ဇူလိုင်၊ ၄
ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်း ကျေးရွာတရွာမှာရှိတဲ့ စစ်ဘေးရှောင်စခန်းကို စစ်ကောင်စီတပ်က ဇူလိုင်လ ၄ ရက်၊ မနက် ၂ နာရီလောက်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒီးမော့ဆိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
အဲဒီစစ်ဘေးရှောင်စခန်းနဲ့ အနီးတဝိုက်မှာ တိုက်ပွဲဖြစ်ပွားတာလည်း မရှိဘဲ စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ပေါင်ငါးရာ ဗုံးနှစ်လုံး၊ ပေါင်တရာ ဗုံးနှစ်လုံး စုစုပေါင်း လေးကြိမ် ဗုံးကြဲခဲ့တာဖြစ်ပြီး အသက် နှစ်နှစ်ကျော်အရွယ် ကလေးငယ်တဦးနဲ့ သူ့မိဘတွေ ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
” တိုက်ပွဲက အခုလောလောဆယ်လည်း မဖြစ်ဘူး၊ အရင်ကလည်း မဖြစ်ဖူးဘူး။ အဲမှာက ရွာခံတွေရော အခြားဒေသက စစ်ရှောင်တွေပါ လာခိုလှုံနေကြတာ၊ စစ်ရှောင်ချည်းတောင် အနည်းဆုံး တထောင်ရှိတယ်။ အခုက ရှောင်တိမ်းဖို့လည်း အဆင်မပြေဖြစ်နေသေးတယ် ” လို့ ဒီးမော့ဆိုမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေးတာဝန် ရှိသူတဦးက DNA ကို ပြောပါတယ်။
ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ ကလေးငယ်နဲ့ သူ့မိဘတွေကတော့ ဆေးကုသမှု ခံယူနေကြပြီဖြစ်ပြီး အသေးစိတ်အခြေအနေကိုတော့ အတိအကျ မသိရသေးဘူးလို့လည်း အဲဒီတာဝန်ရှိသူက ပြောပါတယ်။
တိုက်ခိုက်မှုအတွင်း စစ်ဘေးရှောင်တဲတချို့နဲ့ ယာယီစာသင်ကျောင်း တကျောင်းလည်း ပျက်စီးခဲ့ပြီး အခုချိန်အထိတော့ အသက် သေဆုံးတာ မရှိသေးဘူးလို့ သိရပါတယ်။
ဒီးမော့ဆိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကတော့ စစ်ကောင်စီဟာ မြေပြင်မှာ သူတို့အရေးနိမ့်လာတဲ့အခါ အခုလို အပြစ်မဲ့ ပြည်သူတွေရှိတဲ့ စစ်ရှောင်စခန်းတွေကို ပစ်မှတ်ထားတိုက်ခိုက်တာတွေ မကြာခဏ လုပ်လေ့ရှိတယ်လို့လည်း ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၂၅ ရက်ကလည်း ဖားဆောင်းမြို့နယ်၊ နားကစ်ရွာကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ ရှစ်ကြိမ်တိုက်ခိုက်ခဲ့တာကြောင့် အသက် ၂၀ နဲ့ ၄၀ ကြား အမျိုးသားလေးဦး သေဆုံးခဲ့ပါသေးတယ်။
ကရင်နီပြည်နယ်အတွင်းမှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ဇွန်လတလအတွင်း အရပ်သား ငါးဦး သေဆုံးခဲ့ပြီး နှစ်ဦးကတော့ အပြင်းအထန် ဒဏ်ရာရခဲ့တယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ရဲ့ စစ်တမ်းတွေအရ သိရပါတယ်။
ဓာတ်ပုံ – DMO Local PDF