ဇူလိုင်၊ ၄
ချင်းပြည်နယ်ကို အင်အားဖြည့်ဖို့ ချီတက်ခဲ့တဲ့ စစ်ကောင်စီတပ်ရဲ့ သံချပ်ကာကားနှစ်စီးကို ဖျက်စီးနိုင်ခဲ့တဲ့ ချင်းတော်လှန်ရေးအဖွဲ့တွေကို အမျိုးသားညီညွတ်ရေးအစိုးရ NUG က ကျပ်သိန်းလေးထောင်ချီးမြှင့်ခဲ့တယ်လို့ ဒီကနေ့ ထုတ်ပြန်ပါတယ်။
အမျိုးသားညွတ်ညွတ်ရေးအစိုးရNUG ရဲ့ ၂၂ ကြိမ်မြောက် အစိုးရအဖွဲ့အစည်းအဝေးကို ဇူလိုင်လ ၄ ရက် ဒီကနေ့ မနက် ၁၀ နာရီမှာ အွန်လိုင်းက တဆင့်ပြုလုပ်ရာမှာ ယာယီသမ္မတနဲ့ ဝန်ကြီးချုပ်တို့က အခုလို ထုတ်ဖော်ပြောကြားတာပါ။
‘’ ဒီသတင်းကို ကြားရချိန်တုန်းက ကျွန်တော်တို့ အားလုံး အံ့ဩ ဝမ်းသာဖြစ်ခဲ့ပြီး တော်လှန်ရေးအတွက်လည်း တကယ်ကို အားတက်ခဲ့ကြရပါတယ်’’လို့ NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောပါတယ်။
ပြီးခဲ့တဲ့ ဧပြီလ ၁၃ ရက်မှာ ချင်းကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေဟာ ဟားခါးမြို့နယ်၊ ချွန်ကျုံးကျေးရွာအနီးမှာ အာဏာသိမ်းစစ်ကောင်စီရဲ့ သံချပ်ကာကား ကား နှစ်စီးနဲ့ ယာဉ်တန်းကို တိုက်ခိုက်ဖျက်ဆီး နိုင်ခဲ့ကြပါတယ်လို့လည်း ဝန်ကြီးချုပ်က ပြောပါတယ်။
စစ်ကောင်စီတပ်ရဲ့ သံချပ်ကားကားနှစ်စီးနဲ့ ချောဆွဲလာတဲ့ ယာဉ်အစီးရ သုံးဆယ်ကျော်ပါတဲ့ ယာဉ်တန်းဟာရိက္ခာဖြည့်တင်းဖို့ ပြီးခဲ့တဲ့မတ်လ ၇ ရက်ကစပြီး ချင်းပြည်နယ်၊ ဟာခါးမြို့ကို တက်လာရာမှာ ဒေသခံတော်လှန်ရေးအဖွဲ့တွေ့က ဟန့်တားပိတ်ဆို့တိုက်ခိုုက်ခဲ့ကြတာပါ။
ကလေး-ဖလမ်း-ဟာခါးလမ်းပိုင်းဟာ မိုင် ၁၈၀ ကျော်သာရှိပြီးပုံမှန်ကားနဲ့ဆို ခြောက်နာရီဝန်းကျင်ခရီးဖြစ်ပေမယ့် ဒေသခံတော်လှန်ရေးအဖွဲ့တွေဖြစ်တဲ့ CNF၊ CAN နဲ့CDA စတဲ့ အဖွဲ့တွေက ပြောက်ကျားတိုက်ခိုုက်တာ၊ မိုင်းဆွဲတာ၊ ဒရုန်းနဲ့ဗုံးချတိုက်ခိုက်တာတွေဆောင်ရွက်ခဲ့ပါတယ်။
အဲဒီလိုတော်လှန်ရေးအဖွဲ့တွေက တောင်တန်းထူထပ်တာ၊ နယ်မြေကျွမ်းကျင်မှုတာ စတာတွေကို အသုံးချပြီး တိုက်ခိုက်ခဲ့တဲ့အတွက် စစ်ကောင်စီတပ်ရဲ့ သံချပ်ကားကားနှစ်စီးနဲ့ ယာဉ်တန်းဟာ ဟားခါးမြို့နဲ့ ဆယ်မိုင်ခန့်အလို ချွန်ကျွန်းကျေးရွာအနီးမှာ ဧပြီလ ၁၃ ရက်နဲ့ ၁၄ ရက်တွေမှာ ချေမှုန်းခဲ့လိုက်ရတယ်လို့ ဆိုကြပါတယ်။
စစ်ကောင်စီယာဉ်တန်းတက်လာတဲ့ မတ်လ ၇ ရက်နေ ဧပြီလ ၁၄ ရက်ခန့်အထိ လမ်းတလျှောက်တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က တပ်ဖွဲ့ဝင်ဆယ်နဲ့ချီကျဆုံးသလို တော်လှန်ရေးအင်အားစုတွေကလည်း ကိုးဦးသေဆုံးပြီး ခုနှစ်ဦးထက်မနည်းဒဏ်ရာရခဲ့တယ်လို့ အဲဒီတုန်းက သတင်းတွေမှာဖော်ပြထားပါတယ်။
အဲဒါနဲ့ပတ်သတ်ပြီး ချင်းတော်လှန်ရေးအင်အားစုတွေက စစ်ကောင်စီတပ်ရဲ့သံချပ်ကာကားနှစ်စီးဖျက်ဆီးနိုင်တာကို အထောက်အထားနဲ့ တင်ပြလာတဲ့အတွက် စိစစ်ရေးအဖွဲ့က လေ့လာသုံးသပ်ပြီး အတည်ပြုခဲ့တယ်လို့ NUG က ဆိုပါတယ်။
NUG က ဘယ်သူမဆို စစ်ကောင်စီကိုစွန့်ခွာပြီး စစ်လေယာဉ်၊ ရဟတ်ယာဉ်နဲ့ဆိုကျပ်သိန်းတသောင်း၊ စစ်လေယာဉ်၊ စစ်သင်္ဘောတွေဖျက်စီးရင် ကျပ်သိန်းခြောက်ထောင်နဲ့ တင့်ကား၊သံချပ်ကာကားဖျက်စီးနိုင်ရင် ဒါမှမဟုတ် ယူလာနိုင်ရင် ကျပ်သိန်းနှစ်ထောင်ချီးမြှင့်မယ်လို့ ပြီးခဲ့တဲ့ ၂၀၂၂ခုနှစ်၊ ဧပြီလက ထုတ်ပြန်ထားတာပါ။
ဒါ့ကြောင့် အဲဒီထုတ်ပြန်ချက်နဲ့ အညီချင်းတော်လှန်ရေးအင်အားစုတွေဖြစ်တဲ့ CNF၊ CAN နဲ့CDA စတဲ့ အဖွဲ့တွေက တာဝန်ရှိသူတွေကို ကျပ်သိန်းလေးထောင်ဂုဏ်ပြုချီးမြှင့်တာလို့လည်း အမျိုးသားညီညွတ်ရေးအစိုးရ NUG က ဆိုပါတယ်။
အဲဒီလိုဆုချီးမြှင့်တာနဲ့ပတ်သတ်ပြီး ချင်းအမျိုးသားတပ်ဦး CNF ပြောခွင့်ရသူ ဆလိုင်းထက်နီကို DNA က ဆက်သွယ်မေးမြန်းခဲ့ပေမယ့် မေးမြန်းလို့ မရခဲ့ပါဘူး။
NUG ယာယီသမ္မတ ဒါဝါလရှီးလကတော့ နွေဦးတော်လှန်ရေးအခင်းအကျင်းဟာ မတူညီတဲ့ ဒေသတွေအကြား၊ မတူညီတဲ့ ခုံခံတော်လှန်စစ်အောင်ပွဲတွေကို ပုံစံအမျိုးမျိုးနဲ့တွေ့ရပြီး အဲဒီအထဲမှာ ချင်းပြည်နယ်က သီးခြားဖြစ်တည်နေတာတွေ့ရတယ်လို့ ပြောကြားပါတယ်။
‘’ချင်းပြည်နယ်နဲ့ ပထဝီအားသာချက်တွေကိုခြေကုတ်ယူပြီး ချင်းလူထုရဲ့ထောက်ခံမှုနဲ့တော်လှန်ရေးကိုအမြော်အမြင်ရှိရှိ၊ ဇွဲသန်သန်ဦးဆောင်ဦးရွက်ပြုနိုင်မှုအပေါ် ကျွန်တော်တို့ နှစ်ထောင်းအားရဖြစ်ရပါတယ်’’ လို့ ယာယီသမ္မတက ဆိုပါတယ်။