လီဗာပူးနဲ့ လမ်းခွဲပြီး​ ဆော်ဒီကလပ် အယ်လ်အာလီနဲ့ စာချုပ်ခဲ့တဲ့ တိုက်စစ်မှူး ဖာမီနို

ဇူလိုင်၊ ၅

လီဗာပူး အသင်းနဲ့ လမ်းခွဲခဲ့တဲ့ တိုက်စစ်မှူး ရောဘတ်တို ဖာမီနိုဟာ ဆော်ဒီအာရေးဘီးယားကလပ် အယ်လ်အာလီကို ရောက်ရှိသွားခဲ့ပြီ ဖြစ်ပါတယ်။

အသက် ၃၁ နှစ်အရွယ် ဘရာဇီး လက်ရွေးစင်ဟာ လီဗာပူးနဲ့ စာချုပ်သက်တမ်း စေ့တဲ့နောက် ဆော်ဒီကလပ်ဆီ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ကူးပြောင်းခဲ့ပြီး ၃ နှစ် စာချုပ်ကို လက်မှတ် ရေးထိုးခဲ့တာ ဖြစ်ပါတယ်။ ဂျာဒါးမြို့ အခြေစိုက် အသင်းမှာ သူဟာ ပရီးမီးယားလိဂ် ပြိုင်ဘက် ချဲလ်ဆီး ဂိုးသမားဟောင်း အီဒူရက်ဒ် မန်ဒီနဲ့ ပြန်လည် ပေါင်းဆုံမှာပါ။

ဆော်ဒီ ပရိုလိဂ် ပြိုင်ပွဲဝင် ဘောလုံးကလပ်တွေဟာ အခုနွေရာသီ အပြောင်းအရွှေ့ စျေးကွက်မှာ ဥရောပ အခြေစိုက် နာမည်ကြီး ကစားသမားတွေ၊ အထူးသဖြင့် အင်္ဂလန် ပရီးမီးယားလိဂ်က ဘောလုံး ကြယ်ပွင့်တွေကို ဆက်တိုက် ခေါ်ယူနေကြရာမှာ ဖာမီနိုလည်း အပါအဝင် ဖြစ်လာပါတယ်။

ဖာမီနိုဟာ လီဗာပူးအတွက် ၈ နှစ်အတွင်း ၃၆၁ ပွဲထိ ကစားပေးခဲ့ပြီး ဂိုးပေါင်း ၁၁၀ ထိ သွင်းယူပေးနိုင်ခဲ့ပါတယ်။ သူဟာ လီဗာပူး ကစားသမား ဘဝမှာ ဆုဖလား ၇ လုံးထိ ဆွတ်ခူးနိုင်ခဲ့ပါတယ်။

အယ်လ်အာလီဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီက ဆော်ဒီ ပထမတန်းမှာ ဗိုလ်စွဲပြီး လာမယ့်ရာသီမှာ ပရိုလိဂ်ကို တန်းတက်ခွင့် ရထားတဲ့ အသင်းပါ။

အခုဆိုရင် ဆော်ဒီ ပရိုလိဂ်ဟာ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆုကို ဆွတ်ခူးခဲ့ဖူးတဲ့ ခရစ္စတီယာနို ရော်နယ်လ်ဒို၊ ကာရင် ဘန်ဇီးမားတို့လို ဂန္ထဝင် ဘောလုံးကြယ်ပွင့်တွေ အခြေချတဲ့ နယ်မြေသစ် တခုအဖြစ် ပီပီပြင်ပြင် ပြောင်းလဲလာခဲ့ပါတယ်။

 

Ref: ESPN