မန်ချက်စတာ ယူနိုက်တက်ဆီ ပြောင်းရွှေ့တာဟာ မှန်ကန်တဲ့ ဆုံးဖြတ်ချက်လို့ မေဆန်မောင့်ပြော

ဇူလိုင်၊ ၅

မန်ချက်စတာ ယူနိုက်တက်ဆီ ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့တာဟာ သူ့ဘဝရဲ့ မှန်ကန်တဲ့ ခြေလှမ်းတခုလို့ ချဲလ်ဆီး ကွင်းလယ်လူ မေဆန်မောင့်က ဆိုပါတယ်။

ချဲလ်ဆီး ပရိသတ်တွေဆီ လိပ်မူတဲ့ နှုတ်ဆက် ဗီဒီယို တခုကို လူမှုကွန်ရက် မီဒီယာပေါ်မှာ မောင့်က တင်ထားခဲ့ရာမှာ အခုလို မှတ်ချက် ပေးသွားခဲ့တာ ဖြစ်ပါတယ်။ အသက် ၂၄ နှစ်အရွယ် အင်္ဂလန် လက်ရွေးစင် ကွင်းလယ်လူဟာ ယူနိုက်တက်ကို စတာလင်ပေါင် ၅၅ သန်းနဲ့ ပြောင်းရွှေ့ဖို့ သဘောတူညီမှု ရရှိထားပြီး ၅ နှစ်စာချုပ် ချုပ်ဆိုသွားမှာပါ။

မောင့်ဟာ အသက် ၆ နှစ်သား အရွယ်ကတည်းက ချဲလ်ဆီး လူငယ် အကယ်ဒမီကို ရောက်နေခဲ့တာပါ။ ခါးသီးပြိုင်ဘက် ယူနိုက်တက်ကို ရွေးချယ်ခဲ့တဲ့ သူ့ရဲ့ ဆုံးဖြတ်ချက်ကို ပရိသတ် တချို့က လက်မခံနိုင်မှန်း သဘောပေါက်ပါတယ်လို့လည်း မောင့်က ဆိုပါတယ်။

သူဟာ ချဲလ်ဆီးကနေ ထွက်ခွာဖို့ ဆုံးဖြတ်လိုက်ပြီ ဖြစ်ကြောင်း၊ ကြေညာချက် တစောင် ထုတ်ပြန်တာထက် ပိုပြီး လေးနက်သင့်တယ်လို့ ယူဆတဲ့အတွက် လွန်ခဲ့တဲ့ ၁၈ နှစ်တာအတွင်း ချဲလ်ဆီးမှာ သူဖြတ်သန်းခဲ့ရတာတွေကို ဘယ်လောက် ကျေးဇူးတင်သလဲ ဆိုတာကို ကိုယ်တိုင် ပြောပြဖို့ ဆုံးဖြတ်ခဲ့ကြောင်း၊ တချို့ ပရိသတ်တွေက သူ့ဆုံးဖြတ်ချက်ကို သဘောမကျမှန်း သိပေမယ့်လည်း လက်ရှိ ကာလမျိုးမှာတော့ ကစားသမား ဘဝအတွက် မှန်ကန်တဲ့ ရွေးချယ်မှုလို့ သူ့အနေနဲ့ ခံစားမိကြောင်း မောင့်က ပြောကြားထားပါတယ်။

မောင့်က ချဲလ်ဆီး လူငယ် အကယ်ဒမီ၊ နည်းပြအဖွဲ့ဝင်တွေ၊ လက်ရှိ အသင်းဖော်တွေနဲ့ အသင်းဖော်ဟောင်းတွေ၊ သူအလုပ်တွဲလုပ်ဖူးတဲ့ မန်နေဂျာတွေ အကုန်လုံးကိုလည်း ကျေးဇူးတင်ကြောင်း ပြောသွားပါတယ်။

ချဲလ်ဆီးဟာ မောင့်အတွက် ယူနိုက်တက်ရဲ့ ကနဦး ကမ်းလှမ်းမှု ၃ ကြိမ်ကို ဆက်တိုက် ပယ်ချခဲ့ပြီးမှ အပြောင်းအရွှေ့ ကိစ္စ သဘောတူညီမှု ရရှိခဲ့တာပါ။ ယူနိုက်တက် မန်နေဂျာ အဲရစ်တန်ဟက်ဂ်ဟာ လာမယ့်ရာသီ ဥရောပ ချန်ပီယံလိဂ်မှာ အင်ပြည့်အားပြည့် ယှဉ်ပြိုင်ဖို့အတွက် အသင်းလူစာရင်းကို ပိုမို တောင့်တင်းအောင် တည်ဆောက်နေပါတယ်။

မောင့်ဟာ ချဲလ်ဆီးမှာ ၂၀၁၉ ခုနှစ်က စတင်ပွဲထွက်ခဲ့တဲ့နောက် ၁၉၅ ပွဲ ကစားပြီး ၃၃ ဂိုးထိ သွင်းယူခဲ့ပါတယ်။ လက်ရှိ အပြောင်းအရွှေ့ စျေးကွက်မှာ မောင့်အပြင် ချဲလ်ဆီး ကစားသမားတွေဖြစ်တဲ့ အန်ဂိုလို ကန်တေး၊ ကာလီဒူ ကူလီဘာလီ၊ ကိုင်ဟာဗက်ဇ်၊ ရူဘန် လော့ဖ်တက်စ်ချိခ်၊ မက်တီယို ကိုဗာဆစ်တို့လည်း အသင်းကနေ ထွက်ခွာပြီး ဖြစ်သလို နောက်ထပ် ကစားသမား တချို့လည်း အသင်းပြောင်းဖို့ စီစဉ်နေကြပါတယ်။  

 

Ref: BBC