လက်ပံတန်းရဲစခန်းနဲ့ လောင်းကစားဝိုင်း တိုက်ခိုက်ခံရပြီး ရဲနှစ်ဦးအပါအဝင် ၄ ဦးသေဆုံး၊ စစ်တပ်က အိမ်ပေါက်စေ့လိုက်စစ်နေ

ဇူလိုင်၊ ၂
 
ပဲခူးတိုင်း အနောက်ခြမ်း သာယာဝတီခရိုင်ထဲက လက်ပံတန်းမြို့မှာရှိတဲ့ ဇီးဖြူကုန်း တိုက်နယ်ရဲစခန်း နဲ့ လောင်းကစားဝိုင်းကို မနေ့ဇူလိုင် ၁ ရက် ညပိုင်းမှာ အချိန်ခြား တိုက်ခိုက်ခဲ့တာကြောင့် ရဲတပ်သား နှစ်ဦး အပါအဝင်လေးဦး သေဆုံးခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
ဇီးဖြူကုန်း တိုက်နယ်ရဲစခန်းနဲ့ ဇီးဖြူကုန်း ဘူတာ အနီးမှာရှိတဲ့ ပျူစောထီးနဲ့ ရဲတပ်သား တွေ ရှိရာ လောင်ကစားဝိုင်း ကို မနေ့ကဇွန်လ ၁ ရက်နေ့ ည ၁၀ နာရီမှာ ဆက်တိုက် တိုက်ခိုက်ခဲ့ တယ်လို့ သာယာဝတီခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတဦးက ပြောပါတယ်။
 
” မနေ့က ည ၁၀ နာရီမှာ ဇီးဖြူကုန်းရဲစခန်းကို တိုက်တာ ရဲစခန်းကတော့ မထိဘူးပေါ့ဗျာ။ သူတို့ ဘန်ကာတွေ ကာထားတော့ လောင်းကစားဝိုင်းကို ပစ်တာကျတော့ ရဲ ၂ ယောက်နဲ့ ပျူ နှစ်ယောက်ကျတယ်။ ရဲတပ်သား သန်းဇော်ဦး လည်း ကျည်ထိတယ်၊ ကျွန်တော်တို့ ရဲဘော်တွေလည်း မြင်တယ် ” လို့ သာယာဝတီခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က တာဝန်ရှိသူက DNA ကိုပြောပါတယ်။
ဒီဖြစ်စဉ်အပြီးမှာ စစ်ကောင်စီတပ်တွေက မြို့အဝင်အထွက်နဲ့ ရဲစခန်း ပတ်ချာလည်မှာ စစ်ဆေးရေးတင်းကြပ်နေသလို အနီးက နေအိမ်တွေကိုလည်း အိမ်ပေါက်စေ့ လိုက်စစ်နေတယ်လို့လည်း မြို့ခံတွေက ဆိုပါတယ်။
” လက်ပံတန်းကို ထွက်တဲ့ ဂိတ်မှာလည်း ဂိတ်နှစ်ခု ချထားတယ်။ ဈေးနဲ့ ရဲစခန်းနားမှာလည်း စစ်သားတွေ များတယ်။ အိမ်စေ့လိုက်စစ်တယ်၊ ဆိုင်ကယ်တွေကို အိပ်ဇောတွေပါ လိုက်စမ်းနေတယ်။ ဖမ်းဆီးခံရတာတော့ မရှိသေးဘူး ” လို့ မြို့ခံတဦးက ပြောပါတယ်။
တိုက်ခိုက်ခံရတဲ့ ရဲနဲ့ ပျူအလောင်းတွေကိုတော့ ဒီနေ့မနက်ပိုင်းမှ စစ်ကောင်စီတပ်က စစ်ကား ၆ စီးနဲ့အတူ လူနာယာဥ်တွေနဲ့ လာရောက်သယ်ဆောင်သွားပြီး ဇီးဖြူကုန်း တိုက်နယ်ဆေးရုံကို ပို့လိုက်တယ်လို့ သိရပါတယ်။
” ကျွန်တော်တို့ အနေနဲ့ ဒီနှစ်ထဲမှာ စစ်ရေးအရှိန်မြှင့်သွားဖို့ရှိတယ်၊ ဒါကြောင့် ပြည်သူတွေ အနေနဲ့ စစ်ကောင်စီတပ်တွေနဲ့ နီးနီးကပ်ကပ် မနေဖို့နဲ့ သူတို့နားမှာ သွားလာခြင်း မပြုဖို့ ထပ်ပြီး သတင်းပေးချင်ပါတယ် ” လို့ သာယာဝတီခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူက ဆိုပါတယ်။