ပါလက်စတိုင်း ဒုက္ခသည် စခန်းတခုကို အစ္စရေးက စစ်ဆင်ရေး ဆင်နွှဲတိုက်ခိုက်

ဇူလိုင်၊ ၃

အနောက်ဖက် ကမ်းခြေဒေသက ဒုက္ခသည် စခန်းတခုကို အစ္စရေးက အကြီးစား စစ်ဆင်ရေးတွေ ဆင်နွှဲပြီး တိုက်ခိုက်ခဲ့တယ်လို့ ပါလက်စတိုင်းတွေက စွပ်စွဲခဲ့ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က ညပိုင်းအချိန် တိုက်ခိုက်မှုမှာ ဂျီနင် ဒုက္ခသည် စခန်းကို အစ္စရေး လေကြောင်းကနေ စတင် ထိုးစစ်ဆင် ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီနောက် အစ္စရေး သံချပ်ကာ ယာဉ်တွေက ဒုက္ခသည်စခန်းရဲ့ အစွန်ကနေ အတန်းလိုက် ချီတက်ဝင်ရောက်ခဲ့တယ်လို့ မျက်မြင်တွေက ပြောပါတယ်။

အစ္စရေး ကာကွယ်ရေး ဝန်ကြီးဌာနက ဂျီနင်မှာ ဇူလိုင် ၂ ရက် ညနေပိုင်းမျာ စစ်ဆင်ရေးတရပ် စတင် ဆင်နွှဲခဲ့တယ် ဆိုတာကို အတည်ပြုခဲ့ပါတယ်။ သူတို့ရဲ့ ပစ်မှတ်ဟာ ဒုက္ခသည် စခန်းထဲမှာ ရှိနေတဲ့ ပါလက်စတိုင်း စစ်ရေး အခြေခံ အဆောက်အအုံ တခုကို ဖျက်ဆီးဖို့ ဖြစ်တယ်လို့ အစ္စရေးက ဆိုပါတယ်။

ဂျီနင် ဒုက္ခသည် စခန်းကို ပုန်းခိုစရာ နေရာတခုလို အသုံးချပြီး အကြမ်းဖက်သမားတွေက အစ္စရေး ပြည်သူတွေကို ထိခိုက်နစ်နာအောင် ရန်ပြုနေတာမျိုးကို သည်းခံနေစရာ မလိုဘူးလို့လည်း အစ္စရေးက တင်းတင်းမာမာ ပြောကြားခဲ့ပါတယ်။

ပါလက်စတိုင်း ကျန်းမာရေး ဝန်ကြီးဌာနကတော့ အစ္စရေးရဲ့ တိုက်ခိုက်မှုအတွင်း ပါလက်စတိုင်း ၃ ဦးထက်မနည်း သေဆုံးပြီး ၁ ဒါဇင်ကျော် ဒဏ်ရာရခဲ့တယ်လို့ ကြေညာထားပါတယ်။

ဂျီနင် ဒုက္ခသည် စခန်းထဲမှာ ပါလက်စတိုင်း လက်နက်ကိုင် စစ်သွေးကြွတွေဖြစ်တဲ့ ဖာတာဟ်၊ ဟားမားစ်နဲ့ အစ္စလာမ်မစ် ဂျီဟတ် အဖွဲ့သားတွေ စုစည်းထားတဲ့ ဂျီနင် တပ်ရင်းဆိုတာ ရှိနေပါတယ်။ ဂျီနင်း တပ်ရင်းက သူတို့ဟာ ကျူးကျော်လာတဲ့ ရန်သူတွေကို နောက်ဆုံး အချိန်ထိ အလျှော့မပေးစတမ်း တိုက်ခိုက်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့ လတုန်းကလည်း အစ္စရေး စစ်တပ်ဟာ ဂျီနင် ဒုက္ခသည် စခန်းကို စီးနင်းပြီး ပါလက်စတိုင်း ၆ ဦးလောက်ကို သုတ်သင်ခဲ့ဖူးပါတယ်။ နှစ်ပေါင်းအတော်ကြာ ကာလအတွင်း အစ္စရေးဟာ အနောက်ဖက် ကမ်းခြေ ဒေသမှာ တိုက်ခိုက်ရေး ရဟတ်ယာဉ်တွေကိုပါ ပထမဆုံးအကြိမ် ထုတ်သုံးပြီး အဲဒီ စစ်ဆင်ရေးကို ဆင်နွှဲခဲ့တာလို့ သိရပါတယ်။

 

Ref: BBC