ဇူလိုင်၊ ၄
လက်ရှိ အပြောင်းအရွှေ့ စျေးကွက် ကာလမှာ ဥရောပ အခြေစိုက် နာမည်ကြီး ဘောလုံးသမားတွေကို ဆက်တိုက် ခေါ်ယူနေတဲ့ ဆော်ဒီအာရေးဘီးယား ပရိုလိဂ် ဘောလုံးကလပ်တွေဟာ အင်တာမီလန် ကွင်းလယ်လူ မာဆယ်လို ဘရိုဇိုဗစ်ကိုလည်း ရရှိသွားပြန်ပါပြီ။
ကမ္ဘာကျော် ဘောလုံးကြယ်ပွင့် ခရစ္စတီယာနို ရော်နယ်လ်ဒို ပါဝင်ကစားနေတဲ့ အယ်လ်နက်ဆာ အသင်းဟာ အီတလီ စီးရီးအေ ကလပ်ရဲ့ အသက် ၃၀ အရွယ် ဝါရင့် ခရိုအေးရှား လက်ရွေးစင်ကို ခေါ်ယူနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ အယ်လ်နက်ဆာဟာ ဘရိုဇိုဗစ်အတွက် ပြောင်းရွှေ့ကြေး ယူရို ၁၈ သန်းလောက် ပေးချေဖို့ သဘောတူခဲ့တယ်လို့ ဆိုပါတယ်။
စပိန်လာလီဂါ ချန်ပီယံ ဘာစီလိုနာ အသင်းကလည်း ဘရိုဇိုဗစ်အတွက် အလေးအနက် ချဉ်းကပ်ခဲ့ပေမယ့် အယ်လ်နက်ဆာရဲ့ ကမ်းလှမ်းမှုကို ပြောင်းရွှေ့ကြေး အရရော၊ လုပ်ခလစာ အပိုင်းမှာပါ မယှဉ်နိုင်ခဲ့ပါဘူး။
ဘရိုဇိုဗစ်ဟာ ဒိုင်နမို ဇာဂရက်ဘ် အသင်းကနေ အင်တာဆီ ၂၀၁၅ ခုနှစ်မှာ ကနဦးအဆင့် အငှားနဲ့ ပြောင်းရွှေ့လာပြီး ကတည်းက အီတလီကလပ်မှာ ၈ နှစ်ကြာ စွဲစွဲမြဲမြဲ ကစားခဲ့ပါတယ်။ သူဟာ အင်တာအတွက် ပွဲပေါင်း ၃၃၀ ကိုယ်စားပြုပြီး ၃၁ ဂိုးထိ သွင်းယူနိုင်ခဲ့ပါတယ်။ သူ့ရဲ့ အင်တာ ကစားသမား ဘဝမှာ စီးရီးအေ ချန်ပီယံဆု ၁ ကြိမ်နဲ့ ကိုပါအီတာလီယာ ရှုံးထွက်ဖလား ၂ ကြိမ် ရရှိခဲ့ဖူးပါတယ်။
အခုနွေရာသီမှာ ဆော်ဒီ အခြေစိုက် ကလပ်အသင်းတွေဟာ ရီးရဲလ်မက်ဒရစ် တိုက်စစ်မှူး ကာရင် ဘန်ဇီးမား၊ ဝုလ်ဗ်အသင်းရဲ့ ကွင်းလယ်လူ ရူဘန်နီဗက်စ်၊ ချဲလ်ဆီး ကစားသမားတွေဖြစ်တဲ့ ကာလီဒူ ကူလီဘာလီ၊ အန်ဂိုလန် ကန်တေးနဲ့ အီဒူရက်ဒ် မန်ဒီတို့ကို ခေါ်ယူထားကြပြီး ဖြစ်ပါတယ်။
Ref: BBC