မြိတ်မြို့မှာ ချိန်းတွေ့နေတဲ့စုံတွဲ ဓားထိုးလုယက်ခံရလို့ လူငယ်အမျိုးသားသေဆုံး

ဇူလိုင်၊ ၄
 
တနင်္သာရီတိုင်း၊ မြိတ်မြို့၊ မြစ်ငယ်ရပ်ကွက်ရှိ ကန်တော်မင်္ဂလာ ကန်ဘောင်မှာ မနေ့ကညပိုင်းက သမီးရည်းစား စုံတွဲ ချိန်းတွေ့နေစဉ် လုယက်မှုဖြစ်ပြီး ဓားထိုးခံရတာကြောင့် လူငယ်အမျိုးသားတဦး သေဆုံးသွားတယ်လို့ မြို့ခံ လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။
 
မြိတ်မြို့ခံလူငယ်နှစ်ဦးဟာ မနေ့က ညရှစ်နာရီဝန်းကျင်က ချိန်းတွေ့နေကြချိန်မှာ အမည်မသိအမျိုးသားနှစ်ဦး ရောက်လာကာ ဓားထောက်လုယက်ခဲ့ကြပြီး ငွေမပေးနိုင်တာကြောင့် ဓားနဲ့ထိုးခဲ့တာလို့ ဆိုပါတယ်။
 
” ကောင်မလေးက တရားခံတွေပြေးမှ အနီးပတ်ဝန်းကျင်က လူတွေကို အကူအညီတောင်း‌မှ ကျွန်တော်တို့ဆီ ဆက်သွယ်လာတာပါ၊ သူ့ကိုလည်း သတ်မယ်လို့ ချိန်းခြောက်ထားလို့ သူတို့ပြေးမှ အော်ဟစ် အကူအညီတောင်းရတာ၊ ကောင်လေးမှာက ပိုက်ဆံ သိပ်မပါဘူးပေါ့ဗျာ၊ ဖုန်းတော့ပါတယ်၊ ဖုန်းကိုယူပြီးမှ ငွေမပါလို့ဆိုပြီး သတ်သွားတာ ” လို့ ကယ်ဆယ်ရေး အဖွဲ့ဝင်တဦးက ပြောပါတယ်။
 
သေဆုံးသူဟာ မြိတ်မြို့ စက်ဝန်းရပ်ကွက်မှာနေထိုင်တဲ့ အသက် နှစ်ဆယ်ကျော်အရွယ် ကိုသော်ဇင်ထွန်းဖြစ်ပြီး ဓားထိုးခံရတဲ့ ဒဏ်ရာတွေကြောင့် ကျော၊ လည်ပင်းနဲ့ မျက်နှာတွေမှာ ထိုးသွင်းဒဏ်ရာ ခြောက်ချက်နဲ့ နေရာမှာတင် သေဆုံးခဲ့တာလို့ သိရပါတယ်။
 
ပြီးခဲ့တဲ့ မေလ နောက်ဆုံးပတ်အတွင်းကလည်း အဲ့ဒီကန်ဘောင်အနီးမှာပဲ လူငယ်စုံတွဲ ဓားထောက်လုယက်ခံ ရပြီး နှစ်ဦးလုံး ဒဏ်ရာတွေရခဲ့ကြပါသေးတယ်။
 
ဓာတ်ပုံ – Social Media