ဇူလိုင်၊ ၁
စစ်ကိုင်းတိုင်း၊ ကောလင်းမြို့ပေါ် ကျော်ဇေယျာရပ်ကွက်အတွင်းက နေအိမ်တအိမ်ပေါ်ကို လက်နက်ကြီး ကျည် ကျ ရောက်ပေါက်ကွဲလို့ အသက် ရှစ်နှစ်အရွယ် ကလေးတဦးအပါအဝင် လေးဦးသေဆုံးသွားတယ်လို့ ဒေသခံတွေဆီ ကသိရပါတယ်။
ကောလင်းမြို့ အထွေထွေ အုပ်ချုပ်ရေးရုံးမှာ တပ်စွဲထားတဲ့ စစ်အုပ်စုက မနေ့က ဇွန်လ ၃၀ရက် ညသန်းခေါင် အ ချိန်မှာ လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်လို့ ကျော်ဇေယျာ ရပ်ကွက်ထဲကလူနေအိမ်နှစ်လုံးပေါ် လက်နက်ကြီး ကျည်တွေကျရောက် ပေါက်ကွဲခဲ့ တာလို့ ဆိုပါတယ်။
“အဲ့ရပ်ကွက်မှာ ရဲစခန်းလည်းရှိတယ်၊ချောင်းဘေးကနေအိမ်ပေါ်တည့်တည့်ကျလို့ သုံးယောက်သေတယ်၊ဘေးအိမ်ကကျတော့ ကျည်စင်တာပေါ့၊အဲအိမ်ပေါ်က အမျိုးသမီးတဦးလည်းသေသွားတယ်၊အကုန်လုံးပွဲချင်းပြီးဆုံးတာဗျ၊အသားစတွေဆို အိမ်နံရံတွေမှာတောင်ကပ်နေတယ်၊သူတို့ဘာသာရမ်းသမ်းပစ်တာပါ “ လို့ ဒေသခံ တဦးကပြောပါတယ်။
စစ်အုပ်စုရဲ့ လက်နက်ကြီးကြောင့် သေဆုံးသွားသူတွေဟာ ကျော်ဇေယျာရပ်ကွက် ဒေသခံတွေဖြစ်တဲ့ ဦးသာထူးနဲ့ ဒေါ်စန်းတို့ဇနီးမောင်နှံ၊ သူတို့ရဲ့ မြေးအိဖူးငုံ နဲ့ မဇာခြည်ထွေး ဆိုသူဖြစ်တယ်လို့ သိရပါတယ်။
ဇွန်လ ၃၀ ရက်နေ့ ည ၇ နာရီခန့်လောက်မှာ ကန့်ဘလူမြို့နယ်၊ ကိုးတောင်ဘို့ကျေးရွာက စစ်အုပ်စုအထိုင်စခန်းကိုကောလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ ကန့်ဘလူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ပူးပေါင်းပြီး ဝင်ရောက် တိုက်ခိုက်ခဲ့ပြီးနောက် မြို့ပေါ်က စစ်အုပ်စု က စစ်ကူပေးတဲ့အနေနဲ့ အခုလိုလက်နက်ကြီးတွေ နဲ့ ပစ်ခတ်ခဲ့ တာလို့ ဒေသခံတွေကဆိုကြပါတယ်။
လက်နက်ကြီးကြောင့် သေဆုံးသွားသူ လေးဦးရဲ့ရုပ်အလောင်းတွေကို စစ်တပ်က လာရောက်သယ်ယူသွားခဲ့ပြီး နှစ်ဦးကို ချက်ချင်းမီးရှို့သင်္ဂြိုလ်ခဲ့သလို ကျန်နှစ်ဦးကိုလည်း ရေခဲတိုက်ကိုပို့လိုက်တယ်လို့ သိရပါတယ်။
“ ဒီဘက်မှာ ဘာမှလည်း မရှိဘဲနဲ့ ဘာလိုရမ်းသမ်းပစ်တာလဲလို့မေးတော့ စခတွေက မင်းတို့ဘက်ကအရင်ပစ်လို့ငါတို့လည်းပစ်တာလို့ပြောတယ်ဗျ၊တကယ်ကဘာမှဒီဘက်မှာမရှိဘူး၊သူတို့ဘာသာရမ်းပစ်တာပါ၊ရုပ်အလောင်းတွေဆို ရစရာကိုမရှိဘူး၊ စုတ်ပြတ်နေတဲ့ အလောင်းတွေတောင်ပါတယ် “ လို့ ဒေသခံ တဦးကပြောပါတယ် ။