ထားဝယ်ဒေသအခြေစိုက် တော်လှန်ရေးတပ်တွေ ရန်ကုန်-ထားဝယ် ကားလမ်းပေါ်မှာ စစ်ဆေးမှုပြုလုပ်

ဇူလိုင်၊ ၄
 
ရန်ကုန်-ထားဝယ် အမှတ် – ၈ ကားလမ်းမကြိီးပေါ်မှာ နယ်မြေစိုးမိုးရေး လုပ်ငန်းအနေနဲ့ ဇူလိုင်လ ၂ ရက်က ခရီးသွားတွေကို လုံခြုံရေးအရ စစ်ဆေးတာတွေ ပြုလုပ်ခဲ့တယ်လို့ ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့ TPLF က ဇွန်လ ၄ ရက် ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။
 
” ပြည်သူတွေနဲ့အတူ ရောနှောလိုက်ပါလာနိုင်တဲ့ စကစ တပ်သားတွေနဲ့ ဆက်နွယ်သူတွေကို စစ်ဆေးတာပါ။ ခရီးသွားတွေကတော့ ကြည်ကြည်ဖြူဖြူ အစစ်ဆေးခံကြပါတယ်။ စကစ တပ်တွေရဲ့ ပို့ဆောင်ဆက်သွယ်မှု၊ စစ်ဆင်ရေး ကိစ္စတွေကို ဖြတ်တောက်ဖို့ ရည်ရွယ်ပါတယ် ” လို့ ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့ တာဝန်ရှိသူတဦးက DNA ကို ပြောပါတယ်။
 
စစ်ကောင်စီတပ်တွေရဲ့ စစ်ရေး၊ ပို့ဆောင်ဆက်သွယ်ရေး လုပ်ငန်းတွေကို ဖြတ်တောက်ပစ်နိုင်ဖို့ အခုလို စစ်ဆေးမှုလုပ်ရတာဖြစ်ပြီး ဒေသခံတွေနဲ့ ခရီးသွား ပြည်သူတွေဘက်ကလည်း ပူးပေါင်းပါဝင်မှု ရှိတယ်လို့ ဆိုပါတယ်။
 
စစ်ဆေးမှု လုပ်ခဲ့တဲ့ လမ်းပိုင်းနေရာတွေကိုတော့ လုံခြုံရေးအရ ဖြေကြားဖို့ ငြင်းဆိုပါတယ်။
အဲဒီစစ်ဆေးမှုကို ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့ အပါအဝင် ထားဝယ်ဒေသအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ရှစ်ဖွဲ့ ပူးပေါင်းလုပ်ဆောင်ခဲ့ကြတာလို့လည်း သိရပါတယ်။
 
ရန်ကုန်-ထားဝယ် ကားလမ်းမကြီးတလျောက် အထူးသဖြင့် မွန်ပြည်နယ်နဲ့ တနင်္သာရီတိုင်းအတွင်း ပြီးခဲ့တဲ့ ဇွန်လအတွင်းကစပြီး ပြည်သူ့ကာကွယ်ရေးတပ်တွေက ခရီးသွားတွေကို စစ်ဆေးတာတွေ လုပ်လာပြီး ပြည်သူ့ကာကွယ်ရေးတပ်တွေဘက်ကတော့ ခရီးသွားတွေအနေနဲ့ ကြည်ဖြူစွာ အစစ်ဆေးခံကြဖို့ ထုတ်ပြန်တောင်းဆိုထားပါတယ်။
 
ပြီးခဲ့တဲ့ ဇွန်လ ၁၈ ရက်ကလည်း မွန်ပြည်နယ်၊ သံဖြူဇရပ်-ရေး ကားလမ်းပိုင်းမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နဲ့ PDF ပူးပေါင်းတပ်တွေက လမ်းသွားလမ်းလာတွေကို ရှောင်တခင်စစ်ဆေးရာမှာ အရပ်ဝတ်နဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် လေးဦးကို ဖမ်းဆီးရမိခဲ့ပါသေးတယ်။
 
ဓာတ်ပုံ – ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့