ပုသိမ်မှာ ရပ်ကွက်အတွင်း ရန်ဖြစ်သူတဦးကို စစ်ကောင်စီတပ်တွေ ဖမ်းဆီးပြီးနောက် သေဆုံး

ဇူလိုင်၊ ၄
 
ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ် အမှတ် ၈ ရပ်ကွက်ထဲမှာ နေထိုင်တဲ့ ကိုနေမျိုးထက် ကိုရပ်ကွက်အတွင်း ရန်ဖြစ်တယ်ဆိုပြီး စစ်ကောင်စီတပ်သားတွေက ပြီးခဲ့တဲ့ဇူလိုင် ၂ ရက်နေ့မှာ ဖမ်းဆီးသွားပြီးနောက် ရိုက်နှက်ခံရပြီး သေဆုံးခဲ့တယ်လို့ မိသားစုနဲ့ နီးစပ်သူတွေက ပြောပါတယ်။
 
ဇူလိုင် ၂ ရက်နေ့က ရပ်ကွက်အတွင်း စက်ဘီးစီးလာသူတဦးနဲ့ ဆိုင်ကယ်မောင်းလာတဲ့ ကိုနေမျိုးထက်တို့ ယာဉ်မတော်တဆ ဖြစ်ပွားရာကနေ စကားများရန်ဖြစ်ခဲ့ပြီးနောက် တိုင်တန်းရာက နေကိုနေမျိုးထက်ကို လာရောက်ဖမ်းဆီးသွားတာ ဖြစ်တယ်လို့ ဆိုပါတယ်။
 
” တရပ်ကွက်တည်းနေတဲ့ လူချင်း စက်ဘီးနဲ့ဆိုင်ကယ် တိုက်မိတာ၊ လူတွေဘာမှမဖြစ်ဘဲ စကားများကြရာကနေ အနားမှာ တပ်ကရှိတော့ သွားတိုင်လို့ ဖမ်းသွားတာ။ ဖမ်းပြီးတဲ့နောက် ရိုက်နှက်ခံရတယ်။ အခြေအနေမကောင်းလို့ ဆေးရုံပို့လိုက်ပြီးတဲ့နောက်မှာ ဆုံးသွားတာ။ မိသားစုကိုတော့ အုပ်ချုပ်ရေးမှူးရုံးက လာပြောတယ် ” လို့ သေဆုံးသူ ကိုနေမျိုးထက် မီသားစုဝင်နဲ့ နီးစပ်သူတွေက ဆိုပါတယ်။
 
အသက် ၄၈ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ကိုနေမျိုးထက်ကို လာရောက်ဖမ်းဆီးချိန်ကတည်းကလည်း ရိုက်နှက်မှုတွေ ရှိတဲ့အကြေင်း မြို့ခံတွေရဲ့ပြောဆိုချက်အရ သိရပါတယ်။
 
” ဆေးရုံရောက်လာကတည်းက အသက်မရှိတော့တာ။ ရိုက်ထားတာ မြင်မကောင်းဘူး။ ပါးစပ်နဲ့ နှာခေါင်းမှာလည်း သွေးတွေထွက်နေတယ် ” လို့ ပုသိမ်ဆေးရုံက ဝန်ထမ်းတဦးကလည်း DNA ကိုပြောပါတယ်။
 
မနေ့ဇူလိုင် ၃ ရက် ညနေပိုင်းမှ သေဆုံးသူ ကိုနေမျိုးထက်ရဲ့အလောင်းကို မိသားစုတွေဆီ ပြန်ပေးခဲ့ပြီး ညပိုင်းမှာပဲ မိသားစုတွေကို စစ်ကောင်စီတပ်တွေက အားချင်းမီးသဂြိုလ်ခိုင်းခဲ့တယ်လို့လည်း ဆက်သိရပါတယ်။
 
ပြည်တွင်းမှာ စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်တွေက နိုင်ငံတဝန်း ပုံစံမျိုးစုံနဲ့ ဖမ်းဆီးခဲ့သူပေါင်း ၂၃၆၅၁ ယောက်ရှိပြီး လက်ရှိအချိန်ထိ လူပေါင်း ၁၉၀၀၀ ကျော်ကို စစ်ကောင်စီက ဖမ်းဆီးထားဆဲဖြစ်သလို စစ်တပ်ဖမ်းဆီးထားချိန်အတွင်း သေဆုံးသူပေါင်း ၁၂၈၄ ယောက်အထိ ရှိတယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း က ထုတ်ပြန်ထားပါတယ်။
 
ဓာတ်ပုံ – CJ