ဇူလိုင်၊ ၄
မြန်မာနိုင်ငံအတွင်းက လက်နက်ကိုင်တော်လှန်ရေးလမ်းစဉ်ကို ကြည့်ရင် အပိုင်း (၂) ပိုင်းခွဲပြီး ကြည့်နိုင်ပါတယ်။ အပိုင်း (၁) ကတော့ — ဗမာပြည်မ အခြေစိုက် ခုခံတော်လှန်စစ်ပွဲဖြစ်ပါတယ်။ အပိုင်း (၂) ကတော့ — တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ အမျိုးသားလွတ်မြောက်ရေးတိုက်ပွဲဖြစ်ပါတယ်။ လောလောဆယ်အားဖြင့် နွေဦးတော်လှန်ရေးအတွင်းမှာ — စစ်အာဏာရှင်စနစ် ဖြိုဖျက်ရေးအတွက် တော်လှန်စစ်နဲ့ အမျိုးသားလွတ်မြောက်ရေးတိုက်ပွဲတို့ ပေါင်းစုံနေတာကိုတွေ့ရပါတယ်။ ဒီနှစ်ခုကို အရှည်သဖြင့် ပေါင်းစပ်ထားနိုင်ရင် လက်နက်ကိုင်လမ်းစဉ်ရဲ့ အောင်ပွဲဟာ တရွေ့ရွေ့ချင်း ရှေ့တိုးပြီး တက်လာနိုင်ပါတယ်။ ဒီနှစ်ခုကို သင်းခွဲထားရင်တော့ — နွေဦးတော်လှန်ရေးရဲ့ လက်နက်ကိုင်ခုခံတော်လှန်စစ်ဟာ တစ်ပိုင်းချင်းစီ ချေမှုန်းသုတ်သင်ခံရမယ့် အနေအထားမှာ ရှိပါတယ်။ အဲဒါကို ဗမာပြည်မက အင်အားစုတွေကလည်း နားလည်ထားပြီးသားဖြစ်သလို၊ စစ်ရေးအတွေ့အကြုံ မြင့်မားတဲ့ လူမျိုးစုခေါင်းဆောင်တွေကလည်း သိကြပါတယ်။
⦿ ကြွက်မနိုင် ကျီမီးရှို့ဗျူဟာ အလုပ်မဖြစ်
လောလောဆယ်အားဖြင့် — မြန်မာစစ်တပ်ကို ပိုင်စိုးထားတဲ့ စစ်ကောင်စီဟာ စစ်လက်နက်အင်အား အလုံးအရင်းနဲ့ တော်လှန်ရေးအင်အားစုတွေကို ဖြိုဖျက်နေတာတွေ့ရပါတယ်။ ဒါပေမယ့် အောင်ပွဲရယ်လို့ ကောင်းစွာ မတွေ့ရသေးပါ။ တော်လှန်ပုန်ကန်သူကို အမြစ်ပြတ် မချေမှုန်းနိုင်တာဖြစ်ခြင်းကြောင့် — ကြွက်မနိုင် ကျီမီးရှို့ဗျူဟာနဲ့ နှိမ်နင်းနေတာလည်း စစ်ကောင်စီက မအောင်မြင်သေးပါ။ စစ်ကောင်စီ ခေါင်းဆောင်တွေအနေနဲ့ တစ်ခု နားလည်ထားဖို့က – ပါတော်မူပြီးနောက်ပိုင်း ကုလားတပ်ခေါ်လာတဲ့ အင်္ဂလိပ်စစ်တပ်က နေရာအနှံ့ ရရာလက်နက်စွဲကိုင်ပြီး တူမီးနဲ့ ဒူးလေးနဲ့ မီးကျိုးမောင်းပြတ်နဲ့ အင်္ဂလိပ်စစ်တပ်ကို ခုခံပုန်ကန်မှုက (၄) နှစ်ကနေ (၆) နှစ်အထိ ကြာခဲ့တယ်ဆိုတာ သတိရပါ။ အင်္ဂလိပ်က အခု စစ်ကောင်စီ လုပ်သလို ကြွက်မနိုင် ကျီမီးရှို့ဗျူဟာနဲ့ သူပုန်တွေ့တဲ့ ရွာကို ရွာလုံးကျွတ် မီးရှို့တာကို လုပ်ခဲ့ပါတယ်။ အထူးသဖြင့် ပုန်ကန်သူတွေ — ဝပ်ကျင်းပျောက်အောင် လုပ်တာပါ။ ဒါတောင်မှ ချက်ချင်းလက်ငင်း မလုပ်နိုင်ပါဘူး။ လေးနှစ်ကျော် ငါးနှစ်လောက်ရောက်မှ တဖြည်းဖြည်း ပုန်ကန်သူ အရေအတွက် လျော့နည်းလာတာပါ။ (၆) နှစ်လောက်အထိ အကင်းသတ်အောင် ချေမှုန်းပြီးမှ မြန်မာပြည်အတွင်းမှာ သူ့ရဲ့ အုပ်ချုပ်ရေးကို တောနဲ့ မြို့ပါ အာဏာစက် ပျံ့အောင် လုပ်နိုင်တာပါ။ အခုဆိုရင်တော့ ပိုဆိုးသွားပြီ။
⦿ အစိုးရ လုပ်ချင်သူ အစိုးရ မလုပ်နိုင်
စစ်ကောင်စီဟာ အုပ်ချုပ်ခွင့်ရချင်လို့ / အစိုးရဖြစ်ချင်လို့ အာဏာသိမ်းပေမယ့် လက်တွေ့မှာ အုပ်ချုပ်ခွင့် မရပါ။ အစိုးရလည်း အမည်ခံသက်သက်သာ ဖြစ်အောင် လုပ်နိုင်ပါသေးတယ်။ တကယ် တိုင်းပြည်နဲ့ လူထုကို အစိုးရ အောင် မလုပ်နိုင်သေးပါ။ ပိုဆိုးတာက — တစ်နိုင်ငံလုံးအနှံ့ လက်နက်ကိုင်အစုအဖွဲ့တွေ အမြောက်အမြား ထွက်ပေါ်လာခြင်းဖြစ်ပါတယ်။ လွတ်လပ်ပြီးခေတ်နောက်ပိုင်း မြန်မာပြည်မှာ အမြင့်မားဆုံးသော လက်နက်ကိုင်အဖွဲ့တွေ ပေါ်ပေါက်လာချိန်ဖြစ်နေပါတယ်။ ဒါ့အပြင် လက်နက်ကိုင်လမ်းစဉ်အပေါ် လူထုထောက်ခံမှု အမြင့်မားဆုံး အချိန်အခါကို ရောက်နေပါတယ်။ လူထုဟာ လက်နက်ကိုင်လမ်းစဉ်အပေါ်မှာ — စိတ်ထဲမှာလည်း ထောက်ခံတယ်။ နှုတ်အားဖြင့်လည်း ကြွေးကြော်ထောက်ခံတယ်။ ကာယကံမြောက်လည်း ထောက်ခံတယ်။ ထောက်ခံရုံသာမကဘူး၊ ကိုယ်တိုင် ဘဝနဲ့ ခန္ဓာကို ပေးဆပ်ပြီး ပုံအပ်တာကို တွေ့ရပါတယ်။ ဒါဟာ — စစ်အာဏာရှင်စနစ်ရဲ့ အကြီးမားဆုံး ရိုက်ခတ်ချက်ဖြစ်နေပါတယ်။
⦿ အပိတ်ဗျူဟာ
စစ်အာဏာသိမ်းမှုကြောင့် စစ်ကောင်စီဟာ အစိုးရအဖြစ်ကို ဖြစ်ဖြစ်မြောက်မြောက် မရရှိသလို၊ သူ့ပါဝါကို ထိုင်ထားတဲ့ အဓိက အင်စတီကျူးရှင်းဖြစ်တဲ့ စစ်တပ်ပြိုလဲကျရှုံးမှုနဲ့ပါ ရင်ဆိုင်နေရပါတယ်။ ဒါ့အပြင် စစ်ကောင်စီရဲ့ နိုင်ငံရေးအမြင်ဟာ — သူ့ကိုယ်သူ ပိတ်ပြီး ကစားတာတွေ့ရသလို၊ အတိုက်အခံနိုင်ငံရေးအင်အားစုနဲ့ တော်လှန်ရေးအင်အားစုတွေကိုလည်း ထွက်ပေါက်မရှိအောင် ပိတ်ပြီး ချေမှုန်းတာတွေ့ရပါတယ်။ ဒါ့ကြောင့်လည်း အမှတ်မထင်ဘဲ လက်နက်ကိုင်လမ်းစဉ်အပေါ် လူထုရဲ့ ထောက်ခံမှုဟာ မထင်မှတ်ဘဲ ထိပ်ဆုံးထိ တက်သွားတာဖြစ်ပါတယ်။
ဗမာနိုင်ငံရေးသမားတွေဟာ နိုင်ငံရေးကို ပိတ်ပြီး ကစားတာ အားသန်သလို၊ နိုင်ငံရေးသမားတွေနဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့ စစ်ဗိုလ်တွေ ကိုယ်တိုင်ကလည်း ပိတ်ပြီး ဗျူဟာခင်းတာကို အားသန်တာတွေ့ရပါတယ်။ ဒါတွေဟာ မြန်မာ့နိုင်ငံရေးအတွက် အကျပ်အတည်းဖြစ်သလို၊ လူထုအတွက်လည်း အကျပ်အတည်းဖြစ်နေပါတယ်။ ဒါ့အပြင် သက်ဆိုင်ရာ အင်အားစုတွေဖြစ်တဲ့ နိုင်ငံရေးအုပ်စုနဲ့ စစ်အုပ်စုအတွက်ပါ အကျပ်အတည်းဖြစ်နေတာတွေ့ရပါတယ်။ ဒါ့ကြောင့် နိုင်ငံရေးဘောင်ပျောက်သွားပြီး စစ်ဘောင်ဟာ — နှစ်ဖက်စလုံးရဲ့ ထွက်ပေါက်လို ဖြစ်လာပါတယ်။ မြန်မာစစ်တပ်အတွက်လည်း စစ်ဘောင်သည်သာ သူ့၏ ထွက်ပေါက်လို့ ယူဆလာတယ်။ နိုင်ငံရေးသမားတွေအတွက်လည်း စစ်ရေးလမ်းစဉ်သည်သာ နိုင်ငံရေး၏ ထွက်ပေါက်လို့ ယူဆလာခဲ့ပါတယ်။ ဒါ့ကြောင့်လည်း အချိန်တိုလေးအတွင်းမှာ မြန်မာပြည်အတွင်း လက်နက်ကိုင်လမ်းစဉ် အမြင့်မားဆုံးထိ ရေပန်းစားတဲ့ အခြေအနေဖြစ်လာတာတွေ့ရပါတယ်။
⦿ စစ်ဘောင်နဲ့ အသားကျလာ
လက်ရှိ မြန်မာပြည်မှာ စစ်ဘောင်က ကျယ်သထက်သာ ကျယ်လာပါလိမ့်မယ်။ အချိန်တိုအတွင်း စစ်ဘောင် ကျဉ်းလာစရာ မတွေ့သေးပါ။ အပြိုင်အဆိုင် လက်နက်အားပြိုင်မှုနဲ့ ဗိုလ်လု အံတုနေကြအုံးမှာဖြစ်ပါတယ်။ စစ်ဘောင်ကျယ်ပြောမှုဟာ ၂၀၂၄ နဲ့ ၂၀၂၅ အတွင်းမှာ အမြင့်ဆုံး အခြေအနေအထိ ထပ်မံရောက်ရှိလာအုံးမှာဖြစ်ပါတယ်။ အညာနဲ့ ပြည်မဒေသက ပေါ်ထွက်လာတဲ့ လက်နက်ကိုင်အစုအဖွဲ့သစ်တွေဟာ လက်နက်ကိုင်နည်းနာနဲ့ တဖြည်းဖြည်း အသားကျလာတာတွေ့ရပါတယ်။ မုဆိုးစိုင်သင်သဘော ဖြစ်လာလို့ စစ်ရေးနည်းမှာ ပိုပြီး အကျွမ်းတဝင်ဖြစ်လာတာတွေ့ရပါတယ်။ ဒါ့အပြင် တိုက်ရင်း သင် / သင်ရင်း တိုက် — လုပ်နေတာဟာ တဖြည်းဖြည်းနဲ့ အရှိန်တစ်ခု ရလာပြီး စစ်ရေးအထာကို ပိုပြီး ကျွမ်းကျင် လာတာတွေ့ရပါတယ်။ သို့သော် စည်းကမ်းပိုင်းနဲ့ စစ်ရေးအတွေးအခေါ်ပိုင်းမှာတော့ လိုအပ်ချက်တွေ မြောက်မြားစွာ ရှိနေပါသေးတယ်။
⦿ စစ်ကောင်စီ လက်အောက်ခံတပ် စစ်ပန်းလာ
လက်နက်အင်အား မတူညီ / မမျှတတဲ့ စစ်ပွဲ အခြေအနေကို တွေ့နေရပါတယ်။ ပြည်မနဲ့ အညာဒေသမှာတော့ အချိန်တိုအတွင်းမှာ ပြတ်ပြတ်သားသား အဖြေမရနိုင်သေးပါ။ ဒါ့ကြောင့် ရေရှည်ပြောက်ကျားခုခံစစ်အသွင်ကိုပဲ တွေ့နေရအုံးမှာ ဖြစ်ပါတယ်။ စစ်ကောင်စီရဲ့ အရှိုက်ကို ထိုးနှက်နိုင်ဖို့ ဆိုတာထက် စစ်ကောင်စီရဲ့ အဖျားအနားသားတွေနဲ့ အောက်ခြေ ဒေသန္တရအဆင့် ဒေါက်တိုင်တွေကို တတိတိနဲ့ ပွန်းပြတ်ပြတ်အောင် ရေရှည် ပြောက်ကျားစစ်နဲ့ ခုခံတော်လှန်နေပါလိမ့်မယ်။ ရန်သူ့လက်နက်ကိုယ့်လက်နက် ပိုဖြစ်လာတာနဲ့အမျှ၊ ပြောက်ကျားစစ်က တဖြည်းဖြည်း အရာရောက်လာပြီး စစ်ကောင်စီလက်အောက်က တပ်ရင်းတပ်မတွေကို စစ်ပန်းအောင် လုပ်နိုင်ပါလိမ့်မယ်။ အခုလက်ရှိ အခြေအနေမှာလည်း စစ်ကောင်စီ လက်အောက်ခံ တပ်ဟာ တဖြည်းဖြည်းနဲ့ စစ်ပန်းလာတာကို ထင်ထင်ရှားရှားတွေ့မြင်နေရပါတယ်။
⦿ ကောက်ချက်
အထက်ပါ တင်ပြချက်တွေဟာ — စစ်ကောင်စီရဲ့ လက်အောက်ခံ တပ်ရင်းတပ်မတွေ အားနည်း ချိနဲ့လာတာကို ပြသနေပါတယ်။ မြန်မာစစ်တပ်ရဲ့ ကျဆင်းမှု ဒီဂရီကို အထူးပြသနေပါတယ်။ ဒါပေမယ့် မြန်မာစစ်တပ်ဟာ သေလောက်အောင် အနာရောဂါတွေ စွဲကပ်နေပေမယ့် လုံးဝ ဘဝနိဂုံးချုပ်သေဆုံးတဲ့ အခြေအနေကို ရောက်နေသးလားဆိုရင်တော့ မရောက်သေးပါဘူး။ မြန်မာစစ်တပ်ဟာ ယိုယွင်းပျက်စီးလာတာ သေချာတယ်။ ဒါပေမယ့် မပြိုလဲသေးပါဘူး။ မြန်မာစစ်တပ်ကို ဖြိုလှဲနိုင်ဖို့အတွက် တော်လှန်ရေးအင်အားစုတွေဘက်က လုပ်စရာတွေ အမြောက်အမြား ရှိနေပါသေးတယ်။ ဒါ့အပြင် တော်လှန်ရေးဒီရေကို ဆက်လက်မြှင့်တင်ထားဖို့ လိုနေပါသေးတယ်။ လက်နက်ခဲယမ်းမီးကျောက် ဖြည့်တင်းနိုင်မှုမှလည်း လိုအပ်ချက်ပေါင်း မြောက်မြားစွာ ရှိနေပါသေးတယ်။
ပြည်မနဲ့ အညာဒေသရဲ့ စစ်ဆင်ရေးအောင်မြင်မှုတွေဟာ —- လူမျိုးစုတိုင်းရင်းသားအစုအဖွဲ့တွေနဲ့ မဟာမိတ်ဆက်ဆံရေး ကောင်းမွန်နေခြင်းဆိုတဲ့ အချက်နဲ့ တိုက်ရိုက်ဆက်စပ်နေပါတယ်။ ဒါ့ကြောင့် လက်ရှိကာလအတွင်းမှာရော — နောက်ကာလတွေအတွင်းမှာပါ၊ တိုင်းရင်းသားတွေ မလိုလားတဲ့ ပါတီကြီးဝါဒကို ရှောင်ဖို့ လိုတယ်၊ လူမျိုးကြီးဝါဒကို ရှောင်ဖို့ လိုပါတယ်။ ဒါ့အပြင် တိုင်းရင်းသားခေါင်းဆောင်တွေ စေတနာမယုတ်အောင် နေဖို့ လိုပါတယ်။ ပြည်မနဲ့ တောင်တန်းအကြား နိုင်ငံရေးယုံကြည်မှုကို ပိုမိုတင်းကျပ်အောင် စည်းနှောင်ထားနိုင်လေလေ၊ စစ်ကောင်စီကို ပွန်းပြတ်ပြတ်အောင် တိုက်ခိုက် ဖြိုဖျက်နိုင်လေလေလို့ ပြောနိုင်မှာ ဖြစ်ကြောင်း တင်ပြလိုက်ရပါတယ် ခင်ဗျား….
မင်းသေ့
ညနေ ၄း၄၀
၃ ၊ ဇူလိုင် ၊ ၂၀၂၃။