ကံကြီးကုန်းပျူစောထီးရွာ စခန်းသိမ်းတိုက်ပွဲမှာ ကာကွယ်ရေးတပ်ဖွဲ့ဝင် လေးဦး ကျဆုံး

ဇူလိုင်၊ ၅

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ် ၊ကံကြီးကုန်းရွာပျူစောထီးစခန်းကို ဒီကနေ့ ဇူလိုင် ၅ ရက် မနက်ပိုင်းမှာ  သွားရောက်သိမ်းပိုက်ခဲ့ရာ အပြန်အလှန်ပစ်ခတ်မှုအတွင်း PDF ရဲဘော်လေးဦး ကျဆုံးခဲ့တယ်လို့ ချောင်းဦးမြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)တာဝန်ခံက DNA ကိုပြောပါတယ်။

“ကံကြီးကုန်းပျူရွာ စခန်းသိမ်းတိုက်ပွဲမှာ ရဲဘော်တဦးကျဆုံးခဲ့ပါတယ်။ ပျူစခန်းတိုက်ခိုက်ခံနေရချိန် အမြင့်ရဲစခန်းကနေစစ်ကူရောက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ဒေသကာကွယ်ရေးအဖွဲ့တွေ ထိတွေ့တိုက်ပွဲဖြစ်ပွားချိန်မှာ ကျွန်တော်တို့ ရဲဘော် သုံးဦး ထပ်မံကျဆုံးခဲ့ပါတယ်”လို့ ချောင်းဦးမြို့နယ်(ပအဖ) တာဝန်ရှိသူက ဆိုပါတယ်။

ကံကြီးကုန်းရွာ ပျူစောထီးစခန်းသိမ်းတိုက်ပွဲကို ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ စုပေါင်းတိုက်ခိုက်တာဖြစ်ပြီး ကျဆုံးသွားတဲ့ ရဲဘော်လေးဦးကို နေ့ချင်းပဲ သင်္ဂြိလ်လိုက်တယ်လို့ပြောပေမယ့် ဘယ်အဖွဲ့တွေက ဆိုတာမသိရသေးပါဘူး။

အဲဒီစခန်းမှာစစ်ကောင်စီတပ်သားနဲ့ ပျူစောထီးအင်အား တရာဝန်းကျင်ရှိတယ်လို့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပေမယ့် သူတို့က အင်အားဘယ်လောက်နဲ့ဝင်တိုက်တယ်ဆိုတာကိုတော့ မပြောကြားပါဘူး။

ဒေသခံကာကွယ်ရေးအဖွဲ့တွေက ကံကြီးကုန်းရွာပျူစောထီးစခန်းကို ဒီကနေ့မနက် ၄ နာရီဝန်းကျင်ခန့်မှာ စခန်းသိမ်းတိုက်ပွဲဖော်ဆောင်ကာတိုက်ခိုက်ခဲ့တာဖြစ်ပြီး စခန်းကို သိမ်းပိုက်ရရှိခါနီးအချိန်မှာ လေကြောင်းကနေလာရောက်တိုက်ခိုက်ခဲ့တာကြောင့် ပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့ သိရပါတယ်။

“ကျွန်တော်တို့အဖွဲ့ ပျူစခန်းရခါနီးအချိန်မှာ Jet Fighter တစီးနဲ့ ဗုံးလာကြဲသလို စက်သေနတ်တွေနဲ့ပါ ပစ်ခတ်တာပေါ့။ ပျူစခန်းမရလိုက်တာက လေကြောင်းတိုက်ခိုက်မှုကြောင့်လည်းပါသလို ကျွန်တော်တို့မှာ လက်နက်ကြီးကျည်တွေလိုအပ်ချက်နဲ့ လက်နက်ခဲယမ်းအခက်အခဲကြောင့်လည်း ပါပါတယ်”လို့ ချောင်းဦးမြို့နယ်(ပအဖ) တာဝန်ရှိသူက DNA ကို ပြောပါတယ်။

ကံကြီးကုန်းရွာပျူစောထီးစခန်းကို ဒေသခံကာကွယ်ရေးအဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်ချိန်မှာ စစ်ကောင်စီတပ်က လေကြောင်းကနေ လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့မှုနဲ့ပတ်သက်ပြီး အရပ်သားထိခိုက်မှုတစုံတရာမရှိခဲ့ဘူးလို့လည်း စုံစမ်းသိရပါတယ်။

 အဆိုပါ ပျူစောထီးစခန်းတိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီလက်အောက်ခံ ပျူစောထီးအချို့လည်း ထိခိုက်သေဆုံးမှုတွေရှိခဲ့တယ်လို့လည်း ချောင်းဦးမြို့နယ်(ပအဖ)တာဝန်ရှိသူက ဆက်လက်ပြောကြားခဲ့ပါတယ်။

“ပျူစောထီးစခန်းဘက်မှာ ထိခိုက်သေဆုံးသူတွေကတော့ များတယ်လို့ ပြန်ကြားရတယ်။ ကျွန်တော့်တို့ရဲဘော်တွေ မျက်မြင်တွေ့ခဲ့တာကိုက အနည်းဆုံး ခြောက်ဦးလောက်သေနေတယ်လို့ သိရတယ်”လို့ ချောင်းဦးမြို့နယ်(ပအဖ) တာဝန်ရှိသူက ဆိုပါတယ်။