ဇူလိုင်၊ ၄
ပြည်ပမှာ ထွက်ပြေး တိမ်းရှောင်နေတဲ့ နိုင်ငံရေး တက်ကြွလှုပ်ရှားသူ ၈ ဦးဟာ တသက်လုံး စိတ်မလုံမခြုံ ခံစားချက်မျိုးနဲ့ ရှင်သန်နေစေရမယ်လို့ ဟောင်ကောင် အစိုးရ အဖွဲ့ခေါင်းဆောင်က ပြောကြားလိုက်ပါတယ်။
တရုတ် အစိုးရကို အမာခံ သစ္စာစောင့်သိသူ တဦးအဖြစ် လူသိများတဲ့ ဟောင်ကောင် ခေါင်းဆောင် ဂျွန်လီက ပြည်ပမှာ တိမ်းရှောင်နေတဲ့ တက်ကြွလှုပ်ရှားသူ ၈ ဦးကို ဇူလိုင် ၈ ရက်မှာ ဝရမ်းထုတ်ပြီး အဲဒီလို ခြိမ်းခြောက်ခဲ့တာပါ။ ဟောင်ကောင်ရဲ့ အမျိုးသား လုံခြုံရေး အရာရှိတွေဟာ အဲဒီ ၈ ယောက်ကို ဖမ်းဆီးဖို့ အချိန်တိုင်း ကြိုးစားနေမှာ ဖြစ်တယ်လို့ လီက ဆိုပါတယ်။
ဟောင်ကောင် ရဲတပ်ဖွဲ့က ပြည်ပရောက် တက်ကြွလှုပ်ရှားသူ ၈ ဦးကို အမျိုးသား လုံခြုံရေးဆိုင်ရာ ဥပဒေ ချိုးဖောက်မှုတွေအတွက် ဝရမ်းထုတ်လိုက်တာလို့ ပြောပါတယ်။ သူတို့ကို ဖမ်းမိအောင် သတင်းပေးမှုတိုင်းအတွက် ဟောင်ကောင်ဒေါ်လာ ၁ သန်း၊ တနည်းအားဖြင့် အမေရိကန် ဒေါ်လာ ၁ သိန်း ၃ သောင်း နီးပါးလောက် ဆုငွေ ချီးမြှင့်မယ်လို့လည်း ရဲတွေက မက်လုံးပေးထားပါတယ်။
ဖမ်းဝရမ်း အထုတ်ခံရသူတွေဟာ အမေရိကန်၊ ဗြိတိန်နဲ့ ဩစတြေးလျတို့လို နိုင်ငံတွေမှာ ခိုလှုံနေကြရပါတယ်။ သူတို့ဟာ ၂၀၂၀ ပြည့်နှစ်တုန်းက ဟောင်ကောင်မှာ တရုတ် အစိုးရက တင်းတင်းကျပ်ကျပ် ပြဋ္ဌာန်းလိုက်တဲ့ အမျိုးသား လုံခြုံရေး ဥပဒေသစ်နဲ့ ငြိစွန်းပြီး မျက်ကွယ်မှာ တရားစွဲဆို ခံထားကြရတာ ဖြစ်ပါတယ်။
အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနကတော့ ဟောင်ကောင် အစိုးရရဲ့ လုပ်ရပ်ဟာ အန္တရာယ်များပြီး အခြေခံ လူ့အခွင့်အရေးတွေ၊ အခြေခံ လွတ်လပ်ခွင့်တွေကို ပြောင်ပြောင်တင်းတင်း ထိပါးလိုက်တာ ဖြစ်တယ်လို့ ရှုတ်ချသွားခဲ့ပါတယ်။ ဗြိတိန် နိုင်ငံခြားရေး ဝန်ကြီးဌာနကလည်း တရုတ် အစိုးရက ဗြိတိန်နဲ့ တခြားနိုင်ငံတွေမှာ ရှိနေတဲ့ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေကို ခြိမ်းခြောက် နှုတ်ပိတ်မယ့် ဘယ်လို အားထုတ်မှုကိုမှ လက်သင့်မခံနိုင်ကြောင်း သတိပေးခဲ့ပါတယ်။
ဟောင်ကောင်မှာ တရုတ်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ လနဲ့ချီ ဖြစ်ပွားခဲ့တဲ့နောက် တရုတ် အစိုးရဟာ ဟောင်ကောင်ကို ပိုမို တင်းကျပ်တဲ့ စီမံအုပ်ချုပ်မှုမျိုးနဲ့ ကိုင်တွယ်ခဲ့ပြီး အတိုက်အခံ နိုင်ငံရေး အင်အားစုတွေကို ဖိနှိပ်မယ့် အငြင်းပွားစရာ အမျိုးသား လုံခြုံရေး ဥပဒေသစ်ကို ပြဋ္ဌာန်းခဲ့တာ ဖြစ်ပါတယ်။ အဲဒီ ဥပဒေသစ် အသက်ဝင်မလာခင် ဟောင်ကောင်မှာရှိတဲ့ ထင်ရှားတဲ့ နိုင်ငံရေးသမားတွေနဲ့ ဆန္ဒပြ ခေါင်းဆောင်တွေ အတော်များများဟာ ပြည်ပနိုင်ငံတွေဆီ ထွက်ပြေး တိမ်းရှောင်ခဲ့ကြရပါတယ်။
Ref: CNA