ပျူစောထီးတဦးကိုဖမ်းမိရာက လွန်ခဲ့တဲ့နှစ်နှစ်ကစာသင်ကျောင်း မီးလောင်မှုကျူးလွန်သူတွေကိုဖော်ထုတ် နိုင်ခဲ့တယ်လို့ဆို

ဇူလိုင်၊ ၃

စစ်ကိုင်းတိုင်း၊မင်းကင်းမြို့နယ် အနောက်ဘက် ကြာပင်ရွာကလူငယ် ပျူစောထီးခေါင်းဆောင်ဆိုသူတဦးကို မင်း ကင်းPDF ကဖမ်းမိခဲ့ပြီး ကြာပင်ရွာက အထက်တန်းကျောင်းကို မီးရှို့ခဲ့တဲ့အ ကြောင်း ဝန်ခံ ထားတယ် လို့ People Defense Force Taung Dwin Region –Mingin တပ်ဖွဲ့ကပြောပါတယ်။

ကြာပင်ရွာက လူငယ်ပျူစောထီးခေါင်းဆောင်ဆိုသူ အောင်ဒုန်းဟာ စစ်ကောင်စီစစ်ကြောင်းနဲ့အတူ ကလေးမြို့ နယ်ဘက်ကို လိုက်ပါလာရာက ဇွန်လ ၂၈ရက်က ကလေးမြို့စွန်တနေရာမှာ ပြည်သူ့ကာကွယ်ရေးတပ်တွေက ဖမ်းမိခဲ့တာလို့သိရပါတယ်။

“စစ်ကောင်စီတပ်တွေနဲ့ကလေးဘက်ကိုအတက်မှာလိုက်လာရင်းကျွန်တော်တို့ဖမ်းဆီးရမိခဲ့တယ်လို့ပဲပြောပါရစေ၊ဒီလူကနာမည်ကြီးတဲ့လူတယောက်ပါ၊လောလောဆယ်တော့ကျွန်တော်တို့ကောင်းကောင်းမွန်မွန်ပဲထိန်းသိမ်းထားပါတယ်၊သူလည်းသူလုပ်တာတွေဝန်ခံတဲ့အပြင်ပါတဲ့သူတွေကိုလဲဖော်သွားတော့ကျွန်တော်တို့ဥပဒေအရပဲအရေးယူမှုပြုလုပ်သွားမှာပါ”လို့ People Defense Force Taung Dwin Region –Mingin တာဝန်ရှိသူတဦးက DNA ကို ပြောပါတယ်။

မင်းကင်းမြို့ အနောက်ဘက် မုံရွာ-ကလေးဝ လမ်းအနီးက ကြာပင်ရွာမှာရှိတဲ့ အထက်တန်းကျောင်းဟာ အာဏာ သိမ်းပြီးနောက် လပိုင်းအကြာ ၂၀၂၁ခုနှစ် ဇွန်လအတွင်း မီးလောင်ပျက်စီးခဲ့ပြီး ဘာကြောင့် မီးလောင်မှုဖြစ်ခဲ့တယ် ဆိုတဲ့အကြောင်းရင်းကိုတော့အခုအချိန်အထိ မသိကြရပါဘူး။

လက်ရှိ မင်းကင်း PDF က ဖမ်းမိထားတဲ့ ပျူစောထီးခေါင်းဆောင် အောင်ဒုန်းဆိုသူရဲ့ထွက်ဆိုချက်အရ အထက် တန်းကျောင်းကို မီးရှို့ရာမှာ ဘုန်းတော်ကြီး တပါးအပါအဝင် စုစုပေါင်း ၂၅ဦးအထိ ပါဝင်ပတ်သက်ခဲ့ကြောင်းသိရ တယ်လို့ ဆိုပါတယ်။

အဲ့ဒီလိုစာသင်ကျောင်းကို မီးရှိ့ဖျက်ဆီးခဲ့တာနဲ့ပတ်သက်လို့ အကြောင်းအရင်းကိုတော့ မသိရဘဲ ကြာပင်ရွာက စစ်တပ်ထောက်ခံတဲ့ လင်မယားနှစ်ဦးက  ရှို့ခိုင်းလို့ ရှို့ခဲ့တာဖြစ်ကြောင်း ထွက်ဆိုထားတယ်လို့ Taung Dwin Region –Mingin PDF တာဝန်ရှိသူကပြောပါတယ်။

ကြာပင်ရွာဟာ အိမ်ခြေရာဂဏန်းလောက်ရှိတဲ့ ရွာတရွာဖြစ်ပြီး အဲ့ဒီရွာက အထက်တန်းစာသင်ကျောင်း အနီးမှာ ရဲကင်းစခန်း လည်းရှိပါတယ်။ 

ကြာပင်အထက်တန်းကျောင်းဟာ ၂၀၂၁ခုနှစ် ဇွန်လ ၆ရက် မနက်အစောပိုင်း နှစ်နာရီလောက်မှာ မီးလောင် ခဲ့တာ ဖြစ်ပြီး အဲ့ဒီမီးလောင်နေချိန်မှာ ရွာအုပ်ချုပ်ရေးတာဝန်ရှိသူတွေနဲ့ စစ်ကောင်စီထောက်ခံသူတွေကလာ ရောက် ငြှိမ်းသတ်ကြတာမရှိဘူးလို့ အဲ့ဒီအချိန်တုန်းက ဒေသခံတွေက မီဒီယာတွေကိုပြောထားပါတယ်။

စာသင်ကျောင်းမီးလောင်မှုဖြစ်ပြီးနောက်လပိုင်းအကြာမှာ စစ်ကောင်စီတပ်တွေဟာ ကြာပင်ရွာမှာ လာရောက် တပ်စွဲခဲ့ကြပြီး ဒေသခံလူငယ်တွေကို ပြည်သူ့စစ်တွေအဖြစ် အင်အားစုစည်း ဖွဲ့စည်းတာမျိုးတွေ လုပ်ခဲ့တယ်လို့ တောင်တွင်း ဒေသခံတဦးကပြောပါတယ်။

“ပြီးခဲ့တဲ့နှစ်ကဆယ်တန်းဝင်​ဖြေတာနှစ်ဆယ့်ရှစ်ယောက်ပဲရှိတော့၊ အကုန်ဆယ်တန်းအအောင်ပေး လိုက်ကြ တယ် ၊သူတို့တပ်စွဲပြီးထဲကတချို့လည်းရွာ ကထွက်သွားကြတယ်၊ရှိတဲ့သူတွေထဲကလူငယ်၊လူ လတ်ပိုင်းတွေ ကျတော့လဲသင်တန်းတက်ခိုင်းပြီးပြည်သူ့စစ်ထဲထည့်တယ်၊တချို့ကျတော့လည်းဒီတိုင်းပဲလက်နက်မကိုင်ချင်ဘူးငြင်းပြီးနေနေကြတယ်၊ကျောင်း(မီး)လောင်တုန်းကတော့ထင်ရောင်ထင်မှားဖြစ်ကြတာပေါ့၊ခုသူဖော်မှအကုန်သိရတာ”လို့ အဲ့ဒီ ဒေသခံကပြောပါတယ်။

လက်ရှိမှာတော့ဖမ်းဆီးရမိထားတဲ့ကြာပင်ရွာလူငယ်ပျူစောထီးခေါင်းဆောင်အောင်ဒုန်းဆိုသူကိုအမျိုးသားညီ ညွတ်ရေးအစိုးရပြည်ထဲရေးဝန်ကြီးဌာနရဲ့လမ်းညွှန်ချက်အနဲ့ဥပဒေအရတရားစွဲဆိုနိုင်ရေးအတွက်ဆက်လက် ဆောင်ရွက်နေတယ်လို့သိရပါတယ်။