အီတလီ ကွင်းလယ်လူ တိုနာလီကို နယူးကာဆယ် စာချုပ်ခေါ်ယူ

ဇူလိုင်၊ ၃

နယူးကာဆယ် ယူနိုက်တက် အသင်းဟာ အီတလီ ကွင်းလယ် ကစားသမား ဆန်ဒရို တိုနာလီကို တရားဝင် စာချုပ် ခေါ်ယူလိုက်ပြီ ဖြစ်ပါတယ်။

အီတလီ လက်ရွေးစင် အသင်းရဲ့ အတောက်ပဆုံး မျိုးဆက်သစ် တဦးအဖြစ် သတ်မှတ် ခံထားရတဲ့ တိုနာလီဟာ အေစီမီလန်ကနေ နယူးကာဆယ်ဆီ ၅ နှစ် စာချုပ်နဲ့ ပြောင်းရွှေ့လာတာပါ။ နယူးကာဆယ် မန်နေဂျာသစ် အက်ဒီဟိုဝီရဲ့ ပထမဆုံး နွေရာသီ ကစားသမားသစ် ဖြည့်တင်းမှု အနေနဲ့ တိုနာလီကို ဝယ်ယူလိုက်တာလည်း ဖြစ်ပါတယ်။

ကစားသမားအတွက် ပြောင်းရွှေ့ကြေးကို ကလပ်အသင်း နှစ်ခုက မထုတ်ပြန်ပေမယ့် စတာလင်ပေါင် ၅၅ သန်းလောက် ဖြစ်မယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ အဲဒီစျေးသာ အမှန်ဆိုရင် တိုနာလီဟာ ပြောင်းရွှေ့ကြေး အမြင့်ဆုံး အီတလီ ဘောလုံးသမား ဖြစ်လာမှာပါ။

သူဟာ ၂၀၂၂ ခုနှစ်က အီတလီ စီးရီးအေ ချန်ပီယံဆု ရခဲ့ပြီး အခုရာသီမှာ ဥရောပ ချန်ပီယံလိဂ် အကြိုဗိုလ်လုပွဲ အဆင့်ထိ တက်လှမ်းခဲ့တဲ့ မီလန်အသင်းရဲ့ အမာခံ ကစားသမား တဦးလည်း ဖြစ်ခဲ့ပါတယ်။

နယူးကာဆယ်က သူ့ကို ယုံယုံကြည်ကြည် ခေါ်ယူခဲ့တဲ့အတွက် ထိုက်တန်တဲ့ ပေးဆပ်မှုမျိုးကို ကွင်းထဲမှာ ပြသသွားချင်ကြောင်း၊ သူ့အနေနဲ့ နယူးကာဆယ်ရဲ့ အိမ်ကွင်း စိန့်ဂျိမ်းပက်ခ်မှာ ကစားရင်း ပရိသတ်တွေရဲ့ နွေးထွေးတဲ့ အားပေးကြိုဆိုမှုနဲ့ ကြုံရဖို့ မစောင့်နိုင်အောင် ဖြစ်မိကြောင်း ပြောကြားသွားပါတယ်။

နယူးကာဆယ် မန်နေဂျာ ဟိုဝီက တိုနာလီဟာ စိတ်ဓာတ်ပိုင်း၊ ကာယကြံ့ခိုင်မှုနဲ့ နည်းစနစ် ကျေညက်မှုတွေမှာ ဘာမှ အပြစ်ပြောစရာ မရှိတဲ့ ကစားသမားမျိုးလို့ ချီးကျူးခဲ့ပြီး အသက် ၂၃ နှစ် အရွယ်မှာတင် ကြွယ်ဝများပြားတဲ့ အတွေ့အကြုံကောင်းတွေ ပိုင်ဆိုင်ထားပြီးပြီလို့ သုံးသပ်ခဲ့ပါတယ်။

ကွင်းလယ်ခံစစ်မှာ အဓိက တာဝန်ယူလေ့ရှိတဲ့ တိုနာလီဟာ ပြီးခဲ့တဲ့ ရာသီက မီလန်နဲ့အတူ စီးရီးအေ ၃၄ ပွဲ ကစားပြီး ၂ ဂိုး သွင်းပေးခဲ့သလို ချန်ပီယံလိဂ် ပြိုင်ပွဲမှာလည်း ၁၂ ပွဲထိ ပါဝင်ကစားခဲ့ပါတယ်။

 

Ref: ESPN