မြင်းခြံထောင်ရှိ နိုင်ကျဉ်းတဦး ရိုက်နှိက်ခံရပြီး သေဆုံး၊ အလောင်းသယ်ခွင့်မပေးဘဲ မီးရှို့

ဇူလိုင်၊ ၄
 
မန္တလေးတိုင်း၊ မြင်းခြံထောင်တွင် ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နိုင်ငံရေး အကျဉ်းသားတစ်ယောက် ရိုက်နှိက်ခံရလို့ သေဆုံးသွားခဲ့ပြီး စစ်အုပ်စုက အလောင်းကို မိသားစုကို ပြန်သယ်ခွင့်မပေးဘဲ မီးရှို့လိုက်တယ်လို့ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPN) ဗဟိုကော်မတီဝင် ကိုသိုက်ထွန်းဦးက DNA ကိုအတည်ပြုပြောဆိုပါတယ်။
 
မြင်းခြံအကျဉ်းထောင်မှာ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (က) နဲ့ ထောင်ကျနေတဲ့ မန်ကျဉ်းစုရွာသား ဦးစိန်ဝင်း ဆိုသူကို စစ်အုပ်စုက မိသားစုကို သေဆုံးပြီလို့ မနေ့က ဇူလိုင်လ ၃ ရက်မှာ အကြောင်းကြားပြီးနောက် အလောင်းကို ဆေးရုံမှာ မီးရှို့လိုက်တာလို့ သူကဆိုပါတယ်။
 
“ မြင်းခြံဆေးရုံမှာပဲ သူအလောင်းကို တွေ့ခဲ့ရတာပေါ့၊ ရွာက အလောင်းပြန်တောင်းပေမယ့် မပေးဘဲ သူတို့ဘာသာ ဆေးရုံမှာပဲ မီးရှို့လိုက်တယ်။ မျက်မြင်တွေပြောတာတော့ ရိုက်နှိက်ထားတဲ့ ဒဏ်ရာတွေ တွေ့ခဲ့ရတယ်။ ဒါပေမယ့် စစ်တပ်ကတော့ သူ့ကို အစာအိမ်အချဉ်ပေါက်ပြီး ဆုံးတာလို့ ပြောတာပေါ့။ ဒါကသူတို့အမြဲတမ်း မဟုတ်တာတွေ လိမ်လည်ပြောဆိုနေကြပဲ “ လို့ ကိုသိုက်ထွန်းဦးက ပြောပါတယ်။
 
အသက် ၄၃ နှစ်အရွယ် ဦးစိန်ဝင်းဟာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်အတွင်းမှာ မြင်းခြံမြို့ က သူ့ဇာတိ မန်းကျည်းစု ကျေးရွာမှာပဲ ဖမ်းဆီးခံရပြီးနောက်ပုဒ်မ ၅၀၅ (က) နဲ့ထောင်ဒဏ် ၃ နှစ်ကျခံနေရသူဖြစ်တယ်လို့ သိရပါတယ်။
 
“ သူက မတရားသတ်ခံရတာပါ။ ရွာမှာဆိုလည်း စိုက်ပျိုးရေးလုပ်တဲ့ သာမန်ပြည်သူတွေပါပဲ။ အခုခေတ်ကလည်း ဘာမှမလုပ်တာတောင် သူတို့က ဖမ်းဆီးပြီး ပုဒ်မတွေရှောက်တပ်ထောင်ချနေတာပဲလေ “ လို့ ကိုသိုက်ထွန်းဦးက ပြောပါတယ်။
 
ဒါ့အပြင် မြင်းခြံထောင်မှာရှိတဲ့ နိုင်ငံရေးအကျဉ်းသား ၁၃ ဦးကို ဇွန်လ ၃၀ ရက် ညသန်းခေါင်ယံနဲ့ အရုဏ်ဦးအချိန်မှာ ထောင်အာဏပိုင်တွေက မကွေးအကျဉ်းထောင်နဲ့ သရက်အကျဉ်းထောင်တွေကို ပြောင်းရွှေ့လိုက်တယ်လို့ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPN) က ဆိုထားပါတယ်။
 
အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မတွေနဲ့ ဖမ်းဆီးခံထားရတဲ့ ကိုကျော်မင်းနိုင်၊ ကိုသက်မောင်မောင်၊ ကိုကျော်မျိုးတင့်၊ ကိုဇော်ဇော်အောင်၊ ကိုဥက္ကာ၊ ကိုဇော်လှိုင်း၊ ကိုစိုးရာဇာထွန်းလွင်၊ ကိုမင်းသွေး ၊ ကိုအောင်မျိုးသန့်၊ ကိုကျော်စိုးလွင် ၊ ကိုဇော်ရဲထက်၊ ကိုထက်ဦးမာန် ၊ ကိုကျော်ဇင်ဦး တို့ကို ထောင်ပြောင်းရွေ့လိုက်တာပါ။
 
အဲဒီနိုင်ငံရေး အကျဉ်းသားတွေကို စစ်အုပ်စုက PDF တွေနဲ့ ဆက်သွယ်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ပြီးခဲ့တဲ့ မေလ ၂၁ ရက်နေ့မှာ မြင်းခြံထောင်အတွင်းမှာ ထုတ်ကာ ခမရ ၁၅ ထဲကို ခေါ်ဆောင်ပြီး ရိုက်နှက်စစ်ဆေးတာတွေ လုပ်ဆောင်ခဲ့သလို မေလ ၂၉ ရက်နေ့ ထောင်အတွင်း ပြန်ရောက်ချိန်မှာလည်း တိုက်ပိတ်တာတွေ လုပ်ဆောင်ပြီး နောက်ဆုံးအခုလို ထောင်ပြောင်းရွေ့လိုက်တာလို့ ဆိုကြပါတယ်။
 
လက်ရှိ မြင်းခြံအကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသားပေါင်း ၉၈၀ နီးပါးရှိတဲ့အနက် ပြီးခဲ့တဲ့ဇွန်လ အတွင်းမှာ နိုင်ငံရေးအကျဉ်းသား ကိုးရာလောက်ကို စစ်ကောင်စီလုံခြုံရေးတွေက ရိုက်နှိက်ထားတယ်လို့လည်း PPN ကဆိုထားပါတယ်။
 
“ NUG ရဲ့ လူအခွင့်အရေးဝန်ကြီးဌာနနဲ့ ICRC လိုအဖွဲ့တွေအနေနဲ့လည်း ထောင်ထဲက နိုင်ကျဉ်းတွေနဲ့ ပက်သက်ပြီး ထိထိရောက်ရောက်လုပ်စေချင်တယ်။ အဲဒီဒေသက ပကဖ တွေကလည်း ထောင်တွေကို ဒီလိုကိစ္စတွေနဲ့ပက်သက်ပြီး သတိပေးတာတွေ လုပ်စေချင်တယ်၊ သူတို့က လုပ်ရလို့ လုပ်နေကြတာဗျ သူတို့ကိုလည်း ပြန်ပြီးတော့ သတိပေးတာတွေကို ပကဖ တွေအနေနဲ့ လုပ်ပေးဖို့ မေတ္တာရပ်ခံချင်တယ် “ လို့ ကိုသိုက်ထွန်းဦးက ပြောပါတယ်။
 
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း ( AAPP)က ဇူလိုင်လ ၁ ရက်နေ့ ထုတ်ပြန်ချက်အရ စစ်တပ်အာဏာသိမ်းချိန်ကနေ ယခုနှစ်ဇွန်လကုန်အထိ ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား ဦးရေ ၂၃,၆၀၀ ကျော်ရှိပါတယ်။
 
ဒါ့အပြင် စစ်ကောင်စီလုံခြုံရေးအဖွဲ့တွေရဲ့လက်ချက်နဲ့ သေဆုံးသူ ၃၇၃၆ ဦးအနက် ဖမ်းဆီးခံရပြီးနောက် စစ်ကြောရေး၊ ရဲစခန်း၊ ဘားတိုက်၊ အကျဉ်းထောင် စတဲ့ နေရာတွေမှာ သတ်ဖြတ်ခံရသူ ၁,၂၈၄ ဦးရှိတယ်လို့လည်း ထုတ်ပြန်ထားပါတယ်။
 
ဓာတ်ပုံ – CJ