မအူပင်မှာ စစ်ကောင်စီတပ် အရာရှိနှစ်ဦး အချင်းချင်းပစ်ခတ်မှုဖြစ်လို့ နှစ်ဦးလုံးသေဆုံး

ဇူလိုင်၊ ၄

ဧရာဝတီတိုင်း မအူပင်မြို့အဝင် တံတားဂိတ်မှာ ဒီကနေ့ မနက်ပိုင်းက စစ်ကောင်စီတပ် အရာရှိနှစ်ဦး စကားများ ရန်ဖြစ်ရာက အချင်း ချင်းပစ်ခတ်မှုဖြစ်လို့ နှစ်ဦးလုံး သေဆုံးသွားတယ်လို့ မြို့ခံတွေဆီကသိရပါတယ်။

” မြို့ဝင်ကြေးတွေ စစ်ဆေးရင်း စကားထများကြတာကနေဗိုလ်လေး က ဗိုလ်ကြီးကို သူ လက်ထဲက သေနတ်နဲ့ ပစ်သတ်လိုက်တာ၊ပြီးတော့ သူကိုယ်သူ ပြန်ပစ်ပြီး သေတာ” မြို့အဝင် ဂိတ် လုံခြုံရေး အဖွဲ့ နဲ့ နီးစပ်သူ တဦး က DNA ကိုပြောပါတယ်။

မအူပင်မြို့ အရှေ့ဘက်ကမ်း ဘီးခွန်ဂိတ်အနီးရှိ စစ်ကောင်စီတပ် က စခန်းချတဲ့ နေရာမှာ ဗိုလ်ကြီးအဆင့်ရှိသူနဲ့ ဒုအရာခံဗိုလ်အဆင့်ရှိ စစ်ကောင်စီအရာရှိတွေ ဒီကနေ့ နေ့လယ် ၁၂နာရီဝန်းကျင်က အချင်းချင်း ပစ်ခတ်မှုဖြစ် ခဲ့ကြတာလို့ သိရပါတယ်။

အချင်းချင်း စကားများခဲ့ကြပြီးနောက် အဲ့ဒီစခန်းက ဗိုလ်ကြီး အဆင့် ရှိသူ ကို ဒုအရာခံဗိုလ် အဆင့်ရှိသူက သေနတ်နဲ့ ပစ်သတ်လိုက်ပြီးနောက် သူ့ကိုယ်သူလည်း ပစ်ခတ်အဆုံးစီရင်ခဲ့တာဖြစ်ပြီး နှစ်ဦးလုံးနေရာမှာပဲ သေဆုံးသွားတယ်လို့သိရပါတယ်။

ပစ်ခတ်မှု ဖြစ်ပြီးနောက်  မအူပင်မြို့ အခြေစိုက် စစ်ကောင်စီတပ်ရင်းက ဒုတိယ ဗိုလ်မှူး ကြီး အဆင့် ရှိသူ တဦး ဦးဆောင်တဲ့ တပ်ဖွဲ့ရောက်ရှိလာ ပြီး တာဝန်ကျနေတဲ့ တပ်စု ကိုတခြားတပ်စုနဲ့ အစားထိုးချထားလိုက်ပြီး စစ်ဆေး မှုတွေ လုပ်သွားတယ်လို့ သိရပါတယ်။

“အရာရှိကြီးအကြီးဆုံးဖြစ်မယ် အခက်တခက် အပွင့်သုံးပွင့်ပါတယ်၊ စစ်သားတွေနဲ့ ရောက်လာ ပြီး ကနဦး ရှိနေတဲ့ စစ်သားတွေကို ကားနဲ့တင်ခေါ်သွားတယ်၊အဲ့ဒီစစ်သား(တွေ)လက်ထဲမှာ သေနတ်တွေကိုင်ထားတာမတွေ့ ရတော့ ဘူး၊အသစ်ရောက်လာတဲ့ စစ်သားတွေ က သူတို့ကို သေနတ်တွေနဲ့ချိန်ထားတာ “လို့ ပစ်ခတ်မှုဖြစ်ပြီးနောက် အခြေအနေကို မျက်မြင် တွေ့ရှိသူတဦးက ပြောပါတယ်။

ပစ်ခတ်မှုဖြစ်ခဲ့တဲ့ စစ်ကောင်စီဂိတ်ဟာ မြို့ဝင် ဘီးခွန် ကောက်ခံရာမှာ ဘီးခွန်သာမက ဂိတ်ကိုဖြတ်သန်း တဲ့ယာဥ် တွေ ဆီက အကြောင်း အမျိုးမျိုး ပြပြီး ငွေညှစ်လေ့ရှိတဲ့ ဂိတ်တခုဖြစ်တယ်လို့ မအူပင်မြို့ခံတွေကပြောကြပါတယ်။