တော်လှန်ရေးတပ်ဖွဲ့တွေ စစ်ဆေးရေးဂိတ်ဝင်တိုက်လို့ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုရှိ

ဇူလိုင်၊ ၄
 
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့အနီး စစ်ကောင်စီပူးပေါင်းတပ်ဖွဲ့တွေရဲ့ စစ်ဆေးရေးဂိတ်တခုကို ပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်ခိုက်ရာမှာ နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှု ရှိတယ်လို့ တော်လှန်ရေးအင်အားစုတွေနဲ့ စစ်ကောင်စီနဲ့ နီးစပ်သူတွေက ပြောပါတယ်။
 
“ သိမ်ဇရပ်အမြောက်တပ် (၃၁၀)အနားမှာ ရှိတဲ့ စက္ကူစက်ရုံဘေးနားက ဂိတ်ပေါ့နော်၊ အဲမှာ စစ်သားနဲ့ ပျူစောထီး တပ်တစိတ်စာ ရှိတယ်၊ အဲဒါကို ကားနဲ့ သွားပစ်ကြတာပါ၊ သူတို့ဘက်က နှစ်ဦးသေတယ်၊ တဦးက ဒဏ်ရာရတာရှိတယ်၊ ကျွန်တော်တို့ဘက်က အထိအခိုက်မရှိပေမယ့် သူတို့ပြန်ပစ်တော့ လာတဲ့ကားကို အဲမှာ ချန်ထားခဲ့လိုက်ရတယ် ” လို့ သထုံခရိုင်၊ ပြည်သူ့ကာကွယ်ရေးတပ် PDF ခေါင်းဆောင် ကိုအေးမင်းထွန်းက ပြောပါတယ်။
 
သိမ်ဇရပ်မြို့၊ စစ်ကောင်စီအမြောက်တပ် (၃၁၀)အနောက်ဘက်ရှိ စက္ကူစက်အဟောင်း ပျူစောထီး၊ စစ်သားပူးပေါင်းတပ်ဖွဲ့ တပ်စွဲထားတဲ့ ဂိတ်တစ်ခုကို ဇူလိုင် ၃ ရက်၊ နံနက် ၁၀ နာရီခွဲခန့်မှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နဲ့ PDF ပူးပေါင်း တပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
 
နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှု ဆယ်မိနစ်ကျော်ကြာ ဖြစ်ပွားရာ စစ်ကောင်စီဘက်က လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ရမ်းသမ်း ပြန်လည်ပစ်ခတ်ခဲ့ပြီး ကားကို ထိမှန်ခဲ့တာကြောင့် ကားကိုထားခဲ့ကာ PDF ပူးပေါင်းတပ်ဖွဲ့ဘက်က အထိအခိုက်မရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
 
“ လျှပ်တပြတ် ဝင်တိုက်တာပေါ့နော်၊ သူတို့ပြန်ပစ်တာ ကားတွေလည်း ထိသွားတာ၊ အဲဒါကြောင့် ချန်ထားလိုက်ရတာ၊ ဝင်ပစ်ပြီးမှသာ တိုက်ပွဲက ဆယ်မိနစ်လောက် ထပ်ဖြစ်တာပေါ့၊ ပစ်ခတ်မှုဖြစ်တော့ အမြောက်တပ်က ၈၀ မမနဲ့ ရှစ်လုံးလောက်ပစ်တယ်၊ ရွာထဲပဲ ကျတာပေါ့၊ ရွာဘက်မှာတော့ အရပ်သားတွေတော့ ထိခိုက်ဒဏ်ရာရတာ မရှိဘူးပေါ့နော် ” လို့ PDF ခေါင်းဆောင် ကိုအေးမင်းထွန်းက ပြောပါတယ်။
 
ဒါပေမယ့် စက္ကူစက်ရုံဘေးအနားက ပစ်ခတ်မှုဖြစ်စဉ်မှာ စစ်မှုထမ်းဟောင်းတဦး သေဆုံးကာ စစ်သားနှစ်ဦး ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့ပြီး အဲဒီထဲက စစ်သားတဦးက ဒဏ်ရာပြင်းထန်နေတာကြောင့် ဆေးကုသမှု ခံယူနေရတယ်လို့ သထုံခရိုင်ရဲတပ်ဖွဲ့မှူးရုံး နဲ့ နီးစပ်သူတဦးက DNA ကို အတည်ပြုပါတယ်။
 
“ မနေ့က ဖြစ်သွားတာပါ၊ တက်လာတဲ့ စာအရ စစ်မှုထမ်းဟောင်း လုံခြုံရေးတပ်ဖွဲ့ဝင်တဦး ကျတယ်၊ စစ်သားနှစ်ဦးက ဒဏ်ရာရတယ်၊ တပ်မတော်သားတဦးကတော့ ဒဏ်ရာနည်းနည်းများတယ်၊ နောက်တယောက်က နည်းနည်းပါးပါး ထိခိုက်တာလောက်ပါပဲ၊ အဲဒီ ဒဏ်ရာများတဲ့သူကတော့ ခြေထောက်နဲ့ ဗိုက်တွေမှာ ကျည်ဖောက်ထွင်းဒဏ်ရာ ရထားတာဆိုတော့ နည်းနည်းစိုးရိမ်ရတာပေါ့နော် ” လို့ ပြောပါတယ်။
 
လက်ရှိကရင်အမျိုးသားအစည်းအရုံး KNU သထုံခရိုင်၊ ကျိုက်ထို-သထုံ ကားလမ်းကြီးတလျှောက်မှာဆိုရင် စစ်ကောင်စီလက်အောက်ခံတပ်ဖွဲ့တွေ တပ်စွဲထားတဲ့ နေရာတွေ ကင်းစခန်းတွေ၊ စစ်ဆေးရေးဂိတ်တွေကို KNLA နဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေက ပြီးခဲ့တဲ့ လကုန်ပိုင်းမှ စတင်ကာ နေ့စဉ်နဲ့ အမျှ တိုက်ခိုက်နေပြီး စစ်ကောင်စီဘက်က အထိနာနေတာလည်း ဖြစ်ပါတယ်။
 
ဒါကြောင့် အဲဒီလမ်းပိုင်းတလျှောက်ကို စစ်ကောင်စီတပ်ဖွဲ့တွေက အင်အားအများအပြားနဲ့ လုံခြုံရေးမြင့်တင်ထားပြီး တပ်စွဲထားတဲ့ နေရာအားလုံးနီးပါးမှာ လက်နက်ကြီးတွေ တပ်ဆင်ထားတယ်လို့ စစ်ကောင်စီနဲ့ နီးစပ်တဲ့သူတွေထံမှ သိရပါတယ်။
 
ဓာတ်ပုံ – Social Media