ရန်ကုန်မှာ ရက်ပိုင်းအတွင်း လူငယ်နှစ်ဆယ်ဦးလောက် ဖမ်းဆီးခံရ

ဇူလိုင်၊ ၄
 
ရန်ကုန်မြို့က မြို့နယ်တချို့မှာ စစ်ကောင်စီက လေးရက်အတွင်း လူငယ်နှစ်ဆယ်ဦးလောက်အထိ ဖမ်းဆီး သွား တယ်လို့ ဖမ်းဆီးမှုဖြစ်ခဲ့တဲ့ မြို့နယ်တွေမှာ နေထိုင်သူတွေဆီကသိရပါတယ်။
ရန်ကုန်မြို့ ကမာရွတ်၊ ကြည့်မြင်တိုင်နဲ့ ရွှေပြည်သာမြို့နယ် တွေမှာ ဒီကနေ့အပါအဝင် လေးရက်အတွင်း ဖမ်းဆီးခံရတဲ့ လူငယ် နှစ်ဆယ်ဝန်းကျင်အထိ ရှိနေတာပါ။
လူမှုကွန်ရက်စာမျက်နှာမှာ နိုင်ငံရေးပို့စ် တင်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်ကောင်စီတပ်က ဒီကနေ့မနက်ပိုင်းမှာ ရွှေပြည်သာမြို့နယ် သံဒင်း အမှတ် ၁၉ ရပ်ကွက်မှာ နေထိုင်တဲ့ လူငယ် ငါးဦးကို ဖမ်းဆီးသွားတယ်လို့ အဲ့ဒီရပ်ကွက်မှာ နေထိုင်သူတဦးက ပြောပါတယ်။
“ မြတ်လေးလမ်းရဲ့အဆောင်က လူငယ် ငါးဦးကို ဖမ်းသွားတာ၊ အုပ်ကြီးကားလည်း ပါတယ်၊ သူက လမ်းပြလုပ်တာ၊ နိုင်ငံရေးပို့စ်တင်လို့ ဖမ်းတာလို့ ပြောတာပဲ၊ အဆောင်နေဆိုတော့ သူတို့မိသားစုတွေလည်း သိမယ်မထင်ဘူး ” လို့ သူကပြောပါတယ်။
စစ်ကောင်စီတပ်ဟာ ဇူလိုင် ၂ ရက်၊ မွန်းလွဲပိုင်းကလည်း ရွှေပြည်သာမြို့နယ်၊ အမှတ် ၁၁ ရပ်ကွက်မှာ လူငယ်နှစ်ဦးကို ဖမ်းဆီးခဲ့သေးတယ်လို့ ဒေသခံတွေက ပြောပါတယ်။
 
ဖမ်းဆီးခံရတဲ့ လူငယ်နှစ်ဦးဟာ အမှတ် ၁၁ ရပ်ကွက်မှာရှိတဲ့ အ.လ.က (၉) စာသင်ကျောင်း ရဲ့ အနောက်ဘက်တံခါးမှာ စစ်အာဏာရှင်ဆန့်ကျင်ရေးစာတန်း ချိတ်ဆွဲခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးခံခဲ့ရတာလို့လည်း ဒေသခံတဦးက ပြောပါတယ်။
 
” ဒီမြို့နယ်မှာက အခုနောက်ပိုင်း ဒလန်ရှင်းတာတွေ လျော့သွားတော့ အုပ်ချုပ်ရေးမှူးဆိုတဲ့ ကောင်တွေက ပိုဆိုးလာတာပေါ့၊ အဲ့ကလေးနှစ်ယောက်ကိုလည်း အုပ်ကြီးနဲ့ သူတပည့်တွေက လိုက်ဖမ်းပြီးမှ စစ်တပ်ကိုခေါ်ပြီး အပ်လိုက်တာ၊ စစ်တပ်ကတွေ့လို့ အဖမ်းခံရတာမဟုတ်ဘူး ” လို့ ဒေသခံတဦးက ပြောပါတယ်။
 
ဒါ့အပြင် ဇူလိုင် ၁ ရက်ကလည်း စစ်ကောင်စီတပ်က ကမာရွတ်မြို့နယ်၊ အမှတ် (၂) ရပ်ကွက်၊ အင်းစိန်လမ်းမ၊ စံရိပ်ငြိမ် (၁) လမ်းထိပ်မှာ လမ်းသွားလမ်းလာ လူငယ်တဦးရဲ့ဖုန်းကို စစ်ဆေးပြီးနောက် တော်လှန်ရေးစာအုပ်တွေရောင်းပြီး PDF အဖွဲ့တွေကို ထောက်ပံ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။
 
အဲ့ဒီနေ့ ည ၁၀ နာရီ ဝန်းကျင်မှာတော့ ကြည့်မြင်တိုင်မြို့နယ်၊ ဈေးကြီးရပ်ကွက်၊ ပိတောက်ပင်လမ်း မှာ နေထိုင်တဲ့ ပြည်သူ ရှစ်ဦးနဲ့ အဲဒီမြို့နယ်အတွင်းက နောက်ထပ် ပြည်သူ ငါးဦးကိုလည်း လျှပ်စစ်မီးဖြတ်တောက်ပြီး ဖမ်းဆီးခဲ့သေးတယ်လို့ ဒေသခံတဦးက ပြောပါတယ်။
 
” အဲဒီနေ့က မြို့နယ်တော်တော်များများမှာတော့ သူတို့ လမ်းကြောင်းရှိလို့လား မသိဘူး၊ လုံခြုံရေးယူတာရော၊ ကင်းပုန်း ဝပ်တာတွေရော တွေ့နေရတာ၊ အဲ့တော့ ထင်လိုက်တာက သူကိစ္စနဲ့သူပေါ့၊ ပြီးတော့မှ ရပ်ကွက်ထဲမှာ ကြားလိုက်ရတာ လာဖမ်းသွားတာတဲ့၊ ဘယ်ဖမ်းသွားလဲ အခုထိ မသိရသေးဘူး ” လို့ ကြည့်မြင်တိုင်မြို့နယ်၊ ဈေးကြီးရပ်ကွက် နေ ဒေသခံတဦးက ပြောပါတယ်။
 
အဲ့ဒီလို ဖမ်းဆီးခံခဲ့ရတဲ့ သူတွေထဲက အသက် ၂၄ နှစ်အရွယ် ကိုဉာဏ်လင်းထက် ဆိုသူဟာ ဖုန်းစစ်ဆေးခံရရာက Rebirth Art Club Facebook Page ကတဆင့် E-book စာအုပ်တွေ ရောင်းချပြီး PDF တွေကို ထောက်ပံ့တယ်လို့ စွပ်စွဲဖမ်းဆီးခံရတာဖြစ်ပြီး နောက်ထပ်ဖမ်းဆီးမှုတွေဟာ အဲဒီဖြစ်စဉ်နဲ့ ဆက်စပ်နိုင်တယ်လို့ ယူဆကြတာမျိုးတွေလည်း ရှိပါတယ်။
 
ဓာတ်ပုံ – Google (ပုံဟောင်း)