ဇူလိုင်၊ ၃
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်ထဲက တလိုင်း(ထီးလှိုင်) ရွာကို စစ်ကောင်စီတပ်တွေက ဒီကနေ့ ဇူလိုင် ၃ ရက် မနက်ပိုင်းမှာ စစ်ကြောင်းထိုး စီးနင်းမှုတွေ လုပ်ခဲ့လို့ နေအိမ်တွေ မီးရှို့ဖျက်စီးခံလိုက်ရသလို ဒေသခံထောင်ချီလည်း ဘေးလွတ်ရာ ပြေးနေရတယ်လို့ မြေပြင်မှာ ရှိနေတဲ့ သတင်းအရင်းမြစ်တွေဆီက သိရပါတယ်။
” စစ်ကြောင်းက မနက်သုံးနာရီလောက်က ထိုးလာတာ။ ပဒူရွာမှာ ရှိတဲ့ စစ်ကြောင်းပဲ မနက်ကိုးနာရီလောက်မှာ မီးစရှို့တာ။ ဒေသခံတွေကတော့ တလိုင်းရွာကော ဘေးပတ်လည်က ရွာတွေရော အများကြီးပဲ ထောင်ချီရှိနိုင်တယ်။ ဒီကနေ့မနက် နယ်မြေရှင်းလင်းရေး ဝင်တော့ ရွာသုံးပုံနှစ်ပုံလောက်က မီးထဲပါသွားပြီ။ ရွာသားတွေလည်း ငိုကြယိုကြပဲ။ လူသေတာတော့ မရှိဘူး ” လို့ မြေပြင်မှာရှိနေတဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက DNA ကိုပြောပါတယ်။
ဒါ့အပြင် ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတို့ကြားမှာလည်း ထိတွေ့တိုက်ပွဲ အနည်းငယ် ရှိခဲ့ပြီး လက်ရှိအချိန်ထိလည်း စစ်ကိုင်းမြို့အနီးက ကျေးရွာတွေနားမှာ စစ်ကောင်စီက စစ်ကြောင်းထိုး ပစ်ခတ်မှုတွေ ဆက်လုပ်နေဆဲ ဖြစ်တယ်လို့ ဆက်သိရပါတယ်။
ဓာတ်ပုံ – Ko Pyay