လက်နက်ကိုင်ခုခံတော်လှန်စစ် အခြေအနေ

ဇူလိုင်၊ ၃

လူအတော်များများ ထင်နေတာ ရှိတယ်။ လက်ရှိ နွေဦးတော်လှန်ရေးရဲ့ လက်နက်ကိုင် ခုခံတော်လှန်စစ်ဟာ စစ်ကောင်စီရဲ့ဗဟိုချက်ကို ချက်ချင်း ဝုန်းဒိုင်းကြီး အပြိုင်ကြဲ တိုက်ခိုက် ဖြိုဖျက်ပြီး အောင်ပွဲခံလိမ့်မယ်လို့ ထင်မြင်လေ့ရှိတာတွေ့ရပါတယ်။တကယ်တော့ နွေဦးတော်လှန်ရေးရဲ့ လက်နက်ကိုင်ခုခံတော်လှန်စစ်ဟာ အောင်ပွဲခံရင်တောင် အဲသည့်လို ချက်ချင်းလက်ငင်းဗဟိုချက်ကို ဖြိုဖျက်နိုင်တယ်ဆိုတာထက် — တအိအိချင်း ဝက်အူရစ်တင်းသလို စစ်ကောင်စီရဲ့ စစ်ရေးမဟာဗျူဟာ လည်မြိုကို တင်းသထက် တင်းအောင် ညစ်ပြီး တဖြည်းဖြည်းချင်း အောင်ပွဲခံနိုင်မယ့် သဘောရှိပါတယ်။ ဒါပေမယ့် ဒီအဆင့်အတန်းကိုရဖို့အတွက် နောက်ကွယ်က အားဖြည့်ရမယ့် ကိစ္စရပ်တွေ အမြောက်အမြား ရှိနေပါတယ်။

⦿ ခဲယမ်းမီးကျောက် ဖြည့်တင်းရေး

လက်ရှိ နွေဦးတော်လှန်ရေးအတွင်းက လက်နက်ကိုင်ခုခံတော်လှန်စစ်မှာ — ခဲယမ်းမီးကျောက်ရရှိရေးဟာ အထူးအရေးကြီးတဲ့နေရာမှာ ရှိနေပါတယ်။ အဲသည့်အတွက်လည်း အမျိုးသားညီညွတ်ရေးအစိုးရအပြင် ဆိုင်ရာ ဆိုင်ရာ လက်နက်ကိုင်အစုအဖွဲ့တွေက လက်နက်ခဲယမ်းမီးကျောက် လုံလောက်ပြည့်စုံစွာ ရရှိရေးကို အထူး အာရုံစိုက် လုံးပမ်းနေကြတာတွေ့ရပါတယ်။

နွေဦးတော်လှန်ရေးဟာ — ပြည်တွင်းစစ် အသွင်ဖြစ်နေပြီး၊ တစ်ဖက်မှာလည်း အမျိုးသားလွတ်မြောက်ရေးအတွက်တော်လှန်ရေးစစ်ပွဲ ပုံစံဖြစ်နေပါတယ်။ ဒါ့အပြင် လူထုလွတ်လပ်ခွင့်အတွက် တိုက်ပွဲဝင်တဲ့ စစ်အာဏာရှင်တော်လှန်ရေးစစ်ပွဲဖြစ်နေပါတယ်။ လောလောဆယ်အားဖြင့် တွေ့မြင်နေရတဲ့ စစ်ရေးအနေအထားဟာ — ခုခံတော်လှန်စစ် ပုံစံနဲ့ ပြောက်ကျားစစ်အသွင်သဏ္ဍာန်ကိုသာ အတွေ့ရများတာတွေ့ရပါတယ်။ ရံဖန်ရံခါ ထိုးစစ်နဲ့ ချေမှုန်းရေးစစ်တွေလည်း မကြာမကြာ တွေ့ရပြီမို့၊တဖြည်းဖြည်းချင်း စစ်ကောင်စီကို လည်မြို နင်းသလို တင်းလာနိုင်တာကို တွေ့ရပါတယ်။

⦿ အချိန်တိုအတွင်း

လက်နက်အင်အားဖြည့်တင်းရေးဟာ — နွေဦးတော်လှန်ရေးအတွင်းက လူထုလှုပ်ရှားမှု လှိုင်းလုံးနဲ့အတူ ပါဝင်ဖြည့်တင်းနိုင်တာကြောင့် အချိန်တိုအတွင်းမှာ လက်နက်တပ်ဆင်နိုင်မှု မြန်ဆန်တယ်လို့ သုံးသပ်ကြတာ ကြားရပါတယ်။ ဒါပေမယ့် လုံလောက်မှုအနေအထားအရကတော့ — ဗမာပြည်မဘက်မှာ အထူးလိုအပ်နေဆဲဖြစ်ပါတယ်။ ရန်သူ့လက်နက် ကိုယ့်လက်နက် လုပ်နိုင်တဲ့အနေအထားမျိုးတွေလည်း ခပ်စိပ်စိပ်တွေ့လာရလို့ လက်နက်ကိုင်တော်လှန်ရေးဟာ တဖြည်းဖြည်းချင်း ရှေ့ကို ခြေတစ်လှမ်းခြင်း တိုးလာနိုင်တာကို တွေ့ရပါတယ်။ ဒါ့အပြင် လူမျိုးစုလက်နက်ကိုင်အဖွဲ့ကြီးတွေဆီက လက်နက်အထောက်အပံ့ ကောင်းစွာရရှိခြင်းကလည်း — နွေဦးတော်လှန်ရေးရဲ့ လက်နက်ကိုင်တော်လှန်စစ်အတွက် အင်မတန် အားရဖွယ်ရဖြစ်ပါတယ်။သို့သော်လည်း လက်နက်အထောက်အပံ့ဟာ – အကန့်အသတ် ဘောင်ထဲမှာပဲ ရှိနေပါသေးတယ်။

⦿ လောလောဆယ်အားဖြင့် — မြန်မာစစ်တပ်ဟာ လက်နက်ခဲယမ်းမီးကျောက် ထုတ်လုပ်သိုလှောင်နိုင်မှုမှာ လုံလောက်ပြည့်စုံတယ်လို့ ပြောနိုင်ပေမယ့် — ရှေ့တန်းစစ်မြေပြင်တွေကို ခဲယမ်းမီးကျောက် ထောက်ပို့ရေးလမ်းကြောင်းတွေမှာ တဖြည်းဖြည်းအကျပ်အတည်း ဆိုက်လာတာကို တွေ့ရပါတယ်။ ဒါတွေဟာ — ခုခံတော်လှန်စစ်အောင်ပွဲ တအိအိနဲ့ ရှေ့တိုးလာနိုင်ခြင်းရဲ့အကျိုးဆက်လို့ ပြောလို့ ရပါတယ်။ စစ်ကောင်စီရဲ့ အင်အားတွေဟာ နိုင်ငံအနှံ့အပြားကို ခွဲဖြန့်ချထားရတာဖြစ်လို့၊ စစ်ကောင်စီရဲ့ အင်အားတွေကလည်း ပျံ့နေပါတယ်။ တစ်နေရာတည်းမှာ အုံလိုက်ကျင်းလိုက် ထိုးစစ်ဆင် တိုက်ခိုက်နိုင်ဖို့အတွက်အခက်အခဲရှိနေပါတယ်။

⦿ သပိတ်စုံ သူပုန်ထ လမ်းစဉ်

လက်ဝဲနည်းအရ သပိတ်စုံ သူပုန်ထ လမ်းစဉ်ဟာ လက်တွေ့အားဖြင့် အကျိုးရလဒ် ပြလာတာကိုလည်း တွေ့ရပါတယ်။ တစ်နိုင်ငံလုံးအနှံ့ လက်နက်ကိုင် သူပုန်ထနေခြင်းဟာ — စစ်ကောင်စီရဲ့ အင်အားတွေကို တစ်နေရာတည်းမှာ မစုစည်းနိုင်အောင် လုပ်ထားသလို‌ ဖြစ်နေပါတယ်။ မြန်မာစစ်ခေါင်းဆောင်တွေအနေနဲ့ တချို့သော စစ်ဒေသတွေမှာ ယာယီအပစ်အခတ်ရပ်စဲပြီး သူ့ရဲ့တပ်အင်အားကို အရွှေ့အပြောင်း လုပ်ချင်သော်လည်း၊ အခွင့်မသာတာကို တွေ့ရပါတယ်။ စစ်ကောင်စီက ပိုင်ဆိုင်ထားတဲ့တိုက်ခိုက်ရေးစစ်သည်အင်အားဟာလည်း တဖြည်းဖြည်းနဲ့ စွမ်းရည်အားဖြင့် ယုတ်လျော့ကျဆင်းလာတာကို တွေ့ရတယ်။နယ်မြေကျွမ်းကျင်မှုမှာလည်း တပ်အရွှေ့အပြောင်းတွေ ခပ်စိပ်စိပ်လုပ်လို့ နယ်မြေပိုင်စိုးမှုမှာ အားနည်းချက်တွေ ရှိလာတယ်။ဒါ့အပြင် အောက်ခြေမြေပြင် စစ်ရေးခေါင်းဆောင်မှုအပိုင်းမှာလည်း လျော့ရွဲမှုတွေ ဖြစ်လာတယ်။ ဒါ့အပြင် တိုက်ပွဲဖြစ်လာချိန်မှာ နောက်ကွယ်ကနေ စစ်ကူပေးနိုင်မှုကလည်း အကန့်အသတ်နဲ့ ရှိလာတာတွေ့ရတယ်။ ပိုပြီး ဆိုးရွားတာကတော့ စိတ်ဓာတ်ပိုင်းဆိုင်ရာ ညံ့ဖျင်းလာခြင်းရဲ့ အကျိုးဆက်တွေကို မြန်မာစစ်တပ်က အခုအချိန်မှာ လှိမ့်ပိန့်ခံနေရတာတွေ့ရပါတယ်။

⦿ ဘောကျော့ဖြစ်လာတဲ့ စစ်ဗိုလ်တွေ

စစ်ဗိုလ်တွေဟာ ဘောကျော့ဖြစ်လာပြီး အချောင်နေ အချောင်စားအကျင့်ကို မဖျောက်နိုင်တာကြောင့် — တကယ့်စစ်ပွဲထဲမှာတိုက်ခိုက်ရေးစွမ်းရည်နဲ့ စစ်ရေးခေါင်းဆောင်မှု စွမ်းရည် ညံ့ဖျင်းလာတာကို တွေ့ရပါတယ်။ ဒါ့အပြင် — မြန်မာစစ်တပ်ထဲမှာတိုင်းပြည်ချစ်စိတ်နဲ့ တိုင်းပြည်ကို ကာကွယ်လိုစိတ်ကို အခြေခံပြီး စစ်ဗိုလ်လုပ်တဲ့သူတွေ အလွန့်အလွန် နည်းပါးလာတာဟာစစ်တပ်အင်စတီကျူးရှင်း ရေရှည် ကြံ့ခိုင်နိုင်မှုမှာ အားနည်းချက်ဖြစ်လာပါတယ်။ ဒါ့အပြင် ရှေ့တန်းက ပြန်လာတဲ့ စစ်ဗိုလ်ဟာရပ်ထဲရွာထဲမှာ ထင်ထင်ပေါ်ပေါ် မနေနိုင်တော့တာ။ အကယ်၍ ရှေ့တန်းမှာ တိုက်ပွဲကျရင်တောင် — စစ်ဗိုလ်အမည်မခံဝံ့ဘဲအသုဘချနေရတာဟာ — လက်ရှိ မြန်မာစစ်တပ်ရဲ့ ဂုဏ်သိက္ခာ ကျဆင်းမှုကို အထူး ပြသနေပါတယ်။

စစ်ကောင်စီက ဘယ်လိုပဲ အားနည်းချက်တွေ တဖြည်းဖြည်းနဲ့ များပြားလာသည်ဖြစ်စေ၊ နွေဦးတော်လှန်ရေးရဲ့ လက်နက်ကိုင်တော်လှန်မှုမှာ အောင်ပွဲရဖို့အတွက် အင်အားဖြည့်တင်းစရာတွေ အများကြီး ကျန်နေပါသေးတယ်။ ဒါ့အပြင် နောက်ထပ် ၂၀၂၄နဲ့ ၂၀၂၅ လောက်အထိ — စစ်ရေးအရှိန်ကို တဖြည်းဖြည်းနဲ့ မြှင့်တင်နိုင်အောင် ကိုယ်ခံအားဖြည့်ဖို့ လိုအပ်နေပါသေးတယ်။

⦿ ၂၀၂၅ မှ အဆုံးအဖြတ်နှစ်ရယ်လို့ ဖြစ်နိုင်

၂၀၂၃ ခုနှစ်ကတော့ အဆုံးအဖြတ်နှစ် မဖြစ်သေးပါဘူး။ ၂၀၂၅ ခုနှစ်ကျမှသာလျှင် အဆုံးအဖြတ်နှစ်ဖြစ်လာနိုင်ဖွယ် ရှိပါတယ်။ အကြောင်းကတော့ — လောလောဆယ်အားဖြင့် ရနိုင်သလောက် ပြောက်ကျားနည်းနဲ့ ခုခံတော်လှန်တာတွေအမြောက်အမြား ရှိနေသလို၊ ရံဖန်ရံခါ ထိုးစစ်နဲ့ ချေမှုန်းစစ်တွေ အောင်ပွဲရနေပေမယ့် — စစ်ကောင်စီရဲ့ ဗဟိုချက်မကို အပြိုဖြိုလှဲနိုင်ဖို့အတွက် ကိုယ်စီကိုယ်စီ နောက်ကွယ်ကနေ အားဖြည့်တည်ဆောက်ရမှာတွေ ရှိနေပါသေးတယ်။ အဲဒါကိုလည်း ယခု၂၀၂၃ ခုနှစ်မှာ ဆိုင်ရာဆိုင်ရာ ကဏ္ဍတွေက ကိုယ်စီ လုပ်ဆောင်နေကြသလို၊ ၂၀၂၄ နဲ့ ၂၀၂၅ ခုနှစ်တွေမှာလည်း လက်နက်ခဲယမ်းမီးကျောက်ဖြည့်တင်းရေး လုပ်ငန်းတွေကို စနစ်တကျ လုပ်နေရအုံးမှာ ဖြစ်ပါတယ်။ ဒီလို အားဖြည့်မှုဟာ တစ်စုံတစ်ရာအတိုင်းအတာအထိ ပီပြင်ပြီးမှသာ — ဗဟိုရဲ့ အရှိုက်ကို ထိုးနှက်နိုင်မယ့် ပွဲသိမ်းရိုက်ချက်မျိုးက ဖြစ်လာနိုင်ဖွယ်ရှိပါတယ်။

လောလောဆယ်အားဖြင့်တော့ — လက်နက်ကိုင်ခုခံတော်လှန်စစ်ဟာ တအိအိနဲ့ ရှေ့ကို တစ်လှမ်းချင်း တိုးပြီး စစ်ကောင်စီရဲ့လည်မြိုကို တင်းသထက် တင်းအောင် ညစ်နိုင်ဖို့သာ အားထုတ်နေရတဲ့ အခြေအနေမှာ ရှိနေကြောင်း တင်ပြလိုက်ရပါတယ်ခင်ဗျား…..။

မင်းသေ့
ည ၉း၁၅
၂ ၊ ဇူလိုင်၊ ၂၀၂၃။