လီဗာပူးဆီ ပြောင်းခွင့်ရလို့ ပျော်နေတဲ့ ဆက်ဇိုဘော့ဇ်လိုင်

ဇူလိုင်၊ ၃

သမိုင်းကြောင်း ထည်ဝါတဲ့ ကလပ်အသင်း တခုနဲ့ စာချုပ်ခွင့် ရခဲ့တဲ့အတွက် ပြောမပြတတ်အောင် ဝမ်းသာမိတယ်လို့ လီဗာပူး ကစားသမားသစ် ဒေါမနစ် ဆက်ဇိုဘော့ဇ်လိုင်က ပြောကြားခဲ့ပါတယ်။

အသက် ၂၂ နှစ်အရွယ် ဟန်ဂေရီ လက်ရွေးစင် ကွင်းလယ် တိုက်စစ်သမားအတွက် စာချုပ်ဖျက်သိမ်းကြေး ယူရို သန်း ၇၀ ထိ ပေးချေပြီး လီဗာပူးက ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။ ဂျာမန်ကလပ် လိုက်ပ်ဇစ်ကနေ ပြောင်းရွှေ့လာတဲ့ ဆက်ဇိုဘော့ဇ်လိုင်ဟာ အခု အပြောင်းအရွှေ့ စျေးကွက် ကာလမှာ အလက်ဆစ် မက်အယ်လစ္စတာအပြီး လီဗာပူးရဲ့ ဒုတိယမြောက် အားဖြည့်မှုလည်း ဖြစ်လာပါတယ်။

လီဗာပူးမှာ ဂန္ထဝင် အသင်းခေါင်းဆောင်ဟောင်း စတီဗင်ဂျရတ်ရဲ့ ကျောနံပါတ် ၈ ဂျာစီကို ဝတ်ဆင်သွားမယ့် ဆက်ဇိုဘော့ဇ်လိုင်က ပြီးခဲ့တဲ့ သုံးလေးရက်တာ ကာလမှာ သူဟာ စိတ်မရှည်ခြင်းတွေနဲ့ မရိုးမရွ ဖြတ်သန်းခဲ့ရကြောင်း၊ ဒါပေမဲ့ အဆုံးမှာတော့ လီဗာပူးကို ပြောင်းရွှေ့ခွင့် ရခဲ့တဲ့အတွက် အရမ်းဝမ်းသာမိသလို အသင်းသစ်နဲ့အတူ ပွဲထွက်ကစားဖို့ မစောင့်နိုင်အောင် ဖြစ်နေမိကြောင်း ပြောကြားခဲ့ပါတယ်။

သမိုင်းကြောင်း ထည်ဝါ ခမ်းနားလှတဲ့ အသင်းတခုမှာ ထူးချွန်တဲ့ မန်နေဂျာတယောက်၊ ထက်မြက်တဲ့ ကစားသမားတွေနဲ့ အတူတွဲ အလုပ်လုပ်ရမှာကို တွေးပြီး စိတ်လှုပ်ရှားနေမိကြောင်း၊ သူ့ဘဝအတွက်တော့ တိုးတက်မှုတွေကို ရှာဖွေရာမှာ လီဗာပူးဟာ အသင့်တော်ဆုံး ရွေးချယ်မှု ဖြစ်ခဲ့သလို အသင်းစုဖွဲ့ပုံ၊ အားကစားကွင်း၊ ပရိသတ်တွေ အရာရာက ကောင်းမွန်လွန်းနေကြောင်းလည်း ဟန်ဂေရီ အသင်းခေါင်းဆောင်က ဖွင့်ဟသွားပါတယ်။

အလွတ်တည်ကန်ဘောတွေမှာ ထူးချွန်သူ တဦးအဖြစ် သတ်မှတ်ခံရတဲ့ ဆက်ဇိုဘော့ဇ်လိုင်ဟာ ကွင်းလယ်မှာ နေရာစုံ ရွေ့လျား ကစားနိုင်စွမ်းမျိုးလည်း ရှိပါတယ်။ လီဗာပူးဟာ အခုရာသီမှာ ကွင်းလယ် ကစားသမား တချို့နဲ့ လမ်းခွဲခဲ့တဲ့နောက် အသင်းမန်နေဂျာ ယာဂင်ကလော့ပ်က ကွင်းလယ် စုဖွဲ့မှုကို ပုံစံသစ်နဲ့ ပြန်လည် တည်ဆောက်ဖို့အတွက် ပြင်ဆင်နေတာ ဖြစ်ပါတယ်။

 

Ref: ESPN