ဇူလိုင်၊ ၃
မိုခါမုန်တိုင်း ဒဏ်အဓိကသက်ရောက်ခဲ့တဲ့ ရခိုင်ပြည်နယ်မှာ နိုင်ငံတကာက လှူဒါန်းထားတဲ့ အရေးပေါ် ရိက္ခာနဲ့ ကယ်ဆယ်ရေး ပစ္စည်းတွေကို ပြင်ပစျေးကွက်ထဲမှာ ရောင်းချနေတာ တွေ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မုန်တိုင်းကြောင့် ထိခိုက်သူ တသန်းခွဲကျော် ရှိခဲ့တဲ့ ရခိုင်ပြည်နယ်မှာ အကူအညီ လိုနေသူတွေအားလုံး အကူအညီတွေ မရကြသေးပေမယ့် မုန်တိုင်းသင့်ပြည်သူတွေအတွက် ထောက်ပံ့ပေးထားတဲ့ ပစ္စည်းတွေကတော့ ဈေးကွက်အတွင်း အရောင်းအဝယ်ပြုလုပ်ရာ ကုန်စည်တွေအဖြစ် တွေ့နေရတယ်လို့ ရခိုင်ဒေသခံတွေက ဆိုကြပါတယ်။
” နယ်ခြားစောင့်တွေက သူတို့ကားနဲ့ ငါးသေတ္တာတွေ တင်ပြီး ဆိုင်မှာ လာသွင်းတယ်၊ ဆိုင်ကို သွားသွင်းတာတော့ မဟုတ်ဘူး၊ ဆိုင်ရှင်ရဲ့ အိမ်ကို သွားပို့တာ၊ အရပ်၀တ်တွေနဲ့ လာပို့တာပါ၊ ဒါပေမယ့် သူတို့က နယ်ခြားစောင့်တွေ ဆိုတာတော့ သေချာပါတယ် ” လို့ မောင်တောမြို့ခံတဦးက ပြောပါတယ်။
မုန်တိုင်းအပြီးမှာ ထိုင်း၊ အိန္ဒိယ အပါဝင် အာဆီယံနိုင်ငံတွေဟာ မုန်တိုင်းသင့်ဒေသခံတွေအတွက် ငါးသေတ္တာ၊ မုန့်၊ ခြင်ထောင်၊ ဆေးဝါး၊ တာပေါ်လင် စတဲ့ကယ်ဆယ်ရေးပစ္စည်းတွေ လှူဒါန်းထားကြပြီး အဲဒီပစ္စည်းတွေကို စစ်ကောင်စီက လက်ခံရယူကာ ဖြန့်ဝေပေးနေတာဖြစ်ပါတယ်။
“ အရင်တုန်းက ဒီမြို့မှာ ငါးသေတ္တာဗူးတွေ တခါမှ မမြင်ဖူးဘူး၊ အခု တမြို့လုံး၊ တစျေးလုံး ငါးသေတ္တာဗူးတွေချည်းပဲ၊ ရပ်ကွက်ဆိုင်သေးလေးတွေမှာတောင် ရှိတယ်၊ အဲဒါတွေ ဘယ်ကဟာဖြစ်မလဲ၊ စစ်တပ်က ထုတ်ရောင်းတဲ့ ဟာတွေပဲပေါ့၊ စျေးထဲမှာ စစ်တပ်က ပြန်ရောင်းထားတာတွေ ” လို့ ရခိုင်ပြည်နယ် မင်းပြားမြို့က ဒေသခံတဦးက DNA ကို ပြောပါတယ်။
စစ်ကောင်စီဟာ မုန်တိုင်းသင့်ပြည်သူတွေအတွက် ကယ်ဆယ်ရေးပစ္စည်းတွေကို စစ်ကား၊ စစ်သင်္ဘော၊ တပ်လေယာဉ်တွေနဲ့ သယ်ယူပြီး ပြည်နယ်မြို့တော် စစ်တွေမြို့ကို ကနဦး ပို့ဆောင်ပါတယ်။
အဲဒီကနေတစ်ဆင့် နယ်မြို့နယ်တွေဆီ စစ်ရေယာဉ်၊ စစ်ကားတွေနဲ့ ပေးပို့ကာ အဲဒီပစ္စည်းတွေကို စစ်တပ် အရာရှိတွေရဲ့ စီမံခန့်ခွဲမှုနဲ့ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူး တွေဆီကနေတစ်ဆင့် ဖြန့်ဝေပေးတာ ဖြစ်တယ်လို့ အုပ်ချုပ်ရေးမှူးတွေက ပြောကြပါတယ်။
” ကျွန်တော်တို့ အုပ်ချုပ်ရေးမှူးတွေ ဘာမှ မသိရဘူး၊ သူတို့ခိုင်းတာပဲ လုပ်ရတာ၊ ထွေအုပ်ကတဆင့် ပေးတယ်ဆိုပေမယ့် အကုန်လုံးကို စစ်တပ်က ကိုင်ထားတာပါ၊ ဒီငါးသေတ္တာတွေကလည်း အာဆီယံနိုင်ငံတွေက လှူတယ်ဆိုတာ သတင်းတွေမှာ တွေ့တယ်လေ၊ ဒါပေမယ့် အခုထိ အဲဒါတွေ ကျွန်တော်တို့ကို မပေးသေးဘူး၊ ဘာမှမပေးဘဲ ထုတ်ရောင်းလိုက်တာပါ ” လို့ မင်းပြားမြို့နယ်က အုပ်ချုပ်ရေးမှူးတဦးက ပြောပါတယ်။
စစ်တပ်ဟာ ငါးသေတ္တာဗူးတွေအပြင် မုန်တိုင်းဒဏ်သင့်ပြည်သူတွေအတွက် နိုင်ငံတကာက လှူဒါန်းထားကြတဲ့ မုန့်တွေကိုလည်း အပြင်ထုတ်ရောင်းတာ မျက်မြင်တွေရှိကြသလို မုန်တိုင်းသင့်ပြည်သူတွေကို ထောက်ပံ့ရမယ့် ဆန်၊ ဆီ စတဲ့ရိက္ခာတွေထဲက ဖြတ်ယူနေတာတွေလည်း ရှိတယ်လို့ ရခိုင်ဒေသခံတွေက ဝေဖန်ကြပါတယ်။
“ ကယ်ဆယ်ရေး ပေးတဲ့ မုန့်တွေ တစ်ချို့ကိုတော့ ပေးပါတယ်။ ဒါပေမယ့် ဆိုင်တွေကိုလည်း သူတို့ စစ်တပ်က သွားရောင်းတာ ရှိတယ်။ စစ်သားတွေက ကားနဲ့တင်လာပြီးတော့ ဆိုင်ကို လာရောင်းတာ။ မြင်လိုက်ရတဲ့သူတွေရှိတယ် ” လို့ မောင်တောဒေသခံတစ်ဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ ဆယ်စုနှစ်တခုကျော်အကြာ နအဖ အစိုးရလက်ထက် ၂၀၀၈ ခုနှစ်က ဧရာဝတီတိုင်းကို အဓိက ရိုက်ခတ်ခဲ့တဲ့ နာဂစ်မုန်တိုင်းကာလတုန်းကလည်း အခုလိုပဲ မုန်တိုင်းသင့်ပြည်သူတွေအတွက် ထောက်ပံ့ရေးပစ္စည်းတွေဟာ ဈေးကွက်အတွင်း အုံနဲ့ကျင်းနဲ့ ရောက်နေခဲ့တာကြောင့် ဝေဖန်မှုတွေ ရှိခဲ့ပါတယ်။
စစ်ကောင်စီဟာ ရခိုင်ပြည်နယ်အတွင်းက မုန်တိုင်းဒဏ်သင့်ပြည်သူတွေကို ထိရောက်တဲ့ အကူအညီတွေ မပေးသလို အကူအညီပေးလိုတဲ့ ကုလသမဂ္ဂ၊ နိုင်ငံတကာနဲ့ ပြည်တွင်းကူညီရေးအဖွဲ့တွေကိုလည်း ကန့်သတ်၊ ပိတ်ပင်မှုတွေ ပြုလုပ်နေပြီး လက်ရှိအချိန်အထိ ခရီးသွားလာခွင့်တွေ ကန့်သတ်ခံနေရဆဲ ဖြစ်တယ်လို့ ကူညီရေးအဖွဲ့တွေက ပြောကြပါတယ်။
စစ်ကောင်စီဟာ မုန်တိုင်းသင့်ပြည်သူတွေကို ဆန် (တဦးလျှင် နို့ဆီဗူး နှစ်လုံးကျ)၊ ဆီတချို့သာ ထောက်ပံ့ပေးပြီး ထိရောက်တဲ့ အကူအညီတွေ ပေးတာမျိုး အခုထိ မတွေ့ရသေးဘူးလို့ ဒေသတွင်းအရပ်ဖက်အဖွဲ့တွေနဲ့ ဒေသခံတွေက ပြောကြပါတယ်။
“ အိမ်တွေ လုံး၀ ပျက်သွားပြီးတော့ ပြန်ဆောက်စရာမရှိ၊ နေစရာမရှိတဲ့သူတွေတောင် ဘာမှ အကူအညီမရကြသေးဘူး ” လို့ ပုဏ္ဏာကျွန်းမြို့နယ် ကျောက်ဆိပ်ကျေးရွာက ဒေသခံတဦးက ပြောပါတယ်။
စစ်ကောင်စီဟာ ပြီးခဲ့တဲ့ တိုက်ပွဲကာလတုန်းကလည်း စစ်ဘေးဒုက္ခသည်တွေအပေါ် သွားရောက်ကူညီတဲ့ ကူညီရေးအဖွဲ့တွေကို ဟန့်တား၊ ကန့်သတ်မှုတွေ ပြုလုပ်ပြီး နိုင်ငံတကာကူညီရေးအဖွဲ့ (INGOs)တွေကိုလည်း ခရီးသွားလာခွင့်တွေ လနဲ့ချီပြီး ပိတ်ပင်ထားခဲ့ဖူးပါတယ်။
ပြီးခဲ့တဲ့ မေလ ၁၄ ရက်နေ့က တိုက်ခတ်ခဲ့တဲ့ မိုခါမုန်တိုင်းကြောင့် ရခိုင်မှာ နေအိမ်ပေါင်း (၂၈၈၅၃၀) ပျက်စီးခဲ့ပြီး မုန်တိုင်းဒဏ်သင့် ထိခိုက်သူပေါင်း (၁၅၄၇၇၆၁)ဦး ရှိကာ မုန်တိုင်းဒဏ်သင့်လူဦးရေရဲ့ ၇၀ ရာခိုင်နှုန်းဟာ အကူအညီတွေ လိုအပ်နေဆဲဖြစ်တယ်လို့ ရခိုင့်တပ်တော် (AA)က ထုတ်ပြန်ထားပါတယ်။
ဓာတ်ပုံ – CINCDS
ပုံစာ – အိန္ဒိယနိုင်ငံက ပေးပို့တဲ့မုန်တိုင်းသင့်သူတွေအတွက် အရေးပေါ်အကူအညီများကိုတွေ့ရစဉ်။