ဟားခါးနဲ့ထန်တလန်ကြားမှာ ဒီကနေ့ တိုက်ပွဲပြင်းထန်နေ၊ စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုတွေ ရှိနေပြီး ကာကွယ်ရေးတပ်ဖွဲ့ဝင်နှစ်ဦး ကျဆုံး

 

 

ဇူလိုင်၊ ၃
ချင်းပြည်နယ်အတွင်းက ဟားခါးမြို့နဲ့ ထန်တလန်မြို့ကြားမှာရှိတဲ့ သီတာဖက်ကို ဒီကနေ့ဇူလိုင် ၃ ရက်မနက်ပိုင်းကစပြီး စစ်ကောင်စီတပ်တွေ ကုန်းကြောင်းလေကြောင်းကနေ ထိုးစစ်င် တိုက်ခိုက်နေလို့ နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ CDF ဟားခါးက တာဝန်ရှိသူတဦးက ပြောပါတယ်။
” ဒီကနေ့မနက်မှ ထိုးစစ်ဆင်လာပြီး တိုက်ပွဲ အကြီးအကျယ်ဖြစ်တယ်။ ကျွန်တော်တို့ဘက်က နှစ်ယောက်ကျတယ်။ တောင်ကုန်းတခု ဆုံးရှုံးလိုက်ရတယ်။ စစ်ကောင်စီဘက်လည်း ကျပေမယ့် အတိအကျမသိရသေးဘူး။ လေကြောင်း တိုက်ခိုက်မှုတွေလည်း ရှိထားတယ် မိုးရွာပြီး လိုင်းတွေမကောင်းတော့ အတိအကျ မသိရသေးဘူး ” လို့ CDF ဟားခါးက တာဝန်ရှိသူက DNA ကိုပြောပါတယ်။
ဒီကနေ့တိုက်ပွဲမှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ဟားခါး-ထန်တလန် အကြားက သီတာနားနေစခန်း မှာ နေအိမ်အဆောက်အဦတွေ ပျက်စီးတဲ့ အခြေအနေတွေကိုလည်း ဒေသတွင်းမီဒီယာတွေက ဖော်ပြထားကြပါတယ်။
ဒီကနေ့ တိုက်ပွဲဖြစ်ပွားရာ နေရာဟာ လူနေကျေးရွာတွေနဲ့ အနည်းငယ် အလှမ်းဝေးတဲ့ နေရာလည်းဖြစ်ပြီး ဒေသခံတွေ အခြေအနေကိုလည်း အသေးစိတ် မသိရသေးဘူးလို့ မြေပြင်စစ်ရေးအခြေအနေ သိရှိသူတွေက ပြောပါတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း ချင်းပြည်နယ်မှာ တိုက်ပွဲပေါင်း ၆၀၀ နီးပါး ရှိခဲ့ပြီး ထန်တလမြို့နယ်ကတော့ နေအိမ်ပေါင်း ၁၃၀၀ ကျော်မီးရှို့ခံရမှုနဲ့ အများဆုံးဖြစ်ခဲ့သလို စစ်ဘေးရှောင် တသိန်းလေးသောင်းအထိ ရှိတယ်လို့လည်း ISP Myanmar ရဲ့ အာဏာသိမ်း ၂ နှစ်ပြည့် ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
 
ဓာတ်ပုံ – The Chin Journal
ပုံစာ – စစ်ကောင်စီတပ်တွေ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ သီတာနားနေစခန်း။