မိုးကုတ်မှာ မြေပြိုကျမှုကြောင့် ကားလမ်းတချို့နဲ့ နေအိမ်တွေပျက်စီး

ဇူလိုင်၊ ၄
 
မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ် မှာ မနေ့ဇူလိုင် ၃ ရက် မနက်ပိုင်းကစပြီး မိုးသည်းထန်စွာ ရွာသွန်းခဲ့တာကြောင့် မြေပြိုမှုတွေ ဖြစ်ပွားခဲ့ပြီး ကားလမ်းတချို့အပါအဝင် လူနေအိမ်နဲ့ ဘုန်းတော်ကြီးကျောင်းတွေ ပျက်စီးခဲ့တယ်လို့ လူမူကယ်ဆယ်ရေး လုပ်ကိုင်သူတွေဆီက သိရပါတယ်။
“ မိုးကုတ်မှာက ဒီလိုမိုးရာသီဆို မြေပြိုကျတာက ဖြစ်လေ့ဖြစ်ထရှိတယ်လေ။ အခုက စမှာပဲပေါ့။ နောက်ဆိုရင် ဒီလိုဖြစ်စဉ်တွေ ကြားရတော့မှာပါ။ မနေ့က ဖြစ်တာကလည်း မိုးများပြီး မြေပြိုကျတာပါ။ နယ်မြေဒေသအရလည်း သွားရေးလာရေးက သိပ်မကောင်းဘူးဗျ၊ ကားလမ်းပျက်သွားတယ် လမ်းကတော့ ရွာလမ်းပါပဲ။ လူတွေကတော့ ထိခိုက်မှုမရှိဘူး၊ မြေပြိုကျနိုင်တာသိတော့ တချို့စိတ်မချရတဲ့ အိမ်တွေက ရှောင်ကြတယ်လေ “ လို့ လူမူကူညီရေး လုပ်ကိုင်သူတဦးက ပြောပါတယ်။
မနေ့မနက်အစောပိုင်းမှာ မိုးကုတ်မြို့အရှေ့ပိုင်းက သဒွတ်သျှို ကျေးရွာမှာ မိုးရွာသွင်းမှုကြောင့် မြေပြိုမှု ဖြစ်ပွားခဲ့ပြီး ဟိုဝ်တ်ကျေးရွာနှင့် ညောင်ကုန်းကျေးရွာသွား ကားလမ်းပေါ်ရှိ ၁၂ ပေ ပတ်လည် ကျောက်စီသံဘောင်တံတားတခု ပျက်ဆီးသွားခဲ့ပါတယ်။
ဒါ့အပြင် အဲဒီမြေပြိုမှုကြောင့် ကျေးရွာရှိ ဇိနမာန်အောင်ကျောင်း အတွင်းမှ အလျား ၂၀၃ ပေ၊ အနံ ၁၇ ပေရှိ ဘုရားစောင်းတန်း ၁ ခု ပြိုကျခဲ့ပြီး ကျပ်သိန်း ၃၀ ကျော်ဖိုး ပျက်ဆီးဆုံးရှုံးခဲ့သလို နေအိမ် ၂ လုံးလည်း ပျက်ဆီးသွားခဲ့တယ်လို့ လူမှုကူညီရေး လုပ်ကိုင်သူတွေက ဆိုကြပါတယ်။
အဲဒီနေရာတဝိုက်မှာ ထပ်ပြီး မြေပြိုနိုင်တဲ့ အခြေအနေတွေ ရှိနေတာကြောင့် ဒေသခံတချို့ ဘေးလွတ်ရာကို ပြောင်းရွေ့မှုတွေ ရှိတယ်လို့လည်း မြို့ခံတွေက ဆိုကြပါတယ်။
မိုးကုတ်မြို့ဟာ တောင်ကုန်းတောင်တန်းတွေအပေါ်မှာ တည်ထားတဲ့အတွက် အခုလို မိုးတွင်းအခါမျိုးမှာ မိုးရွာသွန်းမှုများချိန်တွင် မကြာခဏဆိုသလို မြေပြိုမှုတွေ ဖြစ်ပွါးတက်တာကြောင့် မြေပြိုနိုင်တဲ့ ဒေသတချို့က လူတွေဟာ ဘေးလွတ်ရာကို ခေတ္တရှောင်ရှားနေထိုင်ကြရတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။
ပြီးခဲ့တဲ့နှစ် သြဂုတ်လထဲမှာလည်း မိုးကုတ်မြို့မှာ မြေပြိုမှုတွေ ရှိခဲ့ပြီး ဒေသခံတချို့ သေဆုံးတဲ့ ဖြစ်စဉ်တွေ ဖြစ်ခဲ့ပါတယ်။
စစ်အုပ်စုရဲ့ မိုးလေဝသနဲ့ ဇလဗေဒညွန်ကြားမှု ဦးစီးဌာနကတော့ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့မှာ မုတ်သုံလေအားကောင်းနေတယ်လို့ ဒီကနေ့ ဇူလိုင် ၄ ရက်မနက်ပိုင်းက ထုတ်ပြန်ထားပါတယ်။
အဲဒီမုတ်သုံလေကြောင့် ဒီကနေ့ ညနေပိုင်းအထိ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး အောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတွင် နေရာကျဲကျဲ၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)နဲ့ ချင်းပြည်နယ် တို့တွင် နေရာစိပ်စိပ်နဲ့ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်း ရွာနိုင်တယ်လို့ ဆိုထားပါတယ်။
 
ဓာတ်ပုံ – CJ