ဇွန်လအတွင်း နေအိမ် ၂၇၀၀ နီးပါး မီးရှို့ဖျက်ဆီးခံရတယ်လို့ NUG ထုတ်ပြ

ဇူလိုင်၊ ၃

အာဏာသိမ်းစစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းထိုးမီးရှို့တာတွေကြောင့် ပြီးခဲ့တဲ့ဇွန်လအတွင်း ဘာသာရေးအဆောက်အအုံတွေအပါအဝင် နေအိမ်ပေါင်း ၂၆၆၉ မီးရှို့ဖျက်စီးခံရတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရNUG က ဇူလိုင်လ ၂ ရက်နေ့မနေ့က ထုတ်ပြန်ပါတယ်။

အဲဒီထဲမှာ စစ်ကိုင်း၊ မကွေး၊ မန္တလေး၊ ကချင်၊ ရှမ်းနဲ့ တနင်္သာရီတိုင်းတို့ပါဝင်ပြီး ဘာသာရေးအဆောက်အအုံလေးလုံး၊ စာသင်ကျောင်းသုံးကျောင်းနဲ့ မီးရှို့သတ်ဖြတ်ခံရသူ ၁၅ ဦးပါဝင်တယ်လို့ NUG ရဲ့ ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ မီးသတ်ဦးစီးဌာနက ထုတ်ပြန်တာပါ။

အဲဒီလိုမီးရှို့ခံရတာမှာ စစ်ကိုင်းတိုင်းက အများဆုံးဖြစ်ပြီး မီးရှို့ခံရတာ ၇၉ ကြိမ်၊ ဘာသာရေးအဆောက်အအုံလေးလုံး၊ နေအိမ် ၂၅၁၁ လုံးနဲ့ စာသင်ကျောင်းတကျောင်းဖျက်ဆီးခံရကာ အရပ်သားကိုးဦးသေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကိုင်းတိုင်း၊ဆားလင်းကြီးမြို့နယ်အတွင်းသို့ ဇွန်လ ၉ ရက်၊ညောင်ပင်ကြီးရွာရဲစခန်းအတိုုက်ခံရချိန်ကနေ ဒီနေ့အထိ မီးရှို့ဖျက်ဆီးမှုများ နေ့စဉ်နှင့်အမျှလုပ်ဆောင်နေတယ်လို့ ဆားလင်းကြီးမြို့နယ် သတင်းမှန်ပြန်ကြားရေးမှ ကိုစစ်ငြိမ်းကပြောပါတယ်။

“ ဒီတော်လှန်ရေးမှာအားကောင်းတာဒီ စစ်ကိုင်း ၊မကွေး က အားကောင်းတာ ။စစ်ကိုင်းဒီတတိုင်းလုံးနီးပါးက တော်လှန်ရေးမှာကြတော့ အင်တိုက်အားတိုက်ပါဝင်ကြတာ ။

PDF ရော ပြည်သူတွေရောလေ’’ လို့ကိုစစ်ငြိမ်းကဆက်ပြောပါတယ်။

စစ်ကောင်စီဟာ တနိုင်ငံလုံးက မြို့နယ်ပေါင်း ၄၇ မြို့နယ်မှာစစ်အုပ်ချုပ်ရေးကြေညာထားရာမှာ တော်လှန်ရေးးအင်အားကောင်းတဲ့ စစ်ကိုင်းတိုင်း ၁၄ မြို့နယ်အထိပါဝင်နေတာကိုလည်း တွေ့ရပါတယ်။

‘’အဲ့လိုကျတော့ စစ်ကိုင်းမှာက နယ်မြေတော်တော်များက လွတ်မြောက်နယ်မြေမဟုတ်တာတောင်မှ PDF  စိုးမိုးနယ်မြေတွေများတယ် ။အညာပေါ့ဗျာ စစ်ကိုင်းမှာ ၂၅ ရာခိုင်နှုန်းလောက်စိုးမိုးနိုင်နယ်မြေဖြစ်လာပြီ။ စိုးမိုးနယ်မြေလို့ပြောတဲ့အကြောင်းရင်းက လုံးဝတော့ မစိုးမိုးနိုင်ပေမယ့် စစ်ကြောင်းရှိတဲ့ရက်ကလွဲရင် ပြည်သူကအုပ်ချုပ်တယ်။ ဒီNUG ရဲ့  ဉပဒေပြုရေး၊တရား စီရင်ရေးက အစ ပြည်သူတွေက အဲ့ဒီအောက်ကသွားတယ် လိုက်နာကျတယ် အဲ့ဒါကြောင့်လည်းသူတို့တွေက စစ်ကိုင်းတိုင်းကို ပိုပြီးဖိတယ်လို့ယူဆတယ်” လို့သူကပြောထားပါတယ်။

စစ်ကောင်စီတပ်ကမီးရှို့တာမှာ မကွေးတိုင်းကတော့ ဒုတိယအများဆုံးဖြစ်ပြီး မီးရှို့ခံရတာ သုံးကြိမ် ၊ နေအိမ်ပေါင်း ၇၇ လုံးနဲ့ စာသင်ကျောင်းတကျောင်း၊ ကချင်ပြည်နယ်က မီးရှို့ခံရတာနှစ်ကြိမ်နဲ့ နေအိမ်ဆယ်လုံး ပျက်စီးတယ်လို့လည်း ဆက်လက်ဖော်ပြထားပါတယ်။

လက်နက်ကိုင်ခုခံမှုအားကောင်းတဲ့ ဒေသတွေဖြစ်တဲ့ စစ်ကိုင်းတိုင်းမှာ နေအိမ် ၅၃, ၈၁၆ လုံး၊ မကွေးတိုင်းမှာ ၁၀, ၄၅၁ လုံးနဲ့ ချင်းပြည်နယ်မှာ ၁, ၆၃၇ လုံးအပါအဝင် နေအိမ်ပေါင်း ခုနှစ်သောင်းကျော် မီးရှို့ခံထားရတယ်လို့ သုတေသနအဖွဲ့တခုဖြစ်တဲ့ Data For Myanmar က ဇွန်လ ၁၄ ရက်က ထုတ်ပြန်ထားပါတယ်။

‘’စစ်ကောင်စီအနေနဲ့   PDF တွေနဲ့ပေါင်းလို့ပြည်သူတွေရဲ့အိမ်တွေဖျက်ဆီးခံရတယ်၊ ရပ်ရွာတွေဖျက်ဆီးခံရတယ်ဆိုပြီး သွေးကွဲအောင် သူတို့မီးရှို့ပြီးဖျက်ဆီးလေလေ ပြည်သူတွေ ကသူတို့ကို ပိုပြီးမုန်းတီးလာလေ၊နာကြည်းလာလေ၊ဒေသကာကွယ်ရေးတပ်တွေကို ပြည်သူတွေက ပိုပြီးယုံကြည်လာလေ အားကိုးလာလေပဲ/ သူတို့ဖြတ်လေးဖြတ်လည်း ပြည်သူတွေက ဂရုစိုက်မှာမဟုတ်ဘူး ဒီထက်ပိုပြီးလည်း ယုတ်မာလို့ မရတော့ဘူး’’ လို့ ကိုစစ်ငြိမ်းကသုံးသပ်ထားပါတယ်။

ပုံစာ- အာဏာသိမ်းစစ်ကောင်စီတပ်တွေ မီးရှို့ဖျက်ဆီးခဲ့တဲ့ စစ်ကိုင်းနဲ့မကွေးတိုင်းက နေအိမ်အချို့အားတွေ့ရစဉ်။