ကန့်ဘလူမှာ တလအတွင်း နေအိမ်အဆောက်အအုံ ကိုးဆယ်နီးပါးမီးရှို့ဖျက်ဆီးခံရ

ဇူလိုင်၊ ၄

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မှာ ဇွန်လအတွင်းက စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးမီးရှို့ခဲ့မှုကြောင့် ကျေးရွာခြောက်ရွာက အိမ်ခြေ ၆၁ လုံးအပါအဝင် အဆောက်အအုံပေါင်း ကိုးဆယ်နီးပါး မီးလောင်ပြာကျပြီး အရပ်သားတဦး ဖမ်းဆီးသတ်ဖြတ်ခံခဲ့ရတယ်လို့ စုံစမ်းသိရပါတယ်။

“ပြီးခဲ့တဲ့ ဇွန်တလထဲမှာပေါ့နော် ။ကန့်ဘလူမြို့နယ်ထဲမှာ စစ်ကြောင်းထိုးမီးရှို့လို့ အိမ်ခြေပေါင်းက ၆၁ လုံးပေါ့။ နောက်တခုက စပါးတိုက်(ကျီ)တွေနဲ့ စစ်ရှောင်တဲတွေကိုပါ စစ်ကောင်စီတပ်က မီးရှို့သွားတာ။ စစ်ရှောင်တဲက ၁၂ လုံးနဲ့ စပါးတိုက်(ကျီ)က ၁၆ လုံးပေါ့’’ လို့ မြေပြင်သတင်းတွေကို ဖော်ပြပေးနေတဲ့ ကျွန်းလှ- ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ -ကန့်ဘလူခရိုင်သတင်းနဲ့ပြန်ကြားရေးတာဝန်ခံက DNA ကိုပြောပါတယ်။ စစ်ကောင်စီတပ်တွေ မီးရှို့ဖျက်ဆီးသွားတဲ့ကျေးရွာတွေက ပေကုန်းရွာ နေအိမ် ၂၈ လုံး၊ ဘိုတဲကုန်းရွာ နှစ်ဆယ် လုံး၊ ညောင်ကန်သာရွာ ငါးလုံး၊ ရှမ်းကုန်းရွာ လေးလုံး၊ ပေကုန်းရွာ သုံးလုံးနဲ့ ကတ္တာရွာ တလုံး စုစုပေါင်း နေအိမ် ၆၁ လုံး မီးရှို့ဖျက်ဆီးခံရပြီး စပါးကျီ ၁၆ လုံးနဲ့ စစ်ရှောင်တဲ ၁၂ လုံး မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ သိရပါတယ်။

“စစ်ဘေးရှောင်ပြည်သူတွေရဲ့ တဲတွေနဲ့ စပါးကျီတွေကိုပါ စစ်ကောင်စီတပ်က မီးရှို့တာက ကျွန်တော်တို့ တော်လှန်ရေးအင်အားစုတွေအပါအဝင် ဒေသခံပြည်သူလူထုကိုပါ ဒုက္ခရောက်အောင် လုပ်တယ်လို့ မြင်ပါတယ်။ ဘာကြောင့်ဆို တော်လှန်ရေးအင်အားစုတွေကို ဒေသခံပြည်သူလူထုတွေက အဓိက ကူညီထောက်ပံ့ပေးနေတာလေ”လို့ အဲဒီတာဝန်ရှိသူကပြောပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ဇွန်လထဲမှာ စစ်ကောင်စီတပ်က ပိတောက်ပင်ရွာကဒေသခံတဦးဖြစ်တဲ့  ဦးသိန်းဝင်းကို ဖမ်းဆီးသတ်ဖြတ်သွားပြီး  တကယ့်မြေပြင်အခြေအနေမှာတော့ ယခုထက် ပိုနိုင်တယ်လို့လည်း တက်ကြွလှုပ်ရှားသူတွေက ဆိုပါတယ်။

“ စစ်ကောင်စီတပ်က ဖမ်းဆီးသွားတဲ့သူတွေကလည်း အများကြီးရှိတာကိုး။ အချို့လည်း ဖမ်းဆီးခံရပြီး သတ်ပစ်ခံရတာတွေလည်းရှိတယ်။ အချို့ဖမ်းဆီးခံရတဲ့သူတွေဆိုရင် အချိန်အတော်ကြာမှ ဥပမာ တနှစ်ကျော်လောက်မှ ပြန်လွတ်လာတာတွေလည်းရှိတာပေါ့။ ကျွန်တော်တို့ သတင်းရယူနိုင်တဲ့ စာရင်းကိုပဲ ဖော်ပြပေးထားတာပါ”လို့ -ကန့်ဘလူခရိုင်သတင်းနဲ့ပြန်ကြားရေးတာဝန်ခံက ဆိုပါတယ်။

စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်း ကန့်ဘလူခရိုင်အတွင်းမှာ စစ်ကောင်စီတပ်က ကျေးရွာတွေကို မီးရှို့ဖျက်ဆီးခဲ့လို့ နေအိမ်ထောင်နဲ့ချီမီးလောင်ခဲ့သလို မီးဘေးသင့်နဲ့စစ်ဘေးရှောင် ဦးရေ သုံးသောင်းဝန်းကျင်ခန့်ဟာ တောတောင်တွေနဲ့နီးစပ်ရာကျေးရွာတွေမှာ စစ်ဘေးတိမ်းရှောင်နေကြရဆဲဖြစ်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG ကတော့ ပြီးခဲ့တဲ့ဇွန်လအတွင်း စစ်ကိုင်း၊ မကွေး၊ မန္တလေး၊ ကချင်၊ ရှမ်းနဲ့ တနင်္သာရီတိုင်းတွေမှာ ဘာသာရေးအဆောက်အအုံတွေအပါအဝင် နေအိမ်အဆောက်အအုံပေါင်း ၂၇၀၀ နီးပါးမီးရှို့ခံရပြီးအရပ်သား ၁၅ ဦးသေဆုံးတယ်လို့ ထုတ်ပြန်ထားပါတယ်

Photo-ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့