ခင်ဦးမှာ စစ်ကြောင်းထိုးလာချိန် ကြောက်လန့်ထွက်ပြေးသူတဦးပစ်ခတ်ခံရ

ဇူလိုင် ၊ ၂

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်အနောက်တောင်ဘက်ခြမ်း၊ အောင်ချမ်းသာကျေးရွာမှာ ဇူလိုင် ၂ ရက် ဒီကနေ့ မနက်ပိုင်းက  စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးလာချိန် ကြောက်လန့်ထွက်ပြေးမိခဲ့တဲ့ အရပ်သားတဦးကို  စစ်ကောင်စီတပ်သားတွေက ဖမ်းဆီးပစ်ခတ်ခဲ့ပြီး အရပ်သားတဦးလက်နက်ကြီးစထိမှန်ခဲ့တယ်လို့ ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးထံက သိရပါတယ်။

“ထုံးစံအတိုင်း စစ်ကြောင်းဝင်လာတော့ ဒေသခံတွေက ပြေးကြရှောင်ကြတာပေါ့။ အဲဒီအချိန်မှာ အသက် ခြောက်ဆယ်ကျော် အဖိုးတယောက်က သူလဲထွက်ပြေးတဲ့အထဲပါတာပေါ့။ သူပြေးတဲ့အချိန် စစ်ကောင်စီတပ်တွေက မပြေးနဲ့လို့ပြောတယ်၊ သူလည်း ကြောက်ကြောက်နဲ့ပြေးတဲ့အခါ နောက်ကနေလိုက်ပြီးတော့ ဖမ်းတယ်။ မိသွားတော့ ပြေးချင်ဦးဆိုပြီးတော့ ဘယ်ဘက်ပေါင်ကို သေနတ်နဲ့တေ့ပစ်ပြီး ကောက်ရိုးပုံမှာ မီးရှို့သတ်ပစ်မယ်လုပ်တဲ့အချိန် ဒေသကာကွယ်ရေးအဖွဲ့တွေက အပြင်မှာမိုင်းဆွဲလိုက်တဲ့အခါမှာ သူတို့(စစ်ကောင်စီတပ်နဲ့ပျူစောထီးအဖွဲ့)လည်း နောက်ပြန်ဆုတ်သွားကြတယ်”လို့ ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ကိုနေသူရက DNA ကို ပြောပါတယ်။

ခင်ဦးမြို့နယ်အနောက်ဖက်ခြမ်း အင်းပတ်ကွေ့မှာ အထိုင်ချတပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ ရွာသစ်ကုန်းရွာက ပျူစောထီးအင်အား သုံးဆယ် ဝန်းကျင်ခန့်ဟာ ဒီကနေ့ မနက် ၆ နာရီဝန်းကျင်ခန့်က အောင်ချမ်းသာ(ခ) ချမ်းသာကုန်းကျေးရွာကို စတင်ဝင်ရောက်ခဲ့တာဖြစ်ပါတယ်။

အဲဒီလိုဝင်ရောက်ချိန်မှာအရပ်သားလေးဦးကို ဖမ်းဆီးခဲ့သလို အသက် ၆၁ နှစ်အရွယ် ဦးသန်းဝင်းကိုလည်း ဘက်ဘက်ပေါင်ကို သေနတ်နဲ့တေ့ပစ်ပြီး ကောက်ရိုးပုံနှစ်ခုကြား ထည့်ပြီး မီးရှို့ဖို့ကြိုးစားခဲ့တယ်လို့လည်း ခင်ဦးသတင်းမှန်ပြန်ကြားရေးက ဖော်ပြထားပါတယ်။

“စစ်ကောင်စီတပ်က သေနတ်နဲ့ပစ်ခတ်သွားတဲ့ အောင်ချမ်းသာရွာက အသက် ၆၁ နှစ်အရွယ် ဦးသန်းဝင်းကတော့ ဆေးကုသမှုခံယူနေပါတယ်။ စိုးရိမ်စရာတော့ မရှိတော့ပါဘူး။ လက်နက်ကြီးစထိတဲ့သူကလည်း စိုးရိမ်စရာမရှိပါဘူး။ ဖမ်းဆီးခံရတဲ့သူတွေကတော့ အခု ပြန်လွတ်လာပါပြီ”လို့ ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးမှ ကိုနေသူရက ဆိုပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် အင်းပတ်ကျေးရွာက နွားနှစ်ကောင် သေဆုံးခဲ့ပြီး ငါးကောင်ခန့်ဒဏ်ရာရရှိခဲ့တယ်လို့ ခင်ဦးသတင်းမှန်ပြန်ကြားရေးက သတင်းထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် ခင်ဦီးမြို့နယ်အရှေ့မြောက်ဘက်မှာလည်း စစ်ကောင်စီတပ်ရဲ့ နောက်ထပ် စစ်ကြောင်းတခုက ကျေးရွာတွေထဲကို လက်နက်ကြီး၊လက်နက်ငယ်တွေပစ်ခတ်ပြီး ဝင်ရောက်နေတာကြောင့် ဒေသခံပြည်သူထောင်နဲ့ချီကာ စစ်ဘေးတိမ်းရှောင်နေကြရပါတယ်။

“လောလောဆယ်မှာ ကျွန်တော်တို့နဲ့တိုက်ပွဲဖြစ်တာတော့ မရှိသေးပါဘူး။ သူတို့ရှိတဲ့နေရာကို(စစ်ကောင်စီတပ်) ဒရုန်းနဲ့ဗုံးသီးချတာတွေရှိတယ်။ သူတို့လာတဲ့လမ်းကြောင်းတွေမှာ မိုင်းထောင်ပြီးဆွဲတာတွေတော့ရှိတာပေါ့။ အခု ခင်ဦီးအရှေ့ဘက်ခြမ်းကိုရောက်နေတဲ့ စစ်ကြောင်းက ကြာနေပြီဗျ။ မနေ့ညတုန်းက အိုက်ပေါက်ကြီးရွာကို ညအိပ်တယ်၊ အခု မနက်ကျတော့ ယောက်သွားအိုင်ရွာကိုဝင်ပြီး မီးရှို့ပြီး ပြန်ထွက်လာတယ်”လို့ ခင်ဦးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ )တာဝန်ရှိသူတဦးက  DNA ကို ပြောပါတယ်။

လက်ရှိအချိန်မှာ ခင်ဦးမြို့နယ်အရှေ့ဖက်ခြမ်းက ကျေးရွာတွေကို စစ်ကောင်စီတပ်တွေက လက်နက်ကြီး၊ လက်နက် ငယ်တွေပစ်ခတ်ဝင်ရောက်ကာ စစ်ကြောင်းထိုးနေဆဲဖြစ်တယ်လို့ ဒေသခံတွေထံက စုံစမ်းသိရပါတယ်။

“အခုထိ တောထဲမှာပဲ နွားတွေလှည်းတွေနဲ့ပုန်းနေရတုန်း။ သူတို့က(စစ်ကောင်စီတပ်) ရွာကိုဝင်ရင် လက်နက်ကြီးတွေနဲ့ရမ်းပစ်တော့ သူတို့လာပြီဆိုတာနဲ့ အကုန်လုံးကြိုရှောင်နေကြရသာ။ နောက်ပြီးသူတို့ကစိတ်မထင်ရင် တွေ့တဲ့အိမ်တွေမီးရှို့သွားတာ မင်းတို့လည်းအသိသားပ။ နွေတုန်းကလည်း နွေမို့ နေပူကြီးထဲ စစ်ရှောင်ခဲ့ရပြီးပြီ။ အခုလည်း မိုးကကျနေပြီ ထပ်ရှောင်နေရတုန်း။ ဒီလိုသာ သူတို့က(စစ်ကောင်စီတပ်) ခဏခဏလာနေမယ်ဆို တို့တွေ ဘာအလုပ်မှမလုပ်နိုင်ဘဲ ဒုက္ခတွေရောက်ကုန်ကြတော့မှာပ”လို့ ခင်ဦးမြို့နယ်အရှေ့ခြမ်းမှ စစ်ဘေးရှောင်တောင်သူတဦးက DNA ကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန် ၂၄ ရက်ကလည်း ခင်ဦးနယ်အနောက်ခြမ်းရှိ တဲစုကျေးရွာထဲကို စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ရမ်းသမ်းပစ်ခတ်ခဲ့တာကြောင့် အသက် ၄၅ နှစ်အရွယ် အမျိုးသမီးတဦးသေဆုံးခဲ့ကာ အရပ်သား ရှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါသေးတယ်။

ဇွန် ၂၅ ရက်မှာလည်း ကံသာယာမြောက်ရွာမှာ စစ်ကောင်စီတပ်တွေက လက်နက်ကြီးတွေနဲ့ရမ်းသမ်းပစ်ခတ်ခဲ့တာကြောင့် ဒေသခံကာကွယ်ရေး ရဲဘော်တဦးကျဆုံးပြီး ငါးဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

စစ်တပ်ကအာဏာသိမ်းပြီးနောက် ခင်ဦးမြို့နယ်မှာ စစ်ကောင်စီတပ်တွေက ကျေးရွာတွေကို စစ်ကြောင်းထိုး လုယက်မီးရှို့ခဲ့တာကြောင့် ကျေးရွာပေါင်း ၇၆ ရွာမှ နေအိမ်ပေါင်း ခြောက်ထောင် ကျော် မီးလောင်ပြာကျခဲ့ပြီး မီးဘေးသင့်ပြည်သူ သုံးသောင်းကျော်ရှိကာ အကူအညီများလိုအပ်နေဆဲဖြစ်ကြောင်း ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။