ဆားလင်းကြီးမှာ စစ်ကောင်စီတပ်က အရပ်သား ၁၅ ဦးကို လူသားဒိုင်းအဖြစ်ဖမ်းဆီးသွား

ဇူလိုင်၊ ၃

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ် ၊ကန်သာရွာကို ဇူလိုင် ၃ ရက်ဒီကနေ့မှာ အင်အား တရာ ခန့်ရှိတဲ့ စစ်ကောင်စီစစ်ကြောင်းက ဝင်ရောက်ပြီး  အရပ်သား ၁၅ ဦး ကိုဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဆားလင်းကြီးမြို့နယ်၊ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)တာဝန်ရှိသူက  DNA ကို ပြောပါတယ်။ 

 “စစ်ကောင်စီတပ်က ဆားလင်းကြီးကထွက်လာပြီးတော့ ကန်သာရွာမှာရှိတဲ့ ပြည်သူတွေရဲ့ နေအိမ်ကပစ္စည်းတွေကို ခိုးယူတယ်။ နောက်ပြီးတော့ ဒေသခံ ၁၅ ဦးကို ဓားစာခံဖမ်းဆီးပြီး ပေါင်းဝနဲ့ဆားခါးရွာကြားကို ရောက်သွားတယ်’’ လို့ဆားလင်းကြီး(ပအဖ) က ကိုစစ်ငြိမ်းက ဆိုပါတယ်။

ဖမ်းဆီးခံရတဲ့ သူတွေဟာ ဘယ်သူတွေဖြစ်တယ်၊ အမျိုးသားနဲက  အမျိုးသမီးဘယ်လောက်ပါဝင်တယ်စတဲ့ အသေးစိတ်အချက်အလက်တွေကို မသိရသေးတဲ့အကြောာင်းလည်း ကိုစစ်ငြိမ်းက ဆက်လက်ပြောပြ ပါတယ်။

‘’ အခုလက်ရှိကတော့ ပေါင်းဝရွာဘုရားပေါ်မှာတပ်စွဲထားပြီး ပြည်သူပိုင်ပစ္စည်းတွေကို ဆက်ခိုးနေတယ်”လို့   ပြောပါတယ်။

အဲဒီ စစ်ကောင်စီစစ်ကြောင်းဟာ ရေစကြိုမြို့နယ်ဘက်ကနေထွက်လာတဲ့ စစ်ကြောင်းဖြစ်ပြီး ဇူလိုင် ၁ ရက်ကလည်း ဆားလင်းကြီးမြို့နယ် ဘုတ်စုရွာကအရပ်သားပိုင်နေအိမ်တွေကို တအိမ်မကျန်ဝင်ရောက်မွှေနှောက်ပြီး ပစ္စည်းတွေ ယူဆောင်သွားတယ်လို့ သိရပါတယ်။

 ဒါ့အပြင် အဆိုပါကျေးရွာက ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးကို လက်နက်နဲ့ အတူဖမ်းဆီးသွားသလို အရပ်သားနှစ်ဦးကိုလည်း ဖမ်းဆီးသွားခဲ့ပါသေးတယ်။  

ဓားစာခံအဖြစ်ဖမ်းဆီးလာတဲ့ အရပ်သား နှစ် ဦးကို ဆားလင်းကြီးမြို့ကို စစ်ကြောင်းမဝင်ခင်မှာ ပြန်လွှတ်ပေးခဲ့ပြီး တပ်ဖွဲ့ဝင်တဦးကိုတော့ ဒီကနေ့အထိ ပြန်လွှတ်ပေးတာမရှိသေးဘူးလို့ ဒေသကာကွယ်ရေးအဖွဲ့တွေထံက သိရပါတယ်။ 

အဆိုပါစစ်ကြောင်းဟာ ခိုးယူထားတဲ့ပြည်သူပိုင်ပစ္စည်းတွေနဲ့အတူ ချင်းတွင်းမြစ်ကြောင်းအတိုင်း အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)တည်ရှိတဲ့ မုံရွာဘက်ကမ်းကိုပြန်ထွက်ဖို့အခြေအနေ တွေ့ရတယ်လို့ ဒေသခံကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။

 ပြီးခဲ့တဲ့ဇွန်လ(၉)ရက်က ညောင်ပင်ကြီးမြို့မရဲစခန်းကို ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကဝင်ရောက်တိုက်ခိုက်ခဲ့ချိန်ကစပြီး စစ်ကောင်စီတပ်တွေက ဒေသခံနေအိမ်တွေကို ဖောက်ထွင်းခိုးယူတာ မီးရှို့တာတွေကို ဒီကနေ့အချိန်ထိ နေ့စဉ်ရက်ဆက်မီးရှို့နေဆဲ ဖြစ်ပါတယ်။ 

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့၊ တာတိုင်ကျေးရွာမှာ ပြီးခဲ့တဲ့ မတ်လဆန်းက စစ်ကောင်စီတပ်တွေက ဒေသခံကာကွယ်ရေးတပ်သားတဦးနဲ့ လူသားဒိုင်းအဖြစ်ဖမ်းဆီးထားတဲ့ အရပ်သား ၁၆ ဦးထက်မနည်းကို သတ်ဖြတ်ခဲ့ပါသေးတယ်။

ပုံစာ-ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ ၂၀၂၃ခုနှစ်၊ ဧပြီလဆန်းက စစ်ကောင်စီက ဒေသခံတွေကို ဖမ်းဆီးခဲ့စဉ်။