နိုင်ငံအနှံ့က တရုတ်စီမံကိန်းတွေအနီး တိုက်ပွဲဖြစ်မှု လျော့ကျလာ

ဇူလိုင်၊ ၄
 
စစ်တပ်အာဏာသိမ်းထားတဲ့ ၁၄ လတာ ကာလနှစ်ခုကို နှိုင်းယှဉ်မယ်ဆိုရင် နိုင်ငံတဝှမ်းက တရုတ်စီမံကိန်းတွေ အနီးတဝိုက်မှာ တိုက်ပွဲဖြစ်ပွားမှု ထက်ဝက်နီးပါး လျော့ကျသွားတယ်လို့ ISP Myanmar ရဲ့ လေ့လာစောင့်ကြည့်မှု အချက်အလက်တွေအရ သိရပါတယ်။
 
အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်ကနေ အခုနှစ် မေလကုန်အထိ နှစ်နှစ်ကျော်အတွင်း တရုတ်-မြန်မာ စီးပွားရေးစင်္ကြန် စီမံကိန်းတွေ အကောင်အထည်ဖော်ဖို့ စီစဉ်ထားတဲ့ မြို့နယ်တွေနဲ့ တခြားတရုတ်စီမံကိန်းတွေ အကောင်အထည်ဖော်နေတဲ့ မြို့နယ် ၆၁ ခုမှာ တိုက်ပွဲပေါင်း ၂၂၄၈ ကြိမ်ထက်မနည်း ဖြစ်ခဲ့တယ်လို့ ISP Myanmar က ပြောပါတယ်။
 
အဲ့ဒီအထဲက ထက်ဝက်ကျော်ဖြစ်တဲ့ တိုက်ပွဲပေါင်း ၁၅၀၀ နီးပါးဟာ အာဏာသိမ်းကာလပထမ ၁၄ လတာ ကာလအတွင်းမှာ ဖြစ်ခဲ့တာပါ။
 
ဒါကြောင့် ၁၄ လတာ ကာလနှစ်ခုကို နှိုင်းယှဉ်ကြည့်ရင် တရုတ်စီမံကိန်းတွေ အနီးတဝိုက်မှာ တိုက်ပွဲဖြစ်ပွားမှုက ထက်ဝက် ( ၅၀ရာခိုင်နှုန်း)ကျော် လျော့နည်းသွားတဲ့သဘော ဖြစ်ပါတယ်။
 
အခုလို တရုတ်စီမံကိန်းတွေအနီး တိုက်ပွဲတွေ လျော့ကျလာတာဟာ တရုတ်ရဲ့ ဩဇာလွှမ်းမိုးမှု အရှိန်ကြောင့်လည်း ပါဝင်နိုင်တယ်လို့ လေ့လာသူတွေက သုံးသပ်ကြပါတယ်။
“ သူက (တရုတ်) မြန်မာပြည်မှာ တဖက်ဖက်ကနေ အင်အားသာပြီးတော့ အပြတ်ဖြစ်နိုင်ဖို့ မဟုတ်ပါဘူး၊ သူ့ပြောစကားနားထောင်ပြီး သူ့အကျိုးစီးပွားတွေ လုပ်ထားလိုက်တာပဲ၊ (တိုက်ပွဲ) မဖြစ်ဘူးဆိုတာက တရုတ်ရဲ့ ဖိအားကြောင့်လည်း ဖြစ်မှာလည်း ပါတာပေါ့ ” လို့ နိုင်ငံရေးလေ့လာသူ ဦးရဲထွန်းက ပြောပါတယ်။
အခုနှစ်အတွင်း တရုတ်အစိုးရ ထိပ်ပိုင်းခေါင်းဆောင်တချို့နဲ့ အဆင့်မြင့်အရာရှိတွေ နေပြည်တော်ကို လာရောက်ကာ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံမှုတွေ လုပ်ခဲ့ကြသလို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကို တွေ့ဆုံဆွေးနွေးတာ၊ စစ်ကောင်စီနဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေကြား တွေ့ဆုံဆွေးနွေးဖို့ ကြားဝင်ညှိနှိုင်းပေးတာမျိုးတွေ ရှိပါတယ်။
 
အာဏာသိမ်းချိန်ကနေ ၂၀၂၃ ခုနှစ်မေလကုန်အထိ နိုင်ငံတဝှမ်းမှာ တိုက်ပွဲပေါင်း ၉၅၀၀ ကျော် ဖြစ်ခဲ့တယ်လို့ အချက်အလက်တွေအရ သိရပါတယ်။ ဒီအထဲမှာ တရုတ်စီမံကိန်း တွေတည်ရှိရာ မြို့နယ်တွေမှာ ဖြစ်ခဲ့တဲ့ တိုက်ပွဲအရေအတွက်ကတော့ လေးပုံတပုံ နီးပါးလောက်အထိ ပါဝင်နေတာပါ။
တရုတ် စီမံကိန်းတွေရှိရာ ဒေသတွေထဲက တိုက်ပွဲအဖြစ်များတဲ့ ဒေသတွေထဲမှာ ကရင်ပြည်နယ်၊ ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကရင်နီ (ကယား)ပြည်နယ် လွိုင်ကော်မြို့တို့ ပါဝင်ပါတယ်။
တရုတ်-လာအို-ထိုင်း-မြန်မာ လေးနိုင်ငံ ကုန်သွယ်ရေးလမ်းကြောင်းသစ် ဖြတ်သန်းရာ ကရင်ပြည်နယ်အတွင်းမှာ တိုက်ပွဲပေါင်း တထောင်ကျော် ဖြစ်ခဲ့သလို နယ်စပ်ဖြတ်ကျော် လျှပ်စစ်ဓါတ်အားပေးလိုင်းတွေ ဖြတ်သန်းမယ့် လွိုင်ကော်မြို့နယ်အတွင်းမှာတော့ တိုက်ပွဲပေါင်း ၂၂၅ ကြိမ် ဖြစ်ခဲ့တယ်လို့ သိရပါတယ်။
ဒါပေမယ့် ရှမ်းပြည်နယ်မြောက်ပိုင်းမှာတော့ အာဏာသိမ်းပြီးနောက် ဒုတိယ ၁၄ လတာ ကာလအတွင်း တိုက်ပွဲဖြစ်ပွားမှုဟာ ပထမ ၁၄ လထက် ထက်ဝက်လောက် လျော့ကျသွားတယ်လို့ ISP Myanmar က ဖော်ပြထားပါတယ်။
“ ရှမ်းပြည်နယ်ကတော့ ၂၀၂၁ နောက်ပိုင်း၊ PDF တွေ ပေါ်လာပြီးနောက်ပိုင်း သိပ်ပြီးတော့ တိုက်ပွဲမရှိဘူးဗျ၊ တိုက်ပွဲ မရှိဘူးဆိုတာက သူတို့အချင်းချင်း တိုက်တာပဲ ရှိတယ်၊ အဲဒီ SSPP နဲ့ RCSS ပေါ့နော်၊ နောက်ပိုင်းတော့ တပ်နဲ့ MNDAA တို့ တိုက်တာတွေလည်း တွေ့ရတာပေါ့၊ အဲဒီနောက်ပိုင်း တရုတ်ကနေပြီးတော့ တိုက်တွန်းပြီးတဲ့နောက်ပိုင်းမှာ တိုက်ပွဲတွေ သိပ်မကြားရတော့ဘူး ” လို့ နိုင်ငံရေးလေ့လာသူ ဦးရဲထွန်းက ပြောပါတယ်။
တရုတ်အစိုးရနဲ့ ဆက်စပ်မှုရှိနေတဲ့ မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့ ဖြစ်တဲ့ ကိုးကန့်တပ် (MNDAA)၊ ရခိုင့်တပ်တော် (AA)နဲ့ တအာင်းတပ် (TNLA) တို့က ပြည်ပရင်းနှီးမြှုပ်မှု စီမံကိန်းတွေကို နှောင့်ယှက်ရင် ထိထိရောက်ရောက် အရေးယူမယ်လို့ အခုလဆန်းပိုင်းမှာပဲ ထုတ်ပြန်ထားပါတယ်။
ဒီမဟာမိတ်သုံးဖွဲ့ စိုးမိုးလှုပ်ရှားရာ နယ်မြေတွေထဲမှာ ဂျပန်နဲ့ အိန္ဒိယတို့ရဲ့ စိမံကိန်း လုပ်ငန်းတွေလည်း အနည်းစု ရှိနိုင်ပေမယ့် အများစုကတော့ တရုတ်နိုင်ငံရဲ့ စီမံကိန်းတွေ ရှိနေတာပါ။
တရုတ်အစိုးရပိုင် ဝမ်ပေါင်ကုမ္ပဏီက လုပ်ကိုင်နေတဲ့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း တည်ရှိရာ စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်မှာတော့ တိုက်ပွဲပေါင်း ၂၆ ကြိမ်ထက်မနည်း ဖြစ်ခဲ့တယ်လို့ ISP Myanmar ရဲ့ အချက်အလက်တွေအရ သိရပါတယ်။
စစ်ကိုင်းတိုင်းဟာ တော်လှန်ရေးအားကောင်းတဲ့ ဒေသတခုဖြစ်ပေမယ့် ဝမ်ပေါင်စီမံကိန်း တည်ရှိရာ ဆားလင်းကြီး မြို့နယ်အတွင်းမှာတော့ နှစ်ဘက်ထိတွေ့တိုက်ပွဲတွေထက် စစ်ကောင်စီက အဲ့ဒီစီမံကိန်းအတွင်းနဲ့ အနီးတဝိုက်တွေမှာ တပ်စွဲထားတာ၊ ဒေသတွင်း ကျေးရွာတွေကို မကြာခဏ စစ်ကြောင်းထိုး မီးရှို့တာတွေကပဲ ပိုများပါတယ်။
တိုက်ပွဲဖြစ်ပွားမှု နည်းပါးတာဟာ လက်နက်အင်အားနဲ့ နောက်ဆက်တွဲ ရင်ဆိုင်ကြုံတွေ့ရမယ့် အခြေအနေတွေက ထင်သလောက်မလွယ်ကူတာကြောင့် အချိန်ယူပြီး လုပ်ဆောင်နေရတာ ဖြစ်တယ်လို့ ဆားလင်းကြီးမြို့နယ် အခြေစိုက် မဟူရာဒေါင်းမင်း အဖွဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။
“ နိုင်ငံရေးအခြေအနေနဲ့ သုံးသပ်ရမယ်ဆိုရင် ဒီဟာကြီးတခုကို သိမ်းလိုက်ပြီဆိုရင် တရုတ်တွေကို ကျွန်တော်တို့ ဖမ်းဆီးထားမယ်၊ အဲဒီမှာ နိုင်ငံတကာ ကုလသမဂ္ဂနဲ့ ရှင်းရမှာ ရှိသေးတယ်၊ အဲဒီတော့ အချိန်တော့ လိုအပ်သေးတယ်ဗျ ” လို့ သူကပြောပါတယ်၊
ဒါ့အပြင် အဲဒီတရုတ်စီမံကိန်း တည်ရှိရာ ဒေသတွေမှာ စစ်ကောင်စီတပ်ဖွဲ့တွေ လုံခြုံရေးအပြည့်အဝ ယူထားတာကြောင့် ဝင်ရောက်တိုက်ခိုက်ဖို့က ထင်သလောက် မလွယ်ကူဘူးလို့ ဆိုပါတယ်။
ပြည်တွင်းက တော်လှန်‌ရေး အင်အားစုတွေကတော့ တရုတ်နိုင်ငံခြားရေးဝန်ကြီးရဲ့ နေပြည်တော် ခရီးစဉ် အပြီးကတည်းက တရုတ်အစိုးရရဲ့ မြန်မာအရေး လုပ်ဆောင်ချက်တွေကို ပြင်းပြင်ထန်ထန် ဝေဖန်မေးခွန်းထုတ် လာတာမျိုးတွေ ရှိသလို NUG နဲ့ NUCC တို့ကပါ ဝေဖန်ထားကြတာပါ။
 
မြန်မာပြည်တွင်းအရပ်ဘက်အဖွဲ့ ၅၀၀ ကျော်ကလည်း တရုတ်အစိုးရအနေနဲ့ အာဏာသိမ်းစစ်ကောင်စီကို ဆက်ပြီး အသိအမှတ်ပြုနေမယ်ဆိုရင် တရုတ်နိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို လူထုတော်လှန်ရေးမှာ ထည့်သွင်းရမယ့် အခြေအနေ ရောက်လာနိုင်တယ်လို့ တရုတ်သမ္မတဆီကို အိတ်ဖွင့်ပေးစာ တစောင် ပေးပို့ထားပါတယ်။
 
ဓာတ်ပုံ – Google