ယခုလက်ရှိ သင်ကြားသင်ယူမှုများ ဆောင်ရွက်နေသည့် Telegram group များမှ အချက်အလက်များမဟုတ်ပါ။ ကျောင်းအပ်လက်ခံစဉ်က အချက်အလက်များလည်းမဟုတ်ပါ။” လို့ Yangon Federal School က ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

စစ်အာဏာသိမ်းပြီးနောက် ကြားကာလပညာရေးဖော်ဆောင်နေတဲ့ Yangon Federal School က ကျောင်းသားတွေရဲ့ အချက်အလက်တွေကို ရရှိထားတယ်လို့ စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေမှာ ဇူလိုင်လ ၅ ရက် ညနေပိုင်းက ဖော်ပြခဲ့ပြီးနောက် ကျောင်းတာဝန်ရှိသူတွေဘက်က အခုလို ထုတ်ပြန်လာတာပါ။

စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေမှာက ဖခင်ဖြစ်သူတွေရဲ့ နာမည်နဲ့ တွဲပြီး Yangon Federal School ဒုတိယစာသင်နှစ် Grade 7 က ကျောင်းသား ၁၆၁ ဦးရဲ့ နာမည်နဲ့ ကုတ်နံပါတ်စာရင်းကို ထုတ်ပြန်လာခဲ့တာပါ။

ဒါ့အပြင် ဆရာ၊ဆရာမတွေနဲ့ ကျောင်းသား စုစုပေါင်း ၁၀၂ ဦးပါဝင်တဲ့ တယ်လီဂရမ်ဂရုတခုရဲ့ စခရင်ရှော့တွေကိုလည်း ဖော်ပြလာခဲ့ပါတယ်။

Yangon Federal School ဘက်ကတော့ အဲဒီတယ်လီဂရမ်ဂရုဟာ ကျောင်းသားသစ်လက်ခံစဉ်က အသုံးပြုခဲ့တာဖြစ်ပြီး ဇွန်လ ၃ ရက်ကတည်းက ဖျက်သိမ်းထားတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် နာမည်နဲ့တွဲပြီး ဖော်ပြထားတဲ့ ကုတ်နံပါတ်စာရင်းတွေဟာလည်း ကျောင်းသားအသစ်လက်ခံစဉ်က သတ်မှတ်ပေးခဲ့တဲ့ စာရင်းအဟောင်းတွေသာဖြစ်ပြီး အတန်းခွဲတွေ ခွဲပြီးနောက်ပိုင်း မတက်ဖြစ်တော့တဲ့ ကျောင်းသားတွေကို ထုတ်ပယ်ပြီး ကုတ်နံပါတ်အသစ်တွေ ပြန်လည်ပြင်ဆင်ထားတယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေမှာတော့ ကျောင်းသားတွေရဲ့ နေရပ်လိပ်စာနဲ့ ဖုန်းနံပါတ်တွေကိုပါ ရရှိထားပြီး အဲဒီအချက်အလက်တွေကို သက်ဆိုင်ရာဆီ ပေးပို့ထားတယ်လို့လည်း ဆိုပါတယ်။

ဒါပေမယ့် Yangon Federal School ဘက်ကတော့ ကျောင်းအပ်လက်ခံရာမှာ ကျောင်းသားတွေရဲ့ လုံခြုံရေးဆိုင်ရာ ကိုယ်ရေးအချက်အလက်တွေ တောင်းခံထားတာမရှိဘူးလို့ ထုတ်ပြန်ထားပါတယ်။

Delta News Agency က အဲဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး အသေးစိတ်မေးမြန်နိုင်ဖို့ Yangon Federal School ကို ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြားပေးနိုင်ခြင်းတော့ မရှိသေးပါဘူး။

အခြေခံပညာ ပညာရေးဝန်ထမ်းများ အထွေထွေသပိတ်ကော်မတီ အလုပ်အမှုဆောင်ဖြစ်သူ ကိုနောင်ချိုကတော့ စစ်ကောင်စီဘက်က ဖက်ဒရယ်ကျောင်းတွေကို ရည်ရွယ်ချက်ရှိရှိ ဖြိုခွင်းဖို့ ကြိုးပမ်းနေတာမို့ ကျောင်းတာဝန်ရှိသူတွေဘက်ကလည်း ကျောင်းသားတွေရဲ့ ကိုယ်ရေးအချက်အလက်တွေ အများကြီးမကောက်ခံထားဖို့ အရေးကြီးတယ်လို့ ပြောပါတယ်။

 ‘’စစ်ကောင်စီဝါဒဖြန့် Channel(ချန်နယ်) တွေကို သတိထားမိတာကြာပါပြီ၊ အချက်အလက်နည်းနည်းသိတာကို အများကြီး ပုံကြီးချဲရေးပြီး ခြိမ်းခြောက်တာပါ၊ စိတ်မလုံခြုံအောင်၊ အကြောက်တရားဝင်အောင်လုပ်တာပါ။ ကြောက်သွားပြီး ဖက်ဒရယ်စကူးတွေမှာ မတက်ရဲတော့အောင်လုပ်တာပါ။ ဒါကြောင့် အကြောက်မလွန်ဖို့လိုပါတယ်၊ ဒီလိုမျိုးဖြစ်လာရင်တောင် ခေါင်းအေးအေးထားပြီး ကျောင်းတာဝန်ရှိသူတွေနဲ့ ပူးပေါင်းဆောင်ရွက်ပေးဖို့လိုပါတယ်” လို့ အခြေခံပညာ ပညာရေးလုပ်သားသမဂ္ဂများ တိုက်ပွဲဦးဆောင်ကော်မတီ အလုပ်အမှုဆောင်လည်းဖြစ်သူ ကိုနောင်ချိုက DNA ကို ပြောပါတယ်။

လက်ရှိမှာတော့ အချက်အလက် ပေါက်ကြားခဲ့တဲ့ Grade 7 ကျောင်းသူ၊ ကျောင်းသားတွေကို တယ်လီဂရမ်နဲ့ပတ်သက်တဲ့ လုံခြုံရေးဆောင်ရွက်ပေးတာ၊ ဆရာ ဆရာမတွေကို လုံခြုံရေးသတိပေးတာ၊ ကျောင်းရဲ့ တယ်လီဂရမ်ချန်နယ်တွေ၊ ဂရု(group)တွေကို လုံခြုံရေး ဆောင်ရွက်တာတွေ ပြုလုပ်ထားပြီး ကျောင်းကိုတော့ အရေးပေါ်အခြေအနေအရ ယာယီပိတ်လိုက်တယ်လို့ သိရပါတယ်။

“သင်ကြား၊ သင်ယူမှုအောင်မြင်ဖို့ရည်ရွယ်တာဆိုရင် ဆရာရှိဖို့၊ ကျောင်းသားရှိဖို့နဲ့ သင်ကြား၊ သင်ယူမှုရပ်ဝန်းရှိဖို့သာ အရေးကြီးတာပါ။ ကျန်တာတွေက အရေးမကြီးလို့ ကိုယ်ရေးအချက်အလက်တွေ မလိုအပ်ပါဘူး။

YFS (Yangon Federal School) ကတော့ ကျောင်းသားအမည်နဲ့ အဖအမည်လောက်ပဲ ကောက်ယူပုံရပါတယ်။ Student Code လည်းထားပုံရပါတယ်။ အမည်ရင်းတွေ နေရပ်လိပ်စာတွေမပါရင် စစ်ကောင်စီဘက်က ခြိမ်းခြောက်တာထက်ပိုပြီး မလုပ်နိုင်ပါဘူး။ ဒါကြောင့် ဖက်ဒရယ်ကျောင်းတွေမှာ ပွင့်လင်းမြင်သာတဲ့ ဘဏ္ဍာရေးမူဝါဒနဲ့ ခိုင်မာအားကောင်းတဲ့ လုံခြုံရေးစည်းတွေအဆင့်ဆင့်တည်ဆောက်ထားရင် စစ်ကောင်စီဘက်က အလွယ်တကူ မဖြိုခွဲနိုင်ပါဘူး’’ လို့လည်းကိုနောင်ချိုက ဆိုပါတယ်။

အဲဒီဖြစ်စဉ်နဲ့ စပ်လျဉ်းပြီး ထိခိုက်နစ်နာသူမရှိစေရေး အစွမ်းကုန်ကြိုးပမ်းနေပြီး အခုလိုအားနည်းချက်ကိုလည်း အပြည့်အဝတာဝန်ယူမယ်လို့လည်း ကျောင်းဘက်က ပြောဆိုထားပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနက အသိမှတ်ပြုထားတဲ့ Yangon Federal School ကို ရန်ကုန်တိုင်းထဲက မြို့နယ်ပညာရေးဘုတ်အဖွဲ့တွေရဲ့ အစည်းအဝေး ဆုံးဖြတ်ချက်နဲ့ ၂၀၂၂ ခုနှစ်၊ မေလ ၃၀ ရက်က စတင်ထူထောင်ခဲ့တာဖြစ်ပါတယ်။

ကျောင်းရဲ့ ပထမ စာသင်နှစ်ကိုတော့ အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့ပြီး ဒုတိယ စာသင်နှစ်မှာတော့  အခုလို အချက်အလက်တချို့ ပေါက်ကြားမှု ဖြစ်ခဲ့တာပါ။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်အတွင်းကလည်း ကြားကလ ပညာရေးဖော်ဆောင်နေတဲ့ Kaung For You ကျောင်းနဲ့ Free Online Education Institution Myanmar ကျောင်းတွေက အချက်အလက်တချို့ ပေါက်ကြားမှုဖြစ်ခဲ့ပြီး ဆရာ ဆရာမတချို့ ဖမ်းဆီးခံရတာ၊ ကျောင်းသားမိဘတချို့ ဖုန်းဆက်ငွေညှစ်ခံရတာ၊ ဖမ်းဆီးခံရတာတွေ ရှိခဲ့ပါတယ်။