ဝေဖန်မှုတွေရှိခဲ့တဲ့ ကျပ်နှစ်ဆယ့်ငါးသိန်းတန်ဖျော်ဖြေပွဲ ဖျက်သိမ်း

ဇူလိုင်၊ ၄

လူရှစ်ယောက်အထိ ပါဝင်နိုင်တဲ့ စားပွဲတဝိုင်းကို  ကျပ် ၂၅သိန်းအထိ ကျသင့်မယ့် အဆိုတော် မျိုးကြီးနဲ့ဝိုင်ဝိုင်း တို့ ရဲ့ ဖျော်ဖြေပွဲကို ပြုလုပ်တော့မှာမဟုတ်ဘူးလို့ Novotel Yangon Max က ဒီကနေ့ညပိုင်းမှာ ထုတ်ပြန်အသိပေး လာပါတယ်။

အအခုလ ၂၁ ရက်မှာ ပြုလုပ်မယ်လို့ ကြေညာထားတဲ့ အဲ့ဒီဖျော်ဖြေပွဲနြ့ပတ်သက်လို့ လူမှုကွန်ရက်ပေါ်မှာ ဝေဖန်မှု တွေ ကျယ်ကျယ်ပြန်ပြန့်ရှိခဲ့တဲ့နောက် အခုလို ပြန်လည်ဖျက်သိမ်းသွားတာပါ။

ပြည်တွင်းမှာ ဆယ်စုနှစ်ပေါင်းများစွာ နာမည်ကြီး Rock တီးဝိုင်းအဖြစ် ရပ်တည်ခဲ့တဲ့ Iron Cross တီးဝိုင်းနဲ့ အဲ့ဒီ တီးဝိုင်းကအဆိုတော်နှစ်ဦးတို့ရဲ့ ဒီဖျော်ဖြေပွဲဟာ လက်ရှိခေတ်ကာလအခြေအနေတွေအရ မလုပ်သင့်တဲ့ပွဲလို့ ဝေ ဖန်မှတ်ချက်ပြုတာတွေရှိခဲ့တာပါ။

မူလကြေညာထားချက်အရ အဲ့ဒီဖျော်ဖြေပွဲကြည့်ရှုအားပေးဖို့အတွက် လူရှစ်ဦးစာ စားပွဲတဝိုင်းကို အရက်၊ဘီယာ ၊ဝိုင်နဲ့ အပေါ့စား စားစရာတွေ အပါအဝင် ကျပ် ၂၅သိန်းကျ သင့်မယ်လို့သတ်မှတ်ထားတာဖြစ်ပါတယ်။

အဲ့ဒီဈေနှုန်းသတ်မှတ်မှုအပေါ် ဝေဖန်မှုတွေရှိကြသလို ပရိသတ်အများအပြားရဲ့အားပေးမှုရှိထားတဲ့ Iron Cross တီးဝိုင်းနဲ့ မျိုးကြီး၊ဝိုင်ဝိုင်းတို့လို ထင်ရှားတဲ့အဆိုတော်တွေအနေနဲ့ အခုလို ကာလအတွင်း ဖျော်ဖြေပွဲလုပ်မယ့် အပေါ် ဝေဖန်မှုတွေရှိခဲ့တာပါ။

“လူအများစုဒုက္ခရောက်၊စားစရာတွေရှားပါး၊စျေးတွေအဆမတန်တက်နေတဲ့အချိန်ပျော်ပွဲရွင်ပွဲလုပ်တာဟာဒုက္ခရောက်နေတဲ့ဆင်းရဲသားတွေကိုလှောင်ပြောင်သရော်တာနဲ့တူလှတာမို့လို့လောလောဆယ်ကာလမှာမလုပ်သေးတာအားလုံးကိုကျေးဇူးတင်ပါတယ်”လို့ အဲ့ဒီဖျော်ဖြေပွဲဖျက်သိမ်းလိုက်တဲ့ အပေါ် လူမှုကွန်ရက်သုံးစွဲသုံးတဦးက မှတ်ချက်ပြုပါတယ်။