မန္တလေး – ပြင်ဦးလွင်လမ်းမှာ တွဲကားတစ်စီးတိမ်းမှောက်လို့ ယာဥ်မောင်းသေဆုံး

ဇူလိုင်၊ ၃
 
မန္တလေး-ပြင်ဦးလွင်လမ်း ပေါ် ၁၇ မိုင် အနီးမှာ ဒီကနေ့မနက် အစောပိုင်းက ဂေါ်ဒန်ကျောက်တွေ သယ်လာတဲ့ တွဲကားတစီး တိမ်းမှောက်ခဲ့တာကြောင့် ယာဥ်မောင်းသေဆုံးသွားသလို ယာဉ်နောက်လိုက်ကတော့ ဒဏ်ရာရသွားတယ်လို့ လူမှုကူညီရေး အသင်းတွေဆီက သိရပါတယ်။
ဂေါ်ဒန်ကျောက်များ သယ်လာတဲ့ ၁၂ ဘီး ကုန်တင်တွဲကားဟာ ဘရိတ်ပေါက်ပြီး အရှိန်မထိန်းနိုင်ဘဲ ချောက်ထဲကျ တိမ်းမှောက်ခဲ့တာလို့ အဲ့ဒီဖြစ်စဉ်ကို ကူညီပေးခဲ့တဲ့ စေတနာမွန် လူမှုကူညီရေးအသင်းက ကိုအောင်သူက ပြောပါတယ်။
 
“ ဘရိတ်ပေါက်သွားလို့ မူလလမ်းအတိုင်း မဆင်းဘဲ လမ်းဟောင်းဘက်ကို ထိုးဆင်းပုံရတယ်၊ ဖြစ်ချင်တော့ တံတားအကူးမှာ ကွေ့မဝင်နိုင်ဘဲ တံတားဘေးက ချောင်းထဲကို ထိုးကျသွားပါတယ်၊ ကားပေါ်ပါတဲ့ ဂေါ်ဒန်ကျောက်တွေက ကားခေါင်းကို ပိမိပြီး ယာဥ်မောင်းသေဆုံးသွားရတာပါ၊ နောက်လိုက်ကတော့ အချိန်မှီ ခုန်ချနိုင်လို့ လက်ပဲကျိုးသွားတယ် ” လို့ သူကပြောပါတယ်။
သေဆုံးသွားတဲ့ ယာဉ်မောင်းဟာ အသက်သုံးဆယ်ဝန်းကျင် အရွယ်ရှိသူ ဖြစ်တယ်လို့ သိရပါတယ်။ ချောက်ထဲပြုတ်ကျ တိမ်းမှောက်သွားတဲ့ တွဲကားဟာ အလေးချိန်များတာကြောင့် မီးသတ်သင်တန်းကျောင်းက ကယ်ဆယ်ရေး ကရိန်းနဲ့ ပြန်ဆယ်ယူလို့ မရဘဲ မန္တလေးစက်မှုက ကရိန်းနှစ်စီးနဲ့ သယ်ယူခဲ့ရတယ်လို့ သိရပါတယ်။
အခုဖြစ်စဥ်နေရာ မန္တလေး-ပြင်ဦးလွင် အမြန်လမ်း ၁၇ မိုင်အနီး အိုးတလုံး အဆင်းလမ်းဘက်မှာ ယာဥ်တိမ်းမှောက်မှု ဖြစ်လေ့မရှိပေမယ့် အဲ့ဒီနေရာအနီးက ၁၉ မိုင်နဲ့ ၁၆/၃ မိုင် နေရာတွေမှာတော့ ယာဉ်တိမ်းမှောက်မှုတွေ မကြာမကြာ ဖြစ်လေ့ရှိတာကြောင့် ယာဉ်မောင်းတွေ သတိပြုမောင်းနှင်ကြဖို့ ကိုအောင်သူကပြောပါတယ်။
 
ဓာတ်ပုံ – စေတနာမွန် လူမှုကူညီရေးအသင်း-အုန်းချော