ကရင်နီပြည်နယ်မှာ ဇွန်လအတွင်း စစ်ကောင်စီလက်ချက်နဲ့ သေဆုံးသူ ၃၆ ဦးရှိတယ်လို့ ထုတ်ပြန်

ဇူလိုင်၊​ ၃
 
ကရင်နီ (ကယား)ပြည်နယ်မှာ ပြီးခဲ့တဲ့ ဇွန်လအတွင်း စစ်ကောင်စီလက်ချက်နဲ့ သေဆုံးခဲ့ရသူတွေ ၃၆ ဦးရှိတယ်လို့ ကရင်နီ လူ့အခွင့်ရေးအဖွဲ့ တည်ထောင်သူ ကိုဗညားက DNA သတင်းဌာနကို ပြောကြားပါတယ်။
 
” အဓိကဖြစ်တဲ့ အကြောင်းအရင်းကတော့ တိုက်ပွဲတွေ ပိုပြင်းထန်လာတယ်၊ လူထုက ပိတ်မိတဲ့ အခြေအနေလည်း ပိုဖြစ်တာပေါ့၊ အထူးသဖြင့် မိုးဗြဲမှာ ဖြစ်သွားတဲ့ဟာက လူထုတွေကို ရည်ရွယ်ချက်ရှိရှိပေါ့နော် ပစ်ခတ်တိုက်ခိုက် ဖမ်းဆီးသတ်ဖြတ်တဲ့အတွက်ကြောင့်မို့ သေဆုံးမှုတွေ ပိုများလာတယ် ” လို့ ကိုဗညားက ပြောပါတယ်။
 
စစ်ကောင်စီတပ် လက်နက်ကြီးကြောင့် ၁၅ ဦး၊ လေကြောင်းကပစ်လို့ ငါးဦးနဲ့ သေနတ်နဲ့ပစ်ခတ်လို့ သေဆုံးသူ ၁၆ ဦးပါဝင်ပြီး အမျိုးသမီးနှစ်ဦးကတော့ အဓမ္မအကျင့်ခံခဲ့ရတယ်လို့လည်း စစ်တမ်းမှာ ဖော်ပြထားပါတယ်။
 
ဒါ့အပြင် သေဆုံးသူတွေထဲမှာ အမျိုးသား ၁၅ ဦး၊ အမျိုးသမီး သုံးဦးနဲ့ ကျားမ မခွဲခြားနိုင်တဲ့ ၁၈ ဦးဖြစ်တယ်လိုကလည်း စစ်တမ်းမှာ ဆက်လက်ဖော်ပြထားပါတယ်။
 
ကရင်နီဒေသက မြေပြင်အခြေအနေတွေကို ဖော်ပြပေးနေတဲ့ Karenni’s Voice ကတော့ စစ်ကောင်စီကြောင့် ဇွန်လအတွင်း လူပေါင်း ၁၇ ဦးသေဆုံးခဲ့တယ်လို့ ဖော်ပြထားပြီး အသက်မပြည့်သေးတဲ့ ကလေးသူငယ် သုံးဦးပါဝင်တယ်လို့ ထုတ်ပြန်ထားပါတယ်။
 
အသက် ဆယ်နှစ်နဲ့ ၁၅ နှစ်ကြားရှိတဲ့ သူတို့ သုံးဦးစလုံးဟာ မိုးဗြဲမြို့ပေါ်မှာ စစ်ကောင်စီတပ်လက်ချက်နဲ့ သေဆုံးခဲ့ကြတာဖြစ်ပြီး နှစ်ဦးကတော့ ဖမ်းဆီးပြီးမှ ပစ်သတ်ခံခဲ့ရတာလို့ ဆိုပါတယ်။
 
ပြီးခဲ့တဲ့ ဇွန်လ ၅ ရက်က မိုးဗြဲမှာ စစ်ကောင်စီတပ်တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေရဲ့ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးအချက်ရေ တရာကျော် ပစ်ခတ်ခဲ့ပြီး မိုးဗြဲမြို့အတွင်း လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာကြောင့် အသက် ဆယ်နှစ်ခန့်ရှိ ကလေးတဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
 
ဇွန်လ ၈ ရက်မှာတော့ မိုးဗြဲမြို့ စည်ကား (၂) ရပ်ကွက်က နေအိမ်တခုအတွင်းမှာ ရှိနေတဲ့ ညီအစ်ကိုနှစ်ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးပစ်သတ်ခဲ့ပြီး သူတို့ထဲက တဦးကတော့ အသက် ၁၅ နှစ်ခန့်သာ ရှိသေးတယ်လို့ မြေပြင်ကအဖွဲ့တွေကို ကိုးကားပြီး Karenni’s Voice ရဲ့ စစ်တမ်းတွေက ဖော်ပြပါတယ်။
 
အဲဒီနောက် ဇွန်လ ၉ ရက်မှာလည်း စည်ကား (၂) ရပ်ကွက်မှာပဲ အသက် လေးဆယ်ကျော်အရွယ် အမျိုးသားတဦးနဲ့ သူ့ရဲသမီးဖြစ်သူ နှစ်ဦးကို စစ်ကောင်စီတပ်က ဖမ်းဆိီးပစ်သတ်ခဲ့ပြီး သမီးဖြစ်သူနှစ်ဦးအနက် တဦးက အသက် ၁၅ နှစ်သာ ရှိသေးတယ်လို့လည်း ဆိုပါတယ်။
ကရင်နီလူ့အခွင့်အရေးအဖွဲ့ ထူထောင်သူ ကိုဗညားကတော့ စစ်ကောင်စီဟာ ကရင်နီဒေသမှာ သူတို့မအုပ်ချုပ်နိုင်တော့တဲ့ ဒေသတွေက ပြည်သူတွေကို အရင်ကထက် ပစ်မှတ်ထား တိုက်ခိုက်လာတယ်လို့ ပြောပါတယ်။
 
” အခုနောက်ပိုင်း စစ်ကောင်စီက ကျနော်တို့ ပြည်နယ်မှာတော့ တိုက်ပွဲဖြစ်တဲ့ ဧရိယာမဟုတ်လည်း သူတို့ အုပ်ချုပ်မှုအောက်မှာ မရှိတဲ့ နယ်မြေတွေမှာ လူထုကိုတွေ့ရင် ဖမ်းဆီးသတ်ဖြတ်တာတွေ လုပ်လေ့ရှိပါတယ်။ အရင်တုန်းကလည်း လုပ်တယ် အခုနောက်ပိုင်းလည်း ဆက်လုပ်နေတုန်းပဲ ” လို့ ကိုဗညားက ပြောပါတယ်။
 
ကရင်နီပြည်နယ်ထဲမှာ ဇွန်လအတွင်း တိုက်ပွဲပြင်းထန်ခဲ့တဲ့ မိုးဗြဲ၊ ခေါင်အိ၊ မယ်စဲ့၊ ဖားဆောင်း စစ်မျက်နှာတွေအပြင် တိုက်ပွဲဖြစ်ပွားတာ မရှိတဲ့ ဖရူဆိုမြို့နယ် အနောက်ခြမ်းက ကျေးရွာတွေကိုပါ စစ်ကောင်စီက လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်ခဲ့လို့ အရပ်သားသေဆုံးမှုတွေ ပိုများခဲ့တယ်လို့လည်း ဆိုပါတယ်။
 
ကရင်နီလူ့အခွင့်အရေးအဖွဲ့ရဲ့ စစ်တမ်းတွေအရတော့ ဇွန်လအတွင်း စစ်ကောင်စီတပ်ရဲ့ လက်ချက်နဲ့ သေဆုံးခဲ့တဲ့ အရပ်သား ၃၆ ဦးထက်မနည်းရှိခဲ့ပြီး အဲဒီအထဲမှာ လက်နက်ကြီး ကျရောက်ပေါက်ကွဲတာကြောင့် သေဆုံးသူ ၁၅ ဦးအထိ ရှိခဲ့တယ်လို့ ဆိုပါတယ်။
 
ဒါ့အပြင် စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့ ပစ်တာ၊ လေကြောင်းက တိုက်တာကြောင့် နေအိမ် အလုံး နှစ်ဆယ်နဲ့ မီးရှို့ခံရလို့ နေအိမ် ငါးလုံးပျက်စီးခဲ့ပြီး စာရင်းမှာ မပါဘဲ ကျန်တဲ့ ပျက်စီးမှုတွေ ရှိသေးတယ်လို့လည်း စစ်တမ်းက ဆိုပါတယ်။
 
အင်တာနက်နဲ့ ဖုန်းလိုင်းဖြတ်တောက်တာ၊ ဂိတ်တွေမှာ အမျိုးသမီးတွေကို ဦးတည်နှောင့်ယှက်စစ်ဆေးတာ၊ လူငယ်တွေကို ပိုပြီးစစ်ဆေးတာ စတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေလည်း ရှိနေတယ်လို့လည်း ဆက်လက်ဖော်ပြထားပါတယ်။
 
ကရင်နီပြည်နယ်အတွင်းမှာ ဖယ်ခုံ၊ မိုးဗြဲ၊ ဒီမော့ဆို၊ ဖားဆောင်း မြို့နယ်တွေအပြင် မယ်စဲ့မြို့နယ်ထဲမှာလည်း ဇွန်လ တတိယအပတ်လောက်ကစပြီး စစ်ကောင်စီတပ်စခန်း အများစုကို ကရင်နီ တော်လှန်ရေးပူးပေါင်းတပ်တွေက သိမ်းပိုက်နိုင်ခဲ့ပြီးနောက် စစ်ကောင်စီကလည်း အင်အားသုံး ပြန်လည်တိုက်ခိုက်ဖို့ ကြိုးပမ်းတာတွေ ရှိနေပါတယ်။
 
ကရင်နီပြည်နယ်မှာ စစ်အာဏာသိမ်းမှု အစကနေ အခု ၂၀၂၃ ခုနှစ်၊ ဇွန်လကုန်အထိ စစ်ကောင်စီတပ်တွေရဲ့ သတ်ဖြတ်မှုကြောင့် သေဆုံးခဲ့ရတဲ့ အရပ်သား ၃၆၅ ဦးရှိပြီလို့ တိုးတက်သော ကရင်နီပြည်သူ့အင်အားစု PKPF ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
 
” တချို့ဧရိယာက လူထုက သူတို့အပေါ် ပစ်မှတ်ထားပြီး သတ်ဖြတ်မယ် မထင်ခဲ့ကြဘူး၊ အဲလိုမျိုးအတွက်ကြောင့်မို့ ပုံမှန်တိုင်းပဲ ရွာထဲမှာ၊ မြို့ပေါ် ရပ်ကွက်တွေမှာ နေတယ်။ အဲဒီနေရာတွေမျိုးမှာ ဖမ်းဆီးသတ်ဖြတ်ခံရတာပေါ့ ” လို့ ကိုဗညားက DNA ကို ပြောပါတယ်။
 
ဓာတ်ပုံ – Reuters