ALP ပါတီဒုဥက္ကဌနဲ့ တပ်ရင်းမှူးတို့ ပစ်ခတ်ခံရမှုစွပ်စွဲချက် အခြေအမြစ်မရှိလို့ AA တုန့်ပြန်

ဇူလိုင်၊ ၂
 
ရခိုင်ပြည်နယ်၊ မြို့တော်စစ်တွေမှာ ဇူလိုင်လ ၁ ရက် မနေ့က နေ့ခင်းပိုင်းက ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP/ALA) ပါတီဒုဥက္ကဌနဲ့ တပ်ရင်းမှူးတွေ ပစ်ခတ်ခံရလို့ သေဆုံးသွားမှုဟာ ရက္ခိုင့်တပ်တော် ULA/ AA က လုပ်ဆောင်တာဖြစ်တယ်လို့ ALP ပါတီက ဒီကနေ့ စွပ်စွဲထုတ်ပြန်လိုက်ပါတယ်။
 
“ သူတို့ဘက်က လုပ်ကြံသတ်ဖြတ်ဖို့အတွက် ဝင်လာတယ်။ ဒီရောက်နေတယ်ဆိုတဲ့ သတင်းတွေ ကျနော်တို့ဆီမှာ သတင်းရထားတာ ရှိပါတယ်။ သူတို့လုပ်သွားတယ်ဆိုတာ ကျနော်ဆီမှာ သတင်းပြန်ရတာပေါ့ “ လို့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP/ALA) အတွင်းရေးမှူးရုံးအဖွဲ့က ပြောခွင့်ရှိသူက DNA ကိုပြောပါတယ်။
 
ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP/ALA)မှ ဒုတိယဥက္ကဌ ခိုင်နီရောင်၊ ALA အမှတ် (၁၀၁) တပ်ရင်းမှ တပ်ရင်းမှူး ခိုင်ကျော်မင်း နဲ့ တပ်သား ကျော်ကျော်နိုင် တို့ သုံးဦးအား စစ်တွေတက္ကသိုလ်အရှေ့မှာ AA အဖွဲ့က လုပ်ကြံချောင်းမြောင်း ပစ်ခတ်သွားတာလို့ ထုတ်ပြန်ထားပါတယ်။
 
“ သူတို့က ကြိုတင်ကြံစည်မှုနဲ့ စောင့်ဆိုင်း ပစ်ခတ်တာပေါ့။ ကားကို အဓိကထား ပစ်သွားတယ်။ သုံးဦး ကျတယ် သုံးဦး ထိခိုက်ဒဏ်ရာ ရတယ်။ ကားပေါ်က သုံးဦးပါတယ်။ ကျန်တာက ဆိုင်ကယ်နဲ့ ပါလာတာပေါ့။ အခုလိုမျိုး မိုခါကယ်ဆယ်ရေးအတွက် ရုန်းကန်နေရချိန် ရခိုင်ချင်း သဘောထားသေးသိမ်ပြီးတော့ သတ်ဖြတ်နေတာကတော့ ရှက်ဖွယ်ကောင်းပါတယ် “ လို့ ALP အတွင်းရေးမှူးရုံး အဖွဲ့ ပြောခွင့်ရသူက ဆိုပါတယ်။
 
ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး မိုခါမုန်တိုင်းကယ်ဆယ်ရေးကိစ္စများအတွက် ဥက္ကဌရုံးမှ အစည်းအဝေးပြုလုပ်၍ အပြန် ရခိုင်ပြည်နယ် စစ်တွေမြို့ စစ်တွေတက္ကသိုလ်ကျောင်းရှေ့အရောက်မှာ (ULA/AA) က ရည်ရွယ်ချက်ရှိရှိ လုပ်ကြံချောင်းမြောင်း ပစ်ခတ်သတ်ဖြတ်သွားတာလို့ ထုတ်ပြန်ထားပါတယ်။
 
ဒါ့အပြင် ရခိုင်ပြည်နယ် ရခိုင်လူမျိုးများအကျိုးအတွက် လက်နက်ကိုင်ခဲ့ကြတဲ့ အဖွဲ့အစည်းများ အချင်းချင်းကြားမှာ (ULA/AA)မှ စဉ်ဆက်မပြတ်ပြုမူခဲ့တဲ့ ယခုလိုအပြုအမူမျိုးဟာ အလွန်ယုတ်ညံ့တဲ့ မလုပ်သင့်မလုပ်အပ်တဲ့ အပြုအမူဖြစ်ပြီး ပြင်းထန်စွာရှုတ်ချတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါသေးတယ်။
 
ULA/AA ပြောခွင့်ရသူ ဦးခိုင်သုခ ကတော့ အခုထုတ်ပြန်ချက်ဟာ လုံးဝအခြေအမြစ်မရှိတဲ့ စွပ်စွဲချက်ဖြစ်ပြီး ပတ်သတ်မှုလည်း လုံးဝ မရှိတဲ့အကြောင်း ဒေသတွင်းသတင်းဌာနတခုဖြစ်တဲ့ Narinjara သတင်းဌာနကို ပြောကြားထားပါတယ်။
 
” ဒါကတော့ လုံးဝအခြေအမြစ်မရှိတဲ့ စွပ်စွဲချက်ပဲဖြစ်တယ်။ ဒီကိစ္စက ကျနော်တို့ ULA/AA နဲ့ပတ်သက်မှု လုံးဝ (လုံးဝ) မရှိပါ။ သူတို့ ALP ပါတီတွင်းက အကွဲအပြဲတွေ၊ တဘက်နဲ့တဘက် မကျေနပ်မှုတွေကြောင့် အခုလို ကိစ္စတွေ ဖြစ်လာတာလို့ သုံးသပ်ပါတယ်။ နောက်တခုကတော့ ALP အဖွဲ့ဝင်တွေဟာ စစ်တွေ‌မြို့ထဲမှာ ပြည်သူတွေကို မတရားဖမ်းဆီး နှိပ်စက်အနိုင်ကျင့်မှုတွေ၊ ပြန်ပေးဆွဲငွေညှစ်မှု စတဲ့ရာဇဝတ်မှုတွေကို တောက်လျှောက်ကျူးလွန်နေတဲ့အတွက် စစ်တွေ ဒေသခံတွေကြားမှာလည်း မကျေနပ်မှုတွေ အများကြီးရှိနေကြတယ်။ ဒါတွေကြောင့်လည်း တယောက်ယောက်က လက်တုံ့ပြန်တာမျိုး ဖြစ်နိုင်တယ်လို့ သုံးသပ်ပါတယ် ” လို့ ဦးခိုင်သုခက ဆိုပါတယ်။
 
၁၉၆၇ ခုနှစ်၊ ဧပြီလ ၉ ရက်မှာ စတင်ဖွဲ့စည်းခဲ့တဲ့ ALP ဟာ ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလမှာ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် NCA ကို လက်မှတ်ရေးထိုးခဲ့တဲ့ အဖွဲ့ရှစ်ဖွဲ့မှာ ပါဝင်ပါတယ်။
 
စစ်ကောင်စီ ပူးပေါင်းဆောင်ရွက်မှုတွေ ရှိတဲ့ ဒေါ်စောမြရာဇာလင်း ဦးဆောင်တဲ့ ALP ပါတီဝင်တွေ ဖြစ်တဲ့ စစ်ဦးစီးချူပ်နဲ့ တပ်ရင်းမှူးဟောင်းတဦးကလည်း ပြီးခဲ့တဲ့ ဇန်နဝါရီလတုန်းက ယခုလိုပဲ ပစ်ခတ်ခံရလို့ သေဆုံးခဲ့ပါသေးတယ်။
 
အဲဒီတုန်းကလည်း ALP က AA က လုပ်ဆောင်တယ်လို့ စွပ်စွဲခဲ့ပေမယ့် AA ကတော့ သူတို့လက်ချက်မဟုတ်တဲ့အကြောင်း ငြင်းဆိုခဲ့ပါတယ်။
 
ဓာတ်ပုံ – CJ