ဇူလိုင်၊ ၅
စစ်အာဏာသိမ်းပြီးချိန်ကနေ မနေ့ကအထိ နှစ်နှစ်ကျော်အတွင်း နိုင်ငံတဝန်းမှာ ဖမ်းဆီးထောင်ချခံထားရတဲ့ ကျောင်းသား၊ကျောင်းသူ ၁၄၀ နီးပါး အထိရှိနေတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ (AAPP)ရဲ့အချက်အလက်တွေအရသိရပါတယ်။
အာဏာသိမ်းပြီးချိန်ကစလို့ အခုနှစ် ဇူလိုင် ၄ရက်အထိ စစ်ကောင်စီလက်အောက်ခံ တရားရုံးတွေကထောင်ဒဏ် တွေချမှတ်ထားတဲ့ ကျောင်းသား၊ကျောင်းသူ စုစုပေါင်း ၁၃၈ ဦးအထိရှိနေတာဖြစ်ပါတယ်။
အဲ့ဒီလို ဖမ်းဆီးထောင်ချခံထားရသူတွေထဲမှာ ကျောင်းသူ (၃၁)ဦး၊ကျောင်းသား(၁၀၇)ဦးပါဝင်ပြီး ရန်ကုန်တိုင်း ကတော့ ကျောင်းသူ၊ကျောင်းသား (၆၅)ဦးအထိ ထောင်ချခံထားရတာကြောင့် အများဆုံးဖြစ်တယ်လို့ AAPP ကပြောပါတယ်။
စစ်ကောင်စီဟာ ပြီးခဲ့တဲ့ ဇွန်လ နောက်ဆုံးပတ်အတွင်းကလည်း ဒဂုံတက္ကသိုလ်ကျောင်းသား သမဂ္ဂ ဗဟိုအလုပ် အမှုဆောင် တဦးဖြစ်တဲ့ မဝတ်ရည်အောင်နဲ့ ရန်ကုန်စီးပွားရေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂ ဒုတိယဥက္ကဌ ကိုထက်ပိုင်စိုးတို့ကို ထောင်ဒဏ်တွေချမှတ်ခဲ့ပါသေးတယ်။
ဒဂုံတက္ကသိုလ်ကျောင်းသား သမဂ္ဂ ဗဟိုအလုပ် အမှုဆောင် တဦးဖြစ်တဲ့ မဝတ်ရည်အောင်ကို ဇွန်လ ၂၇ရက်မှာ ပုဒ်မ ၅၂(က)အရ ထောင်ဒဏ် လေးနှစ်ထပ်ချခဲ့တာကြောင့် စုစုပေါင်း ထောင်ဒဏ်ခုနစ်နှစ်ကျခံရဖို့ရှိနေပါတယ်။
ရန်ကုန်စီးပွားရေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂ ဒုတိယဥက္ကဌ ကိုထက်ပိုင်စိုးကိုတော့ ဇွန်လ ၃၀ရက်မှာ ပုဒ်မ ၅၀(ည)အရ အလုပ်နဲ့ထောင်ဒဏ်ဆယ်နှစ်ချမှတ်ခဲ့တာဖြစ်ပါတယ်။
လက်ရှိအကျဉ်းထောင်တွေထဲ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ကျောင်းသားတွေထဲက ကိုးဦးကိုတော့ စစ်ကောင်စီက သေဒဏ်တွေချမှတ်ထားတယ်လို့ အခုနှစ် ဧပြီလအထိ AAPP ရဲ့စာရင်းတွေအရ သိရပါတယ်။
အာဏာသိမ်းစစ်ကောင်စီဟာ နှစ်နှစ်ကျော်ကာလအတွင်း နိုင်ငံတဝန်းက လူဦးရေ စုစုပေါင်း ၂၄၀၀၀ နီးပါးကို ဖမ်း ဆီးအကျဉ်းချခဲ့ပြီး အဲ့ဒီအထဲက ၄၃၀၀ ကျော်ပဲ ပြန်လွတ်ခဲ့တယ်လို့ AAPP ကပြုစုထားတဲ့ အချက်အလက်တွေ အ ရသိရပါတယ်။
ဒါကြောင့် လက်ရှိအချိန်အထိ နိုင်ငံတဝန်းကအကျဉ်းထောင်တွေထဲမှာ အာဏာသိမ်းပြီးနောက် ဖမ်းဆီးခံရသူ လူဦးရေ ၁၉၃၀၀ ကျော်ဆက်လက်ဖမ်းဆီးခံထားကြရပါတယ်။
ပုံစာ -အာဏာသိမ်းမှုဆန့်ကျင်ရေး ဆန္ဒပြနေသူတချို့