ဇူလိုင်၊ ၃
နိုင်ငံတကာကနေ လာရောက်ရင်းနှီးမြှုပ်နှံထားတဲ့ စီမံကိန်းတွေကို နှောင့်ယှက်ဖျက်ဆီးသူတွေကို ထိရောက်စွာ အရေးယူသွားမယ်လို့ မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့ဖြစ်တဲ့ ကိုးကန့်တပ်(MNDAA)၊ ရက္ခိုင့်တပ်တော်(AA)နဲ့ တအောင်းတပ်(TNLA)တို့က ထုတ်ပြန်လိုက်ပါတယ်။
မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့ဟာ “ထိန်းချုပ်နယ်မြေအတွင်း တည်ငြိမ်အေးချမ်းရေးအတွက် ပူးတွဲထုတ်ပြန်ကြေညာချက်” ဆိုပြီး ဇူလိုင်လ ၁ ရက် ရက်စွဲနဲ့ အချက်ရှစ်ချက်ပါ ထုတ်ပြန်ချက်ကို ထုတ်ပြန်လာတာပါ။
နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးရဲထွန်းကတော့ အဲဒီ ကြေညာချက်မှာပါတဲ့ ရင်းနှီးမြှုပ်နှံမှုဟာ ဘယ်နိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုတွေလဲဆိုတာ မဖော်ပြထားပေမယ့် တရုတ်နိုင်ငံရဲ့ လုပ်ငန်းတွေကို အဓိက ရည်ညွှန်းတာဖြစ်နိုင်တယ်လို့ ပြောပါတယ်။
“ဒီထုတ်ပြန်ချက်ထဲမှာတော့ ဘယ်နိုင်ငံခြားကုမ္ပဏီလဲ အတိအကျဖော်ပြမထားဘူး။ နိုင်ငံတကာရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီတွေပေါ့နော်၊ အဲဒီဘက်မှာတော့ တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေက အဓိကဖြစ်တာပေါ့။ ဆိုတော့ သူတို့ကြေညာချက်ထဲမှာပါတဲ့ စာသားအလိုအရတော့ အခြားနိုင်ငံကပေါ့၊ တခြားနိုင်ငံကဆိုတော့ ဂျပန်တို့ အန္ဒိယတို့လည်း ရှိကောင်းရှိနိုင်တာပေါ့၊ အဲဒီဟာတွေပါ အကျုံးဝင်တယ်ဆိုတဲ့ သဘောတော့ပါတယ်။ အဓိကက တရုတ်နိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ရှိတဲ့ဒေသဖြစ်နေတော့ အဓိက အဲဒါကို ရည်ညွှန်းပုံရတယ်” လို့ ဦးရဲထွန်းက DNA ကို ပြောပါတယ်။
ဒါ့အပြင် နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ ဒါမှမဟုတ် ပုဂ္ဂိုလ်တွေအပေါ် အနှောင့်အယှက်ပေးတာ၊ ဆက်ကြေးတောင်းတာစတဲ့ ပြစ်မှုတွေ ကျူးလွန်တဲ့ ဘယ်သူ့ကိုမဆို ဥပဒေအရ အရေးယူဆောင်ရွက်သွားမယ်လို့ကြေညာချက်မှာ ဆိုထားပါတယ်။
ဦးရဲထွန်းကတော့ အဲဒီအချက်ဟာ လားရှိုးမြို့နယ်ထဲမှာ ဖြစ်ခဲ့တဲ့ ပြန်ပေးဆွဲတာ၊ လုယက် တာ၊ လူသတ်မှုတွေနဲ့လည်း ဆက်စပ်မှု ရှိနိုင်တယ်လို့ ပြောပါတယ်။
“ကျနော်တို့ကြားတာက မကြာသေးခင်ကပေါ့နော် လားရှိုးမြို့ထဲမှာ လုပ်ငန်းရှင်တွေကို သေနတ်ပြ ဖမ်းဆီးပြီးတော့ ပြန်ပေးဆွဲ၊ ငွေညှစ်တာ အဲလိုအမှုတွေရှိတယ်။ ရှိတယ်ဆိုတာက တယောက်မကဘူးလို့ ကျနော်တို့ ကြားတာပေါ့နော်။ ဆိုတော့ အဲလိုမြို့ပေါ်တက်ပြီးတော့ ပြန်ပေးဆွဲသွားပြီးတော့ ငွေမရလို့ သတ်ပစ်တာတို့၊ နောက် တရုတ်ငွေအမြောက်အမြား သိန်းချီပြီးတောင်းတာတို့ အဲလိုဟာတွေဖြစ်လာတော့ လုပ်ငန်းရှင်တွေ၊ ပြန်ပေးဆွဲခံရတဲ့သူတွေက ဘယ်သူ့အားကိုးလို့ အားကိုးရမှန်းမသိဘူး’’ လို့ ဦးရဲထွန်းက ဆိုပါတယ်။
အဲဒီလိုအမှုတွေအတွက် မြို့ပေါ်က ရဲ၊ လုံခြုံရေးတွေကလည်း အကာအကွယ်မပေးနိုင်တဲ့အတွက် MNDAA ကိုးကန့်အဖွဲ့ကို တိုင်ကြားတယ်လို့ ကြားသိရတယ်လို့လည်း ဦးရဲထွန်းက ဆက်လက်ပြောကြားပါတယ်။
‘’ နောက်ဆုံးတော့ သူတို့က စုံစမ်းပြီးတဲ့အခါကျတော့ အဲဒီရာဇဝတ်မှုကျူးလွန်တဲ့ ဂိုဏ်းသားတွေကို ဖမ်းလိုက်ပြီးတော့ သေဒဏ်ပေးလိုက်တယ် သတင်းကြားတယ်။ဆိုတော့ အဲဒါတွေနဲ့ ဆက်စပ်ပြီးတော့ ဒီနယ်မြေတွေက တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံထားတဲ့ ဒေသတွေနဲ့ ဆက်စပ်နေတာပေါ့။ ဆက်စပ်နေတော့ ဒါတွေကို ကြိုတင်ပြီးတော့ ကာကွယ်တဲ့အနေနဲ့ ဒီထုတ်ပြန်ချက်ထုတ်ပြန်ပြီး သတိပေးလိုက်တယ်လို့ ယူဆပါတယ်” လို့ သူက ပြောပါတယ်။
ကိုးကန့်တပ်(MNDAA) ကတော့ ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နယ်အတွင်းမှာ လူသတ်၊ ဓားပြတိုက်၊ ပြန်ပေးဆွဲမှု ၂၅ ခု ကျူးလွန်ခဲ့သူ လေးဦးကို ဖမ်းဆီးရမိပြီး သက်သေအထောက်အထား ခိုင်လုံလို့ သေဒဏ်စီရင် လိုက်တယ်လို့ ပြီးခဲ့တဲ့ မေလ ၂ ရက်မှာထုတ်ပြန်ထားပါတယ်။
သေဒဏ်စီရင်ခံရသူ လေးဦးဟာ ၂၀၂၂ ခုနှစ်၊ ဇူလိုင်လကနေ အခုနှစ် ဖေဖော်ဝါရီလအထိ လားရှိုးမြို့နယ်အတွင်း ပြန်ပေးဆွဲ လုယက် လူသတ်မှုတွေအပါအဝင် ပြစ်မှု ၂၅ မှုကျူးလွန်ခဲ့ပြီး လုယက်သတ်ဖြတ်ခံရသူတွေအထဲမှာ တရုတ်နိုင်ငံသားတဦး ပါဝင်တယ်လို့လည်း သိရပါတယ်။
ညီနောင်မဟာမိတ်သုံးဖွဲ့က ထုတ်ပြန်တဲ့ အခုကြေညာချက်မှာတော့ အကြမ်းဖက်လုပ်ရပ် ကျူးလွန်သူတွေကို တွေ့ရှိပါက အချိန်မှီသတင်းပို့ကြဖို့နဲ့ လူကုန်ကူးတာ၊ အတင်းအဓမ္မလုပ်အားခိုင်းစေတာ လုပ်တဲ့သူတွေကိုလည်း ထိထိရောက်ရောက် အရေးယူဆောင်ရွက်သွားမယ်လို့ ဖော်ပြထားပါတယ်။
ဒေသတည်ငြိမ်အေးချမ်းရေး၊ လုံခြုံရေးနဲ့ သူတပါးရဲ့ အသက်အိုးအိမ်တွေကို ထိခိုက်စေနိုင်တဲ့ အကြမ်းဖက်လုပ်ရပ်တွေနဲ့ ကျူးလွန်သူတွေကို အားမပေးဘဲ တားဆီးကာ တိုက်ဖျက်သွားမယ်လို့လည်း ဆိုပါတယ်။
ဒါ့အပြင် မြန်မာပြည်သူတရပ်လုံးနဲ့ မိမိတို့တော်လှန်ရေးအဖွဲ့တွေအပေါ်ထောက်ခံအားပေးသူတွေအနေနဲ့ ကမ္ဘာ့ငြိမ်းချမ်းရေး၊ အကြမ်းဖက်တိုက်ဖျက်ရေးနဲ့ ရာဇဝတ်မှုကျူးလွန်တဲ့ လုပ်ရပ်တွေကိုချေမှုန်းဖို့ သူတို့အဖွဲ့နဲ့ ပူးပေါင်းဖို့လည်းတိုက်တွန်းထားပါတယ်။